လာမည့် မေလတွင် ပြောင်းလဲ သတ်မှတ်ရမည့် အနည်းဆုံးလုပ်ခလစာကို ၄ လ တာ နောက်ဆုတ် ရွှေ့ဆိုင်းပေးရန် စီပွားရေး လုပ်ငန်းရှင်များက တောင်းဆိုလိုက်သည်။
တရုတ်ပြည်မှ စတင်ဖြစ်ပွားခဲ့သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ COVID-19 (ကိုရိုနာဗိုင်းရပ်စ်) ကြောင့် တရုတ်နိုင်ငံမှ ကုန်ကြမ်းများ ဝင်ရောက်မှု မရှိ၍ ပြည်တွင်းအထည်ချုပ် စက်ရုံများ ကုန်ကြမ်းပြတ်လပ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။ ထိုအခြေအနေများကြောင့် ရွှေ့ဆိုင်းမှုကို တောင်းဆိုကြခြင်း ဖြစ်သည်။
ကိုရိုနာဗိုင်းရပ် ဖြစ်ပေါ်နေမှုကြောင့် လုပ်ငန်းများတွင် ဖြစ်ပေါ်နိုင်သော အခက်အခဲများကို ကုန်သည်စက်မှုအသင်းချုပ် UMFCCI မှ ဦးဆောင်၍ နိုင်ငံတကာ အဖွဲ့များနှင့် လုပ်ငန်းရှင် တစ်ရာကျော်တို့က ယနေ့တွင် UMFCCI တွင်တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ကုန်သည်စက်မှုအသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေး က “အထည်ချုပ်တွေက ကုန်ကြမ်းတွေ မလာဘူး။ မလာတော့ မချုပ်နိုင်ကြဘူး။ မချုပ်နိုင်တော့ မတ်လ လလယ်လောက်ဆိုရင် ကုန်တွေပြတ်မယ်။ အော်ဒါဘယ်လောက် ရှိရှိ ကုန်ကြမ်းမရှိတော့ ဘာမှ လုပ်လို့မရဘူး။ ကံကောင်းထောက်မရင် မတ်လကုန်ဆို ပစ္စည်းရောက်တန်ရင် ရောက်မယ်” ဟုဆိုသည်။
ဆက်လက်ပြီး ၎င်းက “ရောက်မယ်ဆိုရင် ဧပြီလက သင်္ကြန်လည်းရှိတယ်။ ပိတ်ရက်တွေက အရမ်းများတော့ ပစ္စည်းလည်း ထုတ်တော့မယ်ဆိုမှ သင်္ကြန်ပိတ်ရက်တွေနဲ့ ပြန်ခံသွားတယ်။ ဘာမှအလုပ်မဖြစ်ဘူး။ အဲဒီတော့ သူတို့လည်း တော်တော်လေး ဒုက္ခရောက်မှာ ဖြစ်တဲ့အတွက် အလုပ်သမား အနိမ့်ဆုံး လုပ်ခလစာကို ဒီနှစ်ကုန်မှာ လုပ်ဖို့ကို ရွှေ့ဆိုင်းခိုင်းထားတာပေါ့” ဟု ရှင်းပြသည်။
လုပ်ငန်းရှင်များ၏ ထိုကဲ့သို့ တောင်းဆိုချက်ကို UMFCCI က ယနေ့တွင် အစိုးရအဖွဲ့သို့ စာပို့မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ပြည်တွင်း အထည်ချုပ်စက်ရုံများ အလုပ်ချိန်လျှော့ချမှုများ ရှိနေပြီး ပိတ်ရက်တိုးပိတ်သည့် စက်ရုံမှာ တပတ်လျှင် ၂ ရုံမှ ၃ ရုံအထိ တိုးလာနေကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။
အထည်ချုပ် လုပ်ငန်းများတွင် လုပ်ကိုင်နေသည်မှာ လုပ်သားဦးရေ ၅ သိန်းကျော် အထိ ရှိပြီး တရုတ်အထည်ချုပ် စက်ရုံ ၂၃၆ ရုံ၊ ကိုရီးယားအထည်ချုပ် စက်ရုံ ၆၇ ရုံ၊ ဂျပန် အထည်ချုပ်စက်ရုံ ၂၀ နှင့် မြန်မာပိုင် အထည်ချုပ် စက်ရုံ ၉၂ ရုံရှိကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။
မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်ဝင်းက “ရွှေ့ပေးရင်တော့ ကောင်းတာပေါ့။ တကမ္ဘာလုံး ကပ်ဆိုက်တဲ့ အချိန်မှာ အလုပ်ရှင်က ကုန်ကြမ်းမလာတဲ့ အတွက်ကြောင့် အလုပ်ချိန်တွေ လျှော့မယ်။ လုံးဝပိတ်သိမ်းသွားတဲ့ စက်ရုံတွေ ပေါ်လာနိုင်တယ်။ ဒါတွေကို အလုပ်သမား သမဂ္ဂတွေက သဘောပေါက်ဖို့လိုတယ် ဒါကို သဘောမပေါက်ဘဲနဲ့ အတင်းကို မရမေနေ ငါ့တို့ အခွင့်အရေး ရှိတယ်ဆိုရင် နောက်ဆုံးကျတော့ ဘယ်သူတွေ ဒုက္ခရောက်မလဲ ဆိုရင် အလုပ်သမားတွေပဲ ဒုက္ခရောက်မှာ အလုပ်လက်မဲ့တွေ ဖြစ်မှာ” ဟု ပြောသည်။
နိုင်ငံတော်အစိုးရသို့ တင်ပြချက်တွင် အနည်းဆုံးအခကြေးငွေ ပြောင်းလဲသတ်မှတ်မှု ရွှေ့ပြောင်းခြင်း အပြင် ယာယီ ပိတ်သိမ်းမည့် လုပ်ငန်းများ၊ အလုပ်လျော့ချမည့် လုပ်ငန်များ၏ လုပ်သားများကို ၂၀၁၂ လူမှုဖူလုံရေး ဥပဒေပါ အလုပ်လက်မဲ့ အကျိုးခံစားခွင့်များကို နိုင်ငံတော်အစိုးရ မှ ဆောင်ရွက်ပေးရန် နှင့် ဥပဒေအရ လျော်ကြေးငွေ ပေးရမည်ဆိုပါက အနည်းဆုံးလုပ်ခလစာ အပေါ်မှာသာ တွက်ချက် ပေးခွင့် ပြုရန်တို့လည်း ပါဝင်သည်။
ထို့ပြင် အလုပ်သမားများ၏ လုပ်သက်ခွင့်/ရှောင်တခင်ခွင့်ကဲ့သို့သော ခွင့်ရက်များကိုလစာငွေ မပေးဘဲခွင့်ရက် ပေးခြင်း ဖြင့် ဗိုင်းရပ်(စ်) ရောဂါပြန့်ပွားမှု ငြိမ်သက်သွားသည်အထိ ယာယီ ဆောင်ရွက်ခွင့်ပေးရန်၊ လူမှုဖူလုံရေး ထည့်ဝင်ကြေး ရန်ပုံငွေမှ သက်သာသော အတိုးနှုန်းဖြင့် အခက်အခဲဖြစ်ပေါ်နေသော လုပ်ငန်းရှင်များ နှင့် အလုပ်သမားများအားကူညီရန် နှင့် လုပ်ငန်းရှင်များအား ဘဏ်များမှ အတိုးနှုန်း သက်သာစွာဖြင့် ချေးငွေများ ထုတ်ချေးပေးရန် အတွက်လည်း အစိုးရကို တောင်းဆိုထားသည်။
အလုပ်ရှင်-အလုပ်သမားများ အကြား နားလည်မှုရရှိစေရန် အစိုးရမှ ပကတိအခြေအနေမှန် သတင်း အချက်အလက်များ ကို အချိန်နှင့် တပြေးညီ မျှဝေပေးရန်၊ အလုပ်သမားများအနေဖြင့် နားလည်မှုရှိစွာဖြင့် ဆန္ဒပြသပိတ်မှောက်ခြင်းများ မလုပ်ကြရန် အစိုးရမှ တိုက်တွန်း နှိုးဆော်ပေးရန် စသည့် အချက်များကိုလည်း အစိုးရနှင့် တွေ့ဆုံညှိနှိုင်းသွားမည် ဖြစ်ကြောင်း သိရသည်။
အနည်းဆုံးအခကြေးငွေ ပြောင်းလဲသတ်မှတ်မှုမှာ ဥပဒေတွင် ၂ နှစ်တကြိမ်ဟု ဆိုသော်လည်း သဘာဝဘေး အန္တရာယ် ကျရောက်မှု ဖြစ်ပေါ်လာပါက ဥပဒေကို အကောင်အထည် ဖော်ခြင်းကို လုပ်ဆောင်နိုင်မည် မဟုတ်သော်လည်း ဖြစ်ပေါ်နေသည့် ပကတိ အခြေအနေကို လေ့လာသုံးသပ်ရန် လိုမည် ဖြစ်ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) မှ ဗဟို အလုပ်အမှုဆောင် ဒေါ်ခိုင်ဇာအောင်က ဆိုသည်။
ဒေါ်ခိုင်ဇာအောင် က “ဥပဒေက ၂ နှစ်တခါ လုပ်မယ်ဆိုပေမယ့် သဘာဝ ဘေးအန္တရာယ်တွေ ဖြစ်တယ်။ စက်ရုံတွေ ဘယ်လိုမှ မလည်ပတ်နိုင်ဘူး။ အဲဒီအခြေအနေမှာ ဘယ်တော့ ပြန်ထူထောင်နိုင်မယ်လည်း မသိဘူးဆိုတဲ့ အခြေအနေမှာကျတော့ ကျမတို့က ဒါကြီးကို သွားလုပ်ဖို့ အဓိပ္ပာယ်မှ မရှိတာ။ သို့သော်လည်း နောက်ဆုတ်ဖို့ ဆိုတာကလည်း တကယ် နောက်ဆုတ်ဖို့ လိုသလား မလိုဘူးလားဆိုတာကို ကျမတို့က အခြေအနေကို သုံးသပ်ဖို့လိုတယ်” ဟု ပြောသည်။
စီးပွားရေး လုပ်ငန်းရှင်များက ကုန်ကြမ်းပြတ်လပ်မှုကြောင့် ကုန်ချောအချိန်မှီ တင်ပို့နိုင်ခြင်း မရှိသည့်အတွက် စာချုပ် ကတိကဝတ် ဖောက်ဖျက်၍ လျော်ကြေးများပေးရခြင်းမှ ကာကွယ်ရန် အစိုးရမှ တရားဝင် ကြေညာချက် စာထုတ်ပေးရန် နှင့် ကုန်ကြမ်းပစ္စည်းများ ရောက်ရှိလာချိန်တွင် ဆိပ်ကမ်းမှ မြန်ဆန်စွာရှင်းလင်းထုတ်ယူနိုင်ရေး အတွက် အကောက် ခွန်ဦးစီးဌာနမှ ပူးပေါင်းဆောင်ရွက်ပေးရန် တို့ကိုလည်း အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း UMFCCI မှ သိရသည်။
သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်က အနည်းဆုံး အခကြေးငွေ ဥပဒေကို ၂၀၁၃ ခုနှစ် မတ်လ ၂၂ ရက်တွင် ပြဋ္ဌာန်းခဲ့ ပြီး နည်းဥပဒေများကို၂၀၁၃ ခုနှစ် ဇူလိုင် ၂၂ ရက်၌ ပြဋ္ဌာန်းခဲ့သည်။
အနည်းဆုံး အခကြေးငွေ နှုန်းထားကို ၂၀၁၅ စက်တင်ဘာ ၁ ရက်တွင် ပထမဦးဆုံး အကြိမ် သတ်မှတ်နိုင်ခဲ့ပြီး နေရာ ဒေသနှင့် လုပ်ငန်း အမျိုးအစား မခွဲခြားဘဲ ၁ နာရီလျှင် ၄၅၀ ကျပ်နှုန်းဖြင့် တနေ့ အလုပ်ချိန် ၈ နာရီအတွက် ကျပ် ၃၆၀၀ နှုန်းသတ်မှတ် ထုတ်ပြန်ခဲ့သည်။
အလုပ်သမား အဖွဲ့အစည်းများက အနိမ့်ဆုံး လုပ်ခလစာကို ကျပ် ၅၆၀၀ တောင်းဆိုထားသော်လည်း အလုပ်သမား အဖွဲ့ အစည်း အများအပြား ကန့်ကွက်နေသည့် ကြားမှ ကျပ် ၄၈၀၀ ဖြင့်သာ ၂၀၁၈ ခုနှစ် မေလတွင် အတည်ပြုပေးခဲ့သည်။
အနည်းဆုံး အခကြေးငွေ ဥပဒေတွင် အနည်းဆုံး အခကြေးငွေ နှုန်းထားကို ၂ နှစ် တကြိမ် သုံးသပ် ပြင်ဆင် ပြင်ဆင်ရမည် ဟု ပြဋ္ဌာန်းထားသဖြင့် တတိယ အကြိမ် နှုန်းထား ပြင်ဆင်မှုကို ၂၀၂၀ မေလတွင် ပြင်ဆင် သတ်မှတ်ရမည် ဖြစ်သည်။
တရုတ်ပြည်မှ စတင်ဖြစ်ပွားခဲ့သည့် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကူးစက်ရောဂါ COVID-19 (ကိုရိုနာဗိုင်းရပ်စ်) ကို ကူးစက်မြန်ရောဂါ သို့မဟုတ် တိုင်းကြားရမည့်ကူးစက်ရောဂါအဖြစ် သတ်မှတ်သည့် အမိန့်ကြေညာချက်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်လိုက်သည်။
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာသို့ လာမည့် အပျော်စီးသင်္ဘော ခရီးစဉ် ၅ ခု ဖျက်သိမ်းဟုဆို
တရုတ်ကျောထောက်နောက်ခံပြု ကန်ပိုက်တီး စီးပွားရေးဇုန် ကချင်ပြည်နယ်လွှတ်တော် အတည်ပြု