တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကြီးမားလှသော အခြေခံအဆောက်အအုံ စီမံကိန်းဖြစ်သည့် ရပ်ဝန်းနှင့်လမ်း အစီအစဉ် (BRI) ၏ အစိတ်အပိုင်းအဖြစ် မြန်မာနိုင်ငံမြောက်ပိုင်း နယ်စပ်မြို့ဖြစ်သော ကန်ပိုက်တီးတွင် စီးပွားရေးဇုန်ထူထောင်ရန် တရုတ်နိုင်ငံ ကျောထောက်နောက်ခံပြု ကုမ္ပဏီ တခုနှင့် နားလည်မှုစာချွန်လွှာကို ကချင်ပြည်နယ်အစိုးရက လက်မှတ်ရေးထိုးလိုက်သည်။
ဗုဒ္ဓဟူးနေ့က ထိုနားလည်မှုစာချွန်လွှာကို ပြည်နယ်အစိုးရနှင့် မြန်မာဟိန်ယ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက်တို့ လက်မှတ်ရေးထိုးလိုက်သည်။ မြန်မာဟိန်ယ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက်သည် မြန်မာနိုင်ငံမှ ကန်ပိုက်တီး ဖွံဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်နှင့် တရုတ်နိုင်ငံမှ ယူနန်ထိန်ရင်း ကုန်သွယ်ရေးကုမ္ပဏီတို့အကြား ဖက်စပ်လုပ်ငန်းဖြစ်သည်။ တရုတ်ကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှု၏ ၇၀ ရာခိုင်နှုန်းကိုပိုင်ဆိုင်ပြီး မြန်မာကုမ္ပဏီက ၃၀ ရာခိုင်နှုန်းပိုင်သည်။
လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ပြည်နယ်မြို့တော် မြစ်ကြီးနားရှိ ကချင်ပြည်နယ်အစိုးရရုံးတွင်ကျင်းပပြီး ပြန်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်း၊ ပြည်နယ် လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးဝင်းညွန့်နှင့် နှစ်ဖက်စလုံးမှ အခြားအရာရှိများ တက်ရောက်ကြောင်း မြန်မာပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ခန့်မှန်းခြေ ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၂၂.၄ သန်း (ကျပ် ၃၁.၈၅ ဘီလျံ) တန်သည့် ကန်ပိုက်တီး စီးပွားရေးဇုန်ကို ကချင်ပြည်နယ် မြောက်ပိုင်း အထူးဒေသ ၁ မှ နယ်စပ်မြို့ရှိ စုစုပေါင်း ၇၀ ဧက (၂၈ ဟက်တာ) တွင် တည်ဆောက်မည်ဖြစ်သည်။ ထိုဒေသကို မြန်မာ့တပ်မတော်၏ မိတ်ဖက်ဖြစ်သော ဒီမိုကရေစီသစ်တပ်မတော်-ကချင်ပြည်နယ် (NDAK) ပြည်သူ့စစ်က ထိန်းချုပ်ထားသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားရေး ဦးစီးဌာန (DICA) ၏ အဆိုအရ NDAK ပြည်သူ့စစ်ကို တည်ထောင်သူ ဇခုံတိန့်ယိန်း၏ သားများသည် ကန်ပိုက်တီး ဖွံ့ဖြိုးတိုးတတ်ရေး ကုမ္ပဏီ၏ ဒါရိုက်တာများဖြစ်ကြောင်း သိရသည်။ ၂၀၀၉ ခုနှစ်တွင် NDAK ကို အစိုးရ ကျောထောက်နောက်ခံပြု နယ်ခြားစောင့်တပ် (BGF) အဖြစ် ပြောင်းလဲခဲ့ပြီး အထူးဒေသ (၁) တွင် ကြီးမားသော သြဇာရှိနေဆဲဖြစ်သည်။
ယူနန်ထိန်ရင်း ကုန်သွယ်ရေးကုမ္ပဏီသည် ယူနန် ပေါင်ဆန်း ဟိန်ရီစက်မှုလုပ်ငန်း အုပ်စု၏ လက်အောက်ခံ လုပ်ငန်းခွဲတခုဖြစ်သည်။ ယူနန် ပေါင်ဆန်း ဟိန်ရီ စက်မှုလုပ်ငန်းအုပ်စုသည် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် ယူနန် ထိန်းချုံး ဟုံယုံ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ (YTHYIC) ကိုလည်း ထူထောင်ထားသည်။ ထိုလုပ်ငန်းသည် သမိုင်းဝင် လီဒိုလမ်းမတလျှောက်ရှိ မြေဧက ၄၇၀၀ တွင် အမေရိကန်ဒေါ်လာ သန်း ၄၀၀ တန် မြစ်ကြီးနား စီးပွားရေးဇုန်ထူထောင်ရန် ကချင်ပြည်နယ်အစိုးရနှင့် ၂၀၁၈ ခုနှစ်က သဘောတူညီချက် လက်မှတ်ရေးထိုးထားသည်။ ထိုစီမံကိန်းသည် ပွင့်လင်းမြင်သာမှုမရှိသောကြောင့် ဝေဖန်ခံနေရသော လုပ်ငန်းလည်းဖြစ်သည်။
ထိုစီးပွားရေးဇုန်၏ ဇုန် (က) တွင် တောင်အာရှ-အရှေ့တောင်အာရှ ယဉ်ကျေးမှု ဥယျာဉ် ၁၂.၆၅ ဧက၊ ဇုန် (ခ) နှင့် (ဃ) တွင် ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးဇုန် ၈.၈ ဧကနှင့် ၁၂.၇ ဧက၊ ဇုန် (ဂ) တွင် နယ်စပ်စစ်ဆေးရေးဂိတ် ၅.၁ ဧကနှင့် ဇုန် (င) တွင် စီးပွားရေးဆိုင်ခန်းများ ၁.၆၅ ဧက ပါဝင်မည်ဖြစ်ကြောင်း ဦးဝေလင်း၏ အဆိုအရ သိရသည်။
ထိုဖက်စပ်ကုမ္ပဏီသည် နယ်စပ်စစ်ဆေးရေးဂိတ်၊ အစိုးရဝန်ထမ်းများအတွက် အိမ်ယာနှင့် စောင့်ဆိုင်းရန်နေရာ တို့နှင့်ပတ်သက်သည့် ဇုန် (ဂ) ကို စတင် အကောင်အထည် ဖော်မည်ဖြစ်ကြောင်း သိရသည်။ အခြားဇုန်များကို တည်ဆောက်ရန် ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ပြည်နယ်အစိုးရသည် ထိုစီမံကိန်းကို ပွင့်လင်းမြင်သာစွာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ဦးဝေလင်းက ကတိပေးသည်။
မြန်မာနှင့်တရုတ်နိုင်ငံတို့သည် နယ်စပ်ကုန်သွယ်ရေး မြှင့်တင်ရန်၊ တရားမဝင်ကုန်သွယ်ရေး ထိန်းချုပ်ရန်နှင့် ဒေသခံများအတွက် အလုပ်အကိုင်ဖန်တီးပေးရန် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်းလည်း သူက ပြောသည်။
ကချင်ပြည်နယ်လွှတ်တော်က ထိုစီမံကိန်း အကောင်အထည်ဖော်ရန် လွန်ခဲ့သော တပတ်က အတည်ပြုပေးခဲ့သည်။ ကချင်ပြည်နယ်အစိုးရ၏ အဆိုအရ စီမံကိန်းဒေသမှ ဒေသခံများ နေရာရွှေ့ပြောင်းရမည်ဖြစ်ကြောင်း သိရသော်လည်း အရေအတွက် အတိအကျကို မသိရသေးပေ။
အစိုးရသည် ဒေသခံပြည်သူများကို အကြောင်းမကြားရသေးကြောင်း ဧရာဝတီသတင်းဌာန၏ အဆိုအရ သိရသည်။
“ပြည်နယ်အစိုးရအနေနဲ့ စီမံကိန်းအကြောင်း ဒေသခံတွေကို မရှင်းပြရသေးခင် နားလည်မှု စာချွန်လွှာကို လက်မှတ်မထိုးသင့်သေးဘူး” ဟု ဒေသခံများအတွက် မြေပြဿနာများကို ကူညီဖြေရှင်းပေးနေသည့် ရှေ့နေ ဦးဂန်းနက် ဘက်စ်နက်က ဧရာဝတီသတင်းဌာသို့ ပြောသည်။
“ဒီစီမံကိန်းရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို ဒေသခံတွေ သိဖို့လိုတယ်” ဟု သူက ပြောသည်။
“ကျနော်တို့ အသေးစိတ်သိအောင်လို့ အစိုးရအနေနဲ့ ဒီနားလည်မှုစာချွန်လွှာကို လူသိရှင်ကြား ထုတ်ပြန်သင့်တယ်။ ဒါမှပဲ ဒီစီမံကိန်းကြောင့် ရင်ဆိုင်ရမယ့် ပြဿနာတွေကို ကျနော်တို့ခန့်မှန်းနိုင်မယ်” ဟုလည်း သူက ပြောသည်။
မြန်မာနိုင်ငံသည် တရုတ်-မြန်မာစီးပွားရေးစင်္ကြန် CMEC အတွက် အချက် ၁၅ ချက်ပါသော နားလည်မှု စာချွန်လွှာကို ၂၀၁၈ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး BRI ၏ တရားဝင်အဖွဲ့ဝင် ဖြစ်လာသည်။
ထိုစီးပွားရေးဇုန်သည် တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် (CMEC) သဘောတူညီချက်အရ ထူထောင်မည့် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန် ၃ ခုအနက် တခုဖြစ်သည်။ CMEC သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးကိုဖြတ်သန်းပြီး တောင်ဖက်တွင် ရန်ကုန်နှင့် အနောက်ဖက်တွင် ရခိုင်ပြည်နယ်မှ ကျောက်ဖြူအထူးစီးပွားရေးဇုန်အထိ ကျယ်ပြန့်သော စီမံကိန်းဖြစ်သည်။
၂၀၁၇ ခုနှစ်က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် BRI ညီလာခံ တက်ရောက်ရန် ဘေ့ဂျင်းသို့ သွားရောက်စဉ်အတွင်း ထိုနယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဇုန်များ ထူထောင်ရန် နှစ်နိုင်ငံ သဘောတူညီခဲ့သည်။
မြန်မာအစိုးရသည် နေပြည်တော်တွင် ကျင်းပသည့် ပထမအကြိမ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် ဗဟို ကော်မတီအစည်းအဝေးတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ နေရာသုံးခုကို အတည်ပြုပေးခဲ့သည်။ နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန်များကို ကန်ပိုက်တီး၊ ရှမ်းပြည်နယ်မှ မူဆယ်နှင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလောက်ကိုင် မြို့နယ်မှ ချင်းရွှေဟော်တို့တွင် ထူထောင်မည်ဖြစ်သည်။
နယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဇုန် ဗဟိုကော်မတီ အစည်းအဝေးကို အောက်တိုဘာလက မြစ်ကြီးနားတွင် ကျင်းပသောအခါ ကန်ပိုက်တီး နယ်စပ်ဖြတ်ကျော် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုဇုန် အမည်ကို ကန်ပိုက်တီး စီးပွားရေးနယ်မြေ စီမံကိန်းဟူ၍ ပြောင်းလဲအမည်ပေးခဲ့ကြောင်း ဧရာဝတီက သိရသည်။
၂၀၁၃ ခုနှစ်က စတင်သော BRI သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ နိုင်ငံခြားရေးမူဝါဒ စီမံကိန်းဖြစ်သည်။ ထိုစီမံကိန်းသည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန် လမ်းများ၊ ရထားလမ်းများနှင့် သင်္ဘောလမ်းကြောင်းများကို တရုတ်မှ ဗဟိုနှင့်တောင်အာရှ၊ အရှေ့အလယ်ပိုင်းနှင့် ရုရှားကိုဖြတ်ပြီး ဥရောပအထိ နိုင်ငံပေါင်း အနည်းဆုံး ၇၀ တွင် တည်ဆောက်ရန် ရည်မှန်းထားသည်။
(Nan Lwin ၏ Kachin State Inks Border Business Park Deal With China-Myanmar Joint Venture ကို ဘာသာပြန်သည်။)
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်စီးပွားရေး အတော် ရုန်းကန်နေရ
ဒေါ်လာဈေး ကျပ် ၁၄၀၀ အောက်သို့ ကျဆင်း
ကုန်ကြမ်းပြတ်၍ စက်ရုံများ ပိတ်သည် ဆိုခြင်းကို စိစစ်ရန် အလုပ်သမားအဖွဲ့များ ထုတ်ပြန်