စီးပွားရေး

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပုသိမ်၌ဖွင့်မည့် စက်ရုံ ၂ ရုံ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်နှင့် ကန်ကြီးထောင့်မြို့နယ် အတွင်း တည်ဆောက်နေသည့် ပုသိမ်စက်မှုမြို့တော် စီမံကိန်း၌ ပါဝင်သော အထည်ချုပ်စက်ရုံ ၂ ရုံ ဖွင့်လှစ်မည့်ရက်ကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်သည်။

ယင်း စက်ရုံ ၂ ရုံကို လာမည့် ဧပြီလအတွင်း ဖွင့်လှစ်ရန် စီစဉ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံမှ စက်ပစ္စည်းများ ရောက်ရှိမလာသည့်အတွက် ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ပုသိမ်စက်မှုမြို့တော် တာဝန်ရှိသူများထံမှ သိရသည်။

“စက်ရုံအဆောက်အဦတွေက ပြီးပါပြီ။ အတွင်းပိုင်းမှာ ရေ၊ မီးပိုင်းပဲ ကျန်ပါတယ်။ ပထမတော့ လာမယ့် ဧပြီလမှာ ဖွင့်လှစ်ဖို့ စီစဉ်ထားတာပါ။ ဒါပေမယ့် တရုတ်နိုင်ငံမှာ ဝူဟန်ဗိုင်းရပ်စ်က ဖြစ်လာတော့ စက်ပစ္စည်းတွေရော၊ လူတွေရော ရောက်မလာနိုင်ဘူး ဖြစ်နေတယ်။ ဒါကြောင့် ဒီစက်ရုံ ၂ ရုံ ဖွင့်မယ့်ရက်ကို ရွှေ့ဆိုင်းထားတာ ဖြစ်ပါတယ်”ဟု ပုသိမ်စက်မှု မြို့တော်စီမံကိန်း ဒုတိယဥက္ကဋ္ဌ ဦးစည်သူစိုးက ဧရာဝတီကို ပြောသည်။

ပုသိမ်စက်မှုမြို့တော်စီမံကိန်းတွင် အထည်ချုပ်စက်ရုံ ၈ ရုံ တည်ဆောက်ရန် တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များနှင့် စာချုပ် ချုပ်ဆိုထားပြီး လက်ရှိတွင် စက်ရုံ ၂ ရုံ တည်ဆောက်ပြီးသွားပြီဖြစ်ကာ ကျန်ရှိသည့် စက်ရုံ ၆ ရုံကိုလည်း တည်ဆောက်မှု များ ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ စက်ရုံ ၈ ရုံလုံး ဖွင့်လှစ်နိုင်ပါက အလုပ်သမား ၁ သောင်းခန့်ကို အလုပ်အကိုင်ပေးနိုင်မည်ဟု စက်မှုမြို့တော်တာဝန်ရှိသူများက ပြောသည်။

ပုသိမ် – ငပုတော ကားလမ်းဘေးရှိ ပေါက်ကုန်းကျေးရွာအနီး မြေဧက ၆၀၀၀ ပေါ်တွင် တည်ဆောက်နေသော ပုသိမ် စက်မှုမြို့တော် စီမံကိန်းတွင် လက်ရှိအထိ တရုတ်နိုင်ငံ ၁ နိုင်ငံတည်းက ရင်းနှီးမြှုပ်နှံမှုများ လာရောက်ပြုလုပ်ထားပြီး
ရင်းနှီးမြှုပ်နှံလိုသူများကို မြေသီးသန့် နှစ်ရှည် ငှားရမ်းခြင်း၊ စက်ရုံအဆောက်အဦနှင့် မြေငှားရမ်းခြင်း စသဖြင့် ပုံစံ ၂ မျိုးဖြင့် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

“အခု တည်ဆောက် ပြီးစီးသွားတဲ့ စက်ရုံ ၂ ရုံက အဆောက်အဦရော၊ မြေကိုရော နှစ်ရှည်ငှားရမ်းဖို့ သဘောတူ ထားတာ ဖြစ်ပါတယ်။ ဒီစက်ရုံ ၂ ရုံ ဖွင့်မယ်ဆိုရင် အထည်ချုပ်လုပ်သား ၁၅၀၀ နဲ့ ၂၀၀၀ ကြား အလုပ်အကိုင် ရရှိမှာဖြစ်ပါတယ်။ အခုကတော့ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်ကုန်တာပေါ့။ စီးပွားရေးအရ ထိခိုက်တာတော့ တကမ္ဘာလုံး အတိုင်းအတာနဲ့ ဖြစ်နေကြတာပေါ့လေ။ ဒါကြောင့် ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ပြီးတော့ ကုသဖို့ဆေး အမြန်ဆုံးပေါ်ပေါက်ဖို့ မျှော်လင့် ပါတယ်”ဟု ဦးစည်သူစိုးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ပုသိမ်စက်မှုဇုန်၌ အထည်ချုပ်စက်ရုံ ၈ ရုံ၊ ကန်ကြီးထောင့်မြို့တွင် စက်ရုံ ၁ ရုံ၊ စုစုပေါင်း အထည်ချုပ်စက်ရုံ ၉ ရုံ လည်ပတ်လျှက်ရှိရာ ကိုရိုနာဗိုင်းရပ်စ် – COVID 19 ရောဂါကြောင့် ကုန်ကြမ်း ပြတ်လပ် သွားသည့်အတွက် ကန်ကြီးထောင့်မြို့ရှိ ဟွာမန်အထည်ချုပ်စက်ရုံမှာ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က ရက်အကန့်အသတ် မရှိ ပိတ်သိမ်းခဲ့သဖြင့် အလုပ်သမား ၁၀၀၀ ခန့် အလုပ်လက်မဲ့ ဖြစ်ခဲ့ကြသည်။

“ပုသိမ်စက်မှုဇုန်မှာရှိတဲ့ အထည်ချုပ်စက်ရုံတွေကတော့ ဧပြီလလောက်အထိတော့ ကုန်ကြမ်း ရှိကြသေးတယ်။ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် လမ်းပိတ်တာ ကြာနေမယ်ဆိုရင် ဧပြီလ နောက်ပိုင်းဆိုရင်တော့ အခြေအနေတွေ ဆိုးသွားနိုင်တယ်။ ကျနော်တို့ စက်ရုံကတော့ ကုန်ကြမ်းတွေကို စင်္ကာပူကနေ လှည့်ပြီးသယ်ယူဖို့ ပြင်ဆင်နေပါတယ်”ဟု ပုသိမ်စက်မှုဇုန်ရှိ အကြီးဆုံးစက်ရုံဖြစ်သည့် Myanmar Knitting အထည်ချုပ်စက်ရုံမန်နေဂျာ ဦးသက်နိုင်က ပြောသည်။

ဧရာဝတီတိုင်းတွင် အကြီးဆုံးဖြစ်သည့် ပုသိမ်စက်မှုဇုန်တွင် လက်ရှိ လည်ပတ်နေသည့် အထည်ချုပ် စက်ရုံ ၈ ရုံတွင် အလုပ်သမားပေါင်း ၁၂၀၀၀ ခန့် အလုပ်လုပ်နေကြောင်း သိရသည်။

တရုတ်ပြည်၌ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေမှုကြောင့် ဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်နေသည့်အတွက် အထည်ချုပ်လုပ်ငန်းများ သာမက ဧရာဝတီတိုင်း၊ လပွတ္တာ၊ ငွေဆောင်၊ ချောင်းသာနှင့် ငပုတောမြို့နယ်တို့မှ တရုတ်သို့ ဂဏန်းတင်ပို့သည့်လုပ်ငန်းများအားလုံးလည်း ရပ်ဆိုင်းနေပြီး စီးပွားရေးထိခိုက်မှုများ ကြုံတွေ့နေရကြောင်း သိရသည်။

တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှ ၂၀၁၉ ဒီဇင်ဘာလက စတင်ဖြစ်ပွားခဲ့သည့် ပြင်းထန်အဆုတ်ရောင် COVID 19 ရောဂါကြောင့် မတ်လ ၆ ရက်နေ့စာရင်းအရ ကမ္ဘာတလွှားတွင် လူပေါင်း ၃၂၁၉ ဦး သေဆုံးခဲ့ပြီ ဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ – WHO ၏ ထုတ်ပြန်ချက်အရ သိရသည်။

ကိုရိုနာဗိုင်းရစ်ကြောင့် တရုတ်နိုင်ငံတစ်ခုတည်းမှာပင် လူပေါင်း ၂၉၈၁ ဦး သေဆုံးခဲ့ပြီး လက်ရှိအချိန်အထိ
တရုတ်ပြည်တဝှမ်း၌ လူပေါင်း ၈၀၂၈၂ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သိရသည်။

ကိုရိုနာ ဗိုင်းရပ်စ်မှာ တရုတ်ပြည်တွင်သာမက တောင်ကိုရီးယား၊ အီရန်၊ ဂျပန်၊ အီတလီ၊ ဂျာမနီ၊ ပြင်သစ်၊ စပိန်၊ ကူဝိတ်၊ စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ ယူအေအီး၊ သြစတြေးလျ၊ အီဂျစ် စသဖြင့် ကမ္ဘာတဝှမ်းရှိ နိုင်ငံပေါင်း ၈၀ သို့ ကူးစက် ပျံ့နှံ့နေကြောင်း သိရသည်။

ဆက်စပ်လင့်

ကုန်ကြမ်းပြတ်၍ စက်ရုံများ ပိတ်သည် ဆိုခြင်းကို စိစစ်ရန် အလုပ်သမားအဖွဲ့များ ထုတ်ပြန်

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လက္ခဏာ ပြသသူများအား စောင့်ကြည့်နေ

လက်နက်ကိုင် အဖွဲ့များကို ကိုရိုနာဗိုင်းရပ်စ် အရေး ဗိုလ်ချုပ်ကြီး ယွက်စစ် သတိပေး

Did you find apk for android? You can find new Free Android Games and apps.
Loading