တရုတ်နိုင်ငံ၏ မဟာ အခြေခံအဆောက်အအုံစီမံကိန်း ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) ၏ အစိတ်အပိုင်းအဖြစ် နယ်စပ်မြို့ ကန်ပိုက်တီးတွင် စီးပွားရေးနယ်မြေစီမံကိန်း ထူထောင်ရန် ကချင်ပြည်နယ်လွှတ်တော် က ကြာသပတေးနေ့တွင် အတည်ပြုလိုက်သည်။
ကချင်ပြည်နယ် မြောက်ပိုင်း အထူးဒေသ ၁ မှ မြေ ၇၀ ဧကနီးပါး တွင် ၂၀၁၈ ခုနှစ်က အဆိုပြုထားသော ထို စီးပွားရေး ဇုန်ကို ထူထောင်မည်ဖြစ်သည်။ ထိုဒေသကို မြန်မာ့တပ်မတော်၏ မိတ်ဖက်ဖြစ်သော ဒီမိုကရေစီသစ်တပ်မတော်-ကချင်ပြည်နယ် (NDAK) ပြည်သူ့စစ်က ထိန်းချုပ်ထားသည်။
ခန့်မှန်းခြေ စုစုပေါင်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၂၂.၄ သန်းဖြစ်ပြီး ထိုစီမံကိန်းကို မြန်မာနိုင်ငံမှ ကန်ပိုက်တီး ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမီတတ်နှင့် တရုတ်နိုင်ငံယူနန်ပြည်နယ်မှ ယူနန်ထိန်ရင်း ကုန်သွယ်ရေးကုမ္ပဏီလီမီတတ်တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော မြန်မာ ဟိန်ယ ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးရေး ကုမ္ပဏီက အကောင်အထည်ဖေါ်မည်ဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားရေး ဦးစီးဌာန (DICA) ၏ အဆိုအရ NDAK ပြည်သူ့စစ်ကို တည်ထောင်သူ ဇခုံတိန့်ယိန်း၏ သားများသည် ကန်ပိုက်တီး ဖွံ့ဖြိုးတိုးတတ်ရေး ကုမ္ပဏီ၏ ဒါရိုက်တာများဖြစ်ကြောင်း သိရသည်။
၂၀၀၉ ခုနှစ်တွင် NDAK ကို အစိုးရ ကျောထောက်နောက်ခံပြု နယ်ခြားစောင့်တပ် (BGF) အဖြစ်ပြောင်းလဲခဲ့ပြီး အထူးဒေသ ၁ တွင် ကြီးမားသော သြဇာရှိနေဆဲဖြစ်သည်။
ယူနန်ထိန်ရင်း ကုန်သွယ်ရေးကုမ္ပဏီသည် ယူနန် ပေါင်ဆန်း ဟိန်ရီစက်မှုလုပ်ငန်းအုပ်စု၏ လက်အောက်ခံလုပ်ငန်းခွဲတခုဖြစ်သည်။ ယူနန် ပေါင်ဆန်း ဟိန်ရီ စက်မှုလုပ်ငန်းအုပ်စုသည် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် ယူနန် ထိန်းချုံး ဟုံယုံ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ (YTHYIC) ကိုလည်း ထူထောင်ထားသည်။ ထိုလုပ်ငန်းသည် သမိုင်းဝင် လီဒိုလမ်းမတလျှောက်ရှိ မြေဧက ၄၇၀၀ တွင် အမေရိကန်ဒေါ်လာ သန်း ၄၀၀ တန် မြစ်ကြီးနား စီးပွားရေးဇုန်ထူထောင်ရန် ကချင်ပြည်နယ်အစိုးရနှင့် ၂၀၁၈ ခုနှစ်က သဘောတူညီချက် လက်မှတ်ရေးထိုးထားသည်။ ထိုစီမံကိန်းသည် ပွင့်လင်းမြင်သာမှု မရှိသောကြောင့် ဝေဖန်ခံနေရသော လုပ်ငန်းလည်း ဖြစ်သည်။
ထိုတရုတ်ကုမ္ပဏီက ဖက်စပ်ကုမ္ပဏီ၏ ၇၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး မြန်မာကုမ္ပဏီက ၃၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ကြောင်း ပြည်နယ် ဘဏ္ဍာရေး၊အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်း ကပြောသည်။
ကချင်ပြည်နယ်အစိုးရ၏ အဆိုအရ စီမံကိန်းဒေသတွင်းမှ ပြည်သူများကို နေရာရွှေ့ပြောင်းရမည်ဖြစ်သော်လည်း အရေအတွက်မည်မျှ ထိခိုက်မည်ကို မသိရသေးပေ။
ထိုစီမံကိန်းနှင့် ပတ်သက်ပြီး စောင့်ကြည့်နေကြောင်း ဒေသခံလွှတ်တော်ကိုယ်စားလှယ် အိတ်ချ် လအောင်က ဧရာဝတီသတင်းဌာနသို့ပြောသည်။
“အဲဒီဒေသမှာ ဖွံ့ဖြိုးရေးစီမံကိန်းတွေလုပ်တာကို ကျနော်တို့ မဆန့်ကျင်ဘူး။ ဒါပေမယ့် စီမံကိန်း မစတင်ခင် ဒေသခံပြည်သူတွေနဲ့ စနစ်တကျ ညှိနှိုင်းဖို့ သူတို့ကို သတိပေးထားတယ်” ဟု သူပြောသည်။
ထို စီးပွားရေး ဇုန်သည် တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် (CMEC) သဘောတူညီချက်အရ ထူထောင်မည့် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဇုန် ၃ ခုအနက် တခုဖြစ်သည်။ CMEC သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံအလယ်ပိုင်းမန္တလေးကိုဖြတ်သန်းပြီး တောင်ဖက်တွင် ရန်ကုန်နှင့် အနောက်ဖက်တွင် ရခိုင်ပြည်နယ်မှ ကျောက်ဖြူအထူးစီးပွားရေးဇုန်အထိ ကျယ်ပြန့်သော စီမံကိန်းဖြစ်သည်။
၂၀၁၇ ခုနှစ်က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် BRI ညီလာခံတက်ရောက်ရန် ဘေဂျင်းသို့ သွားရောက်စဉ်အတွင်း မြန်မာအစိုးရက ထိုနယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဇုန်များ ထူထောင်ရန် သဘောတူညီခဲ့သည်။ ဘေဂျင်းနှင့် နေပြည်တော်တို့သည် CMEC အတွက် အချက် ၁၅ ချက်ပါသော နားလည်မှု စာချွန်လွှာကို ၂၀၁၈ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။
မြန်မာအစိုးရသည် နေပြည်တော်တွင် ကျင်းပသည့် ပထမအကြိမ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် ဗဟိုကော်မတီအစည်းအဝေးတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ နေရာသုံးခုကို အတည်ပြုပေးခဲ့သည်။ နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန်များကို ကန်ပိုက်တီးနှင့် ရှမ်းပြည်နယ်မှ မူဆယ်နှင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင် မြို့နယ်မှ ချင်းရွှေဟော်တို့တွင် ထူထောင်မည်ဖြစ်သည်။
နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် ဗဟိုကော်မတီ အစည်းအဝေးကို အောက်တိုဘာလက မြစ်ကြီးနားတွင် ကျင်းပသောအခါ ကန်ပိုက်တီးနယ်စပ်ဖြတ်ကျော် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုဇုန် အမည်ကို ကန်ပိုက်တီး စီးပွားရေးနယ်မြေ စီမံကိန်းအဖြစ် ပြောင်းလဲအမည်ပေးခဲ့သည်။
ထို စီးပွားရေး ဇုန်၏ ဇုန် (က) တွင် တောင်အာရှ-အရှေ့တောင်အာရှ ယဉ်ကျေးမှု ဥယျာဉ် ၁၂.၆၅ ဧက၊ ဇုန် (ခ) နှင့် (ဃ) တွင် ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးဇုန် ၈.၈ ဧကနှင့် ၁၂.၇ ဧက၊ ဇုန် (ဂ) တွင် နယ်စပ်စစ်ဆေးရေးဂိတ် ၅.၁ ဧကနှင့် ဇုန်(င)တွင် စီးပွားရေးဆိုင်ခန်းများ ၁.၆၅ ဧက ပါဝင်မည်ဖြစ်သည်။
ဦးဝေလင်း၏ အဆိုအရ ထိုဖက်စပ်ကုမ္ပဏီသည် နယ်စပ်စစ်ဆေးရေးဂိတ်၊ အစိုးရဝန်ထမ်းများအတွက် အိမ်ရာနှင့် စောင့်ဆိုင်းရန်နေရာတို့နှင့်ပတ်သက်သည့် ဇုန် (ဂ) ကို စတင်အကောင်အထည်ဖေါ်မည်ဖြစ်ကြောင်း သိရသည်။ အခြားဇုန်များကို တည်ဆောက်ရန် ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ကချင်ပြည်နယ်အစိုးရသည် ထိုစီမံကိန်းကို လွန်ခဲ့သောအပတ် ကြာသပတေးနေ့က သဘောတူခဲ့ကြောင်း ဧရာဝတီ သတင်းဌာနကသိရသည်။
“BRI ရဲ့အစိတ်အပိုင်းအဖြစ် တရုတ်နိုင်ငံက နယ်စပ်ဒေသတွေမှာ အဆင့်မြှင်တင်ဖို့ လုပ်နေတယ်။ ကျနော်တို့ကလည်း ကျနော်တို့ရဲ့ အခြေခံအဆောက်အအုံတွေကို အဆင့်မြှင့်တင်ဖို့ လိုနေတယ်” ဟု ဦးဝေလင်းပြောသည်။
ထိုစီမံကိန်းကို အကောင်အထည်ဖေါ်ရန် အစိုးရသည် အထက်ပါ ဖက်စပ်ကုမ္ပဏီနှင့် နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးရန် ပြင်ဆင်နေကြောင်း သူပြောသည်။ နားလည်မှုစာချွန်လွှာမူကြမ်းကို ပြည်ထောင်စုနှင့် ပြည်နယ် ရှေ့နေချုပ်ရုံးများသို့ လွန်ခဲ့သောနှစ်က တင်ပြထားသည်။
ပြည်နယ်အစိုးရသည် ထိုစီမံကိန်းကို စီမံကိန်းဘဏ်တွင် ထည့်သွင်းရန် အမျိုးသား စီးပွားရေး ညှိနှိုင်းမှု ကော်မတီ(NECC) သို့လည်း တင်ပြထားသည်။
၂၀၁၃ ခုနှစ်က စတင်သော BRI သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ နိုင်ငံခြားရေးမူဝါဒ စီမံကိန်းဖြစ်သည်။ ထိုစီမံကိန်းသည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန် လမ်းများ၊ ရထားလမ်းများနှင့် သင်္ဘောလမ်းကြောင်းများကို တရုတ်မှ ဗဟိုနှင့်တောင်အာရှ၊ အရှေ့အလယ်ပိုင်းနှင် ရုရှားကိုဖြတ်ပြီး ဥရောပအထိ နိုင်ငံပေါင်း အနည်းဆုံး ၇၀ တွင် တည်ဆောက်ရန် ရည်မှန်းထားသည်။
(Nan Lwin ၏ Kachin State Approves Chinese-Backed Business Park in Border Town ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
မော်လမြိုင်၊ ဖားအံ၊ မြဝတီ အဆင့်မြှင့်မည
ကိုရိုနာဗိုင်းရပ်ကြောင့် တရုတ် ပိုးလမ်းမစီမံကိန်း အရှိန်လျော့ကျ
ကိုရိုနာဗိုင်းရပ်သစ်ကြောင့် တရုတ်စီးပွားရေး ခေါင်းအကြီးအကျယ်ကိုက်နေ