ပြီးခဲ့သည့် ၂၀၁၈ ခု နှစ်လယ်ပိုင်းမှ စတင်၍ ၂ နှစ်နီးပါး ကျပ် ၁၅၀၀ ကျော်ဖြင့် ရှိနေသော အမေရိကန် ဒေါ်လာ ဈေးနှုန်းသည် မတ်လ ၄ ရက်နေ့တွင် ကျပ် ၁၃၉၀ ဝန်းကျင်သို့ ကျဆင်းလာသည်။
ပြည်တွင်း ပုဂ္ဂလိက ဘဏ်များ၏ မတ်လ ၄ ရက်နေ့ အမေရိကန် ဒေါ်လာ လဲလှယ်နှုန်းသည် ၁ ဒေါ်လာလျှင် ဝယ်ဈေး ကျပ် ၁၃၉၀ ဝန်းကျင်နှင့် ရောင်းဈေး ကျပ် ၁၄၁၀ ဝန်းကျင်ရှိပြီး ပုဂ္ဂလိက ငွေလဲကောင်တာများ၏ ဝယ်ဈေးသည် ၁၃၉၅ ကျပ် ဝန်းကျင်နှင့် ရောင်းဈေး ၁၄၀၇ ကျပ် ဝန်းကျင်အထိ ရှိနေသည်။
ဗဟိုဘဏ်၏ အမေရိကန် ဒေါ်လာ ရည်ညွှန်း လဲလှယ်နှုန်းသည် ၁ ဒေါ်လာလျှင် ၁၄၀၇ ကျပ် ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။
တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) စတင်ဖြစ်ပွားနေသော ဇန်နဝါရီလ အစပိုင်းတွင် ပြည်တွင်း၌ အမေရိကန် ဒေါ်လာ လဲလှယ်နှုန်းသည် ၁ ဒေါ်လာလျှင် ၁၄၆၀ မှ ၁၄၇၂ ကျပ် ဝန်းကျင် ရှိခဲ့ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၇၀ ကျော် အထိ ဗိုင်းရပ်စ် ပျံ့နှံ့နေပြီ ဖြစ်သည့် ယခု မတ်လအတွင်း၌ အမေရိကန် ဒေါ်လာ လဲလှယ်နှုန်းသည် ၁ ဒေါ်လာ လျှင် ကျပ် ၁၄၀၀ အောက်သို့ ကျဆင်း လာနေခြင်း ဖြစ်သည်။
ပြည်တွင်း အမေရိကန် ဒေါ်လာဈေးသည် ၂၀၁၉ ခု နှစ်ကုန်ပိုင်းမှ စတင်၍ ကမ္ဘာ့ စီးပွားရေး ကျဆင်းမှုနှင့်အတူ တဖြည်းဖြည်း ကျဆင်းလာလျက်ရှိရာ ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် တရုတ်နိုင်ငံနှင့် ချိတ်ဆက် လုပ်ကိုင်သော ကမ္ဘာ့ ကုန်သွယ်ရေး နှေးကွေးသွားခြင်းကြောင့် ဒေါ်လာဈေး ဆက်လက် ကျဆင်းသွားခြင်းဖြစ်ကြောင်း ဘဏ်လုပ်ငန်း ပညာရှင်များ နှင့် စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။
“ဗိုင်းရပ်စ်ဖြစ်နေတော့ တကမ္ဘာလုံးက ကုန်သွယ်မှုက ကျနေတယ်လေ၊ အဲ့ဒီတော့ ဒေါ်လာဝယ်လိုအားက ကျပြီလေ။ ဒေါ်လာဝယ်လိုအား လျော့သွားရင် အလိုလို သူ့တန်ဖိုး ကျသွားမှာပေါ့”ဟု ကမ္ဘောဇ ဘဏ်၏ အကြီးတန်း အကြံပေး ဦးသန်းလွင်က ဧရာဝတီသို့ ပြောသည်။
တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှု အရှိန်အမြင့်ဆုံး ကာလဖြစ်သော ဇန်နဝါရီလပိုင်းတွင် တရုတ်-မြန်မာ ကုန်သွယ်ရေး ရပ်ဆိုင်းခဲ့ခြင်းကြောင့် မြန်မာမှ တရုတ်သို့ တင်ပို့သော ပို့ကုန်များနှင့် တရုတ်မှ မြန်မာ ဘက်သို့ တင်သွင်းသော လုပ်ငန်းသုံးပစ္စည်းများ အပါအဝင် ကုန်ကြမ်းများလည်း ဝင်ရောက်မှု ရပ်တန့်ခဲ့ရသည်။
ယင်းသို့ ဒေါ်လာဈေး ကျဆင်းလာခြင်းသည် သွင်းကုန်အပေါ် အဓိကမှီခိုနေရသော မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံ တခုအတွက် ကုန်ဈေးနှုန်း ကျဆင်းခြင်းနှင့် သယ်ယူပို့ဆောင်ရေး စရိတ်များ လျော့ကျခြင်းကြောင့် စားသုံးသူ အများ ပြည်သူအတွက် ကောင်းမွန်သော်လည်း နိုင်ငံ၏ အဓိကပို့ကုန်များဖြစ်သော ဆန်၊ ပဲ အပါအဝင် ကောက်ပဲသီးနှံများ၊ ရေထွက်ကုန်နှင့် လက်ခစား (CMP) လုပ်ငန်းများအတွက် ရိုက်ခတ်မှု ရှိနိုင်မည်ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင် များက ပြောဆိုသည်။
ကိုရိုနာဗိုင်းရပ်စ် ဂယက်၊ ကမ္ဘာ့စီးပွားရေး ရိုက်ခတ်မှု နှင့် မြန်မာငွေကျပ် မာလာခြင်းတို့ကြောင့် ပို့ကုန်ကဏ္ဍ လုပ်ငန်း အားလုံးအတွင် နေ့စဉ် အကြပ်အတည်း ကြုံတွေ့လျက်ရှိကြောင်း ပို့ကုန်လုပ်ငန်းရှင် တဦးဖြစ်သည့် ဦးနေလင်းဇင်က ပြောသည်။
“အခုအချိန်မျိုးမှာ ဟိုတယ်၊ လေကြောင်းလိုင်း နဲ့ ခရီးသွားလုပ်ငန်း အပါအဝင် တနိုင်ငံလုံးရဲ့ စီးပွားရေး ရပ်ဝန်းက အတော် အခြေအနေ မကောင်းကြဘူး”ဟု ၎င်းက ပြောဆိုသည်။
ထို့ကြောင့် မြန်မာနိုင်ငံစီးပွားရေး အတွက် ပြည်ထောင်စုအဆင့် အရေးပေါ်ကုစားရန် အခြား အိမ်နီးချင်း နိုင်ငံများ နည်းတူ အခွန်လျှော့ချခြင်း၊ ကာလတခု အခွန်သက်သာခွင့် ပြုခြင်းနှင့် ဘဏ်တိုးနှုန်းများ လျှော့ချခြင်း အပါအဝင် အခြား စီးပွားရေးဆိုင်ရာ ကူညီဆောင်ရွက်မှုများ လုပ်ဆောင်ပေးသင့်ကြောင်းလည်း ဦးနေလင်းဇင်က ပြောသည်။
လက်ရှိ ဒေါ်လာဈေး ဆက်တိုက်ကျဆင်းလာခြင်းကို စီးပွားရေးလုပ်ငန်းရှင်တချို့က မြန်မာငွေကြေး မာလာခြင်းဟု ယူဆကြသော်လည်း အမှန်တကယ်မှာ ကမ္ဘာ့စီးပွားရေး နှေးကွေးခြင်းနှင့် ပြင်ပတွင် ဖြစ်ပေါ်နေသော အကြောင်းအရာ များကြောင့်သာ ဖြစ်ကြောင်း စီးပွားရေးပညာရှင်များနှင့် ဘဏ်လုပ်ငန်း ကျွမ်းကျင်သူများ က ပြောဆိုသည်။
“ပု့ိကုန်သမားကလည်း ကျရင် မကြိုက်သလို သွင်းကုန်သမားကလည်း တက်ရင် မကြိုက်ကြဘူးပေါ့။ ဒါကတော့ ဒီလိုပဲ စီးပွားရေးမှာ နှစ်ဖက်ရှိကြတာပဲလေ။ ဒါပေမယ့် နိုင်ငံတော်ဘက်ကနေပြီး ဖြစ်သင့်ဖြစ်ထိုက်တဲ့ နှုန်းတခုကို ဗဟိုဘဏ် အနေနဲ့ ကျနော်ထင်ပါတယ် ထိန်းကျောင်းနေပါတယ်”ဟု ဘဏ်လုပ်ငန်း ကျွမ်းကျင်သူ ဦးဇော်လင်းထွဋ်က ပြောသည်။
၎င်းက ဆက်လက်၍“ပို့ကုန်သမားတွေအတွက်တော့ တခုဖြစ်နိုင်တာက နဂိုပေါက်ဈေး ၁၅၀၀ နဲ့ ဝယ်ထားတဲ့ ပစ္စည်း တွေကို ပို့ပြီးတဲ့ အချိန်မှာ ၁၄၀၀ ပြန်ဖြစ်ရင်တော့ Exchange loss ဖြစ်သွားနိုင်တာပေါ့။ ဒီရိုက်ခတ်မှုက ကျနော်တို့ နိုင်ငံတခုတည်းဖြစ်တာ မဟုတ်ဘူး ဆိုတော့ အနည်းနဲ့ အများတော့ ခံရမှာပေါ့။ ဒါပေမယ့် စီးပွားရေး ဖွံ့ဖြိုးဆဲ နိုင်ငံ တခု အနေနဲ့တော့ နည်းနည်းတော့ ပိုခံရနိုင်တာပေါ့”ဟုလည်း ပြောဆိုသည်။
ဗဟိုဘဏ် အနေဖြင့် ပြည်တွင်း၌ ဒေါ်လာငွေ တန်ဖိုး တည်ငြိမ်ရေး အတွက် ပြည်တွင်း ဘဏ်များမှ တဆင့် မတ်လ ၃ ရက်နှင့် ၄ ရက်တွင် ဒေါ်လာ ၆ သန်းခန့် ဝယ်ယူခဲ့ကြောင်း၊ ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလ ၂ လ အတွင်း၌လည်း အမေရိကန် ဒေါ်လာ ၇၁ သန်းခန့် ဝယ်ယူခဲ့ကြောင်း သိရသည်။
ဒေါ်လာဈေး ဆက်တိုက် ကျဆင်းလာခြင်းကြောင့် မြန်မာနိုင်ငံ၏ ကုန်စည် သယ်ယူပို့ဆောင်ရေး ကဏ္ဍအတွက် အဓိက လိုအပ်သော ပြည်ပမှ တင်သွင်းရသည့် လောင်စာဆီ (စက်သုံးဆီ) ဈေးနှုန်းများသည်လည်း ကျဆင်းလျက် ရှိသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ဒီဇယ် ၁ လီတာလျှင် ၉၇၅ ကျပ်၊ ပရီမီယံ ဒီဇယ် ၁ လီတာလျှင် ၉၈၅ ကျပ်၊ အောက် တိန်း (၉၂) ၁ လီတာလျှင် ၉၈၅ ကျပ်နှင့် အောက်တိန်း (၉၅) ၁ လီတာလျှင် ၉၈၅ ကျပ် အထိရှိခဲ့ရာမှ မတ်လ ၄ ရက် နေ့တွင် ဒီဇယ် ၁ လီတာလျှင် ကျပ် ၈၁၀၊ ပရီမီယံ ဒီဇယ် ၁ လီတာလျှင် ကျပ် ၈၂၀၊ အောက်တိန်း (၉၂) ၁ လီတာ လျှင် ကျပ် ၇၄၀ နှင့် အောက်တိန်း (၉၅) ၁ လီတာလျှင် ၈၅၅ ကျပ်သို့ ဈေးနှုန်း ကျဆင်းလာလျက် ရှိကြောင်း ပြည်တွင်း စက်သုံးဆီ ဆိုင်များမှ သိရသည်။
တရုတ်နိုင်ငံ၏ စီးပွားရေး လုပ်ငန်းများသည် မတ်လကုန်ပိုင်းတွင် လုပ်ငန်းများ ပြန်လည် စတင်နိုင်မည့် အခြေအနေ များ ရှိနေခြင်းကြောင့် စီးပွားရေး လုပ်ငန်းများ ပုံမှန်လည်ပတ်လာပါက ဒေါ်လာဈေးနှုန်းလည်း ပြန်တက်လာဖွယ် ရှိကြောင်း စီးပွားရေး လုပ်ငန်းရှင်များနှင့် ဘဏ်လုပ်ငန်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံ အရှုံးပေါ်နေတဲ့ Nike
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သြစတြေးလျမှာ အိမ်သာသုံး စက္ကူများ မတန်တဆ ဈေးတင်ရောင်း