ကိုရိုနာဗိုင်းရပ် လျင်မြန်စွာ ပျံ့နှံ့မှုကြောင့် လေယာဉ်စီးခရီးသည် အရေအတွက် သိသိသာသာ ကျဆင်းမှုက စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရပြီဖြစ်သော အာရှလေကြောင်းလိုင်းအချို့၏ ရေရှည်ရပ်တည်နိုင်မှု အလားအလာကို စမ်းသပ်နေသည်။
အားအနည်းဆုံးမှာ ဟောင်ကောင်၏ Cathay Pacific Airways, မလေးရှား၏ AirAsia Group, စင်ကာပူ၏ Scoot, Philippine Airlines, နှင့် Garuda Indonesia တို့ကဲ့သို့ တရုတ်ဈေးကွက်အပေါ် အလွန်အကျွံမှီခိုနေသည့် လေကြောင်းလိုင်းများဖြစ်သည်။
ဦးဆောင်လေကြောင်းသုတေသနကုမ္ပဏီ CAPA ၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ပီတာဟာဘီဆင်က Nikkei Asian Review သို့ပြောကြားခဲ့သည်မှာ ပိုမိုသေးငယ်သည့် ခရီးသွားနှင့် ဟိုတယ်လုပ်ငန်းများမှာလည်း ငွေလည်ပတ်မှု လိုအပ်ချက်ကို ဖြည့်ဆည်း ကာကွယ်ပေးနိုင်ခြင်း မရှိဟု ဆိုသည်။
“ကျိုးပဲ့လွယ်တဲ့အနေအထားတွေမှာ စားသုံးသူတွေဟာ သုံးစွဲချင်စိတ်ရှိမှာ မဟုတ်ပါဘူး။ အစောပိုင်းက ဆားစ်ရောဂါအလွန် လျင်မြန်တဲ့ ပြန်ခေါင်းထောင်နိုင်စွမ်းက အခု မရှိနိုင်တော့ပါဘူး” ဟု ဟာဘီဆင်က ပြောသည်။
CAPA ၏ခွဲခြမ်းစိတ်ဖြာလေ့လာမှုအရ လေကြောင်းလိုင်းများအပေါ် ဗိုင်းရပ်၏ရိုက်ခတ်မှုက ရုတ်တရက်ဖြစ်လာပြီး အရုပ်ဆိုးကာ ဧပြီလတွင် လာမည့် အီစတာပွဲတော်အားလပ်ရက်များကဲ့သို့ ရိုးရာအစဉ်အလာအရ စည်ကားသည့် ကာလများမှာလည်း ဆိုးဆိုးဝါးဝါး ထိခိုက်နိုင်ဖွယ်ရှိသည်။
CAPA ၏အဆိုအရ တရုတ်နှင့်သက်ဆိုင်သည့် နိုင်ငံတကာလေကြောင်းလိုင်း ခရီးသည်အရေအတွက်မှာ လွန်ခဲ့သည့်နှစ်ကနှင့် နှိုင်းယှဉ်လျင် ၈၀ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားခဲ့ပြီး တရုတ်ပြည်တွင်းတွင်လည်း လေယာဉ်ခရီးသည်အရေအတွက်မှာ ၆၀ ရာခိုင်နှုန်းကျသွားခဲ့သည်။ စင်ကာပူ၏ လေကြောင်းလိုင်း ခရီးသည်အရေအတွက်လည်း များစွာကျဆင်းခဲ့ပြီး လွန်ခဲ့သည့်နှစ် ဖေဖော်ဝါရီလက ခရီးသည် ၁ ဒသမ ၇၅ သန်းရှိခဲ့ရာမှ ယခု ၁ ဒသမ ၃၅ သန်းသို့ ကျသွားခဲ့သည်။
ဂျပန်၏ နိုင်ငံတကာလေကြောင်း ခရီးသည်အရေအတွက်မှာ ၂၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သလို မလေးရှားက ၁၀ ရာခိုင်နှုန်းဝန်းကျင် ကျသည်။ တောင်ကိုရီးယားမှာ အထိခိုက်ခံရဆုံး နိုင်ငံတခုဖြစ်ပြီး နိုင်ငံတကာလေယာဉ်စီး ခရီးသည်အရေအတွက်မှာ ၂၀ ရာခိုင်နှုန်းကျသွားခဲ့ပြီး အဆိုးဆုံးအခြေအနေ ဖြစ်လာနိုင်သည်။
“တရုတ်မှာ ရှင်းရှင်းလင်းလင်းဖြစ်သွားရင်တောင် အာရှ တခြားနိုင်ငံတွေက တဖန် ထိခိုက်ခံရပါလိမ့်မယ်။ ဒီလိုဖြစ်တော့ စီးပွားရေးပြန်ကောင်းမှုကို နှေးကွေးစေတဲ့ သက်ရောက်မှု ရှိပါလိမ့်မယ်”ဟု CAPA ၏ ဟာဘီဆန်က ပြောသည်။ “စီးပွားရေးက ထပ်ကျဦးမယ်”ဟုလည်း ၎င်းကဆိုသည်။
ဟောင်ကောင်၏ အထင်ကရ လေကြောင်းလိုင်းကြီး Cathy Pacific သည်လည်း တရုတ်ဈေးကွက်နှင့် မြင့်မြင့်မားမား ထိတွေ့မှုရှိသဖြင့် အာရှတွင် အဆိုးဝါးဆုံးထိခိုက်သည့် လေကြောင်းလိုင်းများတွင် ပါဝင်နေပြီး ပျံသန်းမှု၏ ငါးပုံတပုံမှာ တရုတ်ပြည်မကြီးနှင့် ပျံသန်းနေသည်။ Cathy သည် မတ်လတွင် အပတ်စဉ်ပျံသန်းမှုများ၏ လေးပုံသုံးပုံကျော်ကို ဖျက်သိမ်းလိုက်ရပြီး ယခင်ကစီစဉ်ထားသည့် ပမာဏ၏ ၄၀ ရာခိူင်နှုန်းကျော်ရှိသည်။
Cathy သည် ဗိုင်းရပ်ကြောင့် ဝင်ငွေရရှိမှု ၉ ရာခိုင်နှုန်းထိခိုက်မှုနှင့်အတူ ယခုနှစ် ဆုံးရှုံးမှုကို အစီရင်ခံလိမ့်မည်ဟု Morningstar မှလေ့လာသူ အီဗန်စုက မျှော်လင့်ထားပြီး အဓိကကျသည့် အခြားဈေးကွက်များကိုပါ ဗိုင်းရပ်က ဆက်လက်ပျံ့နှံပါက ထိခိုက်မှုက ပို၍ကြီးမားမည်ဖြစ်သည်။
ဗိုင်းရပ်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်သည့်နောက်မှာပင် ဟောင်ကောင်တွင် ရှည်ကြာနေသည့် လူမှုရေးမတည်ငြိမ်မှုက Cathy ၏အမြင်ကို မကြည်မလင် ဆက်ဖြစ်နေဦးမည်ဟု စုကပြောသည်။
ခရီးသွားလုပ်ငန်းတွင် ဝယ်လိုအား အနည်းငယ်ကျဆင်းမှုကပင် လေကြောင်းလိုင်းများ၏ အမြတ်ရနိုင်စွမ်းကို အကြီးအကျယ် ထိခိုက်စေသည်ဟုလည်း ပြောသည်။
အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် နောက်ထပ်လေကြောင်းလိုင်းမှာ AirAsia ဖြစ်သည်။ အာရှ၏ အကြီးမားဆုံး ဘတ်ဂျက်လေကြောင်းလိုင်းဖြစ်သည့် AirAsia သည် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားအပါအဝင် ဒေသတွင်း အဓိကဈေးကွက်များသို့ ပျံသန်းမှုများကို ရပ်ဆိုင်းခဲ့သည်။
ဗိုင်းရပ်ဖြစ်ပွားမှုမစခင်ကပင် AirAsia သည် ၂၀၁၉ ဒီဇင်ဘာ ၃၁ တွင် ကုန်ဆုံးသည့် သုံးလပတ်အတွက် ဒုတိယမြောက်ဆက်တိုက် သုံးလပတ်အရှုံး ရင်းဂစ် ၃၈၄ သန်း (ဒေါ်လာ ၉၂ သန်း) ရှိကြောင်း မှတ်ပုံတင်ခဲ့ရပြီး ၂၀၁၈ က အလားတူကာလကလည်း ရင်းဂစ် ၃၉၅ သန်း အရှုံးပေါ်ခဲ့သည်။
AirAsia ၏ အဝေးပျံယူနစ် AirAsia X သည် ၂၀၁၈ ခုနှစ်၏ စတုတ္ထလေးလပတ်တွင် ရင်းဂစ် ၈၈ ဒသမ ၁ သန်း အရှုံးပေါ်မှုနှင့် နှိုင်းယှဉ်လျင် ၎င်း၏ အသားတင်အရှုံးမှာ ရင်းဂစ် ၉၅ ဒသမ ၈ သန်းအထိရှိခဲ့သည်။ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် သြစတြေးလျသို့ လက်မှတ်ရောင်းချရမှုမှာ ကိုရိုနာဗိုင်းရပ်ဖြစ်ပွားမှုကြောင့် အကြီးအကျယ်ထိခိုက်ခဲ့သည်။
MIDF Research မှ အာဒမ်မိုဟာမက်ရာဟင်း၏ အဆိုအရ တရုတ်သို့သွားသည့် ခရီးစဉ်များသည် AirAsia X ခရီးစဉ်အားလုံး၏ ၂၅ ရာခိုင်နှုန်းမှ ၄၅ ရာခိုင်နှုန်းကြားရှိပြီး တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံနှစ်ခုအတွက် ခရီးစဉ်ပမာဏမှာ စုစုပေါင်း၏ ၄၀ရာခိုင်နှုန်းရှိသည်။
Covid-19 ဖြစ်ပွားမှုကို ကိုင်တွယ်ရန် ထန်ကျင်း၊ လန်ကျိုးနှင့် ကျဲပါး ကဲ့သို့ အမြတ်မရသည့်လမ်းကြောင်းများကို ဖျက်သိမ်းရန် AirAsia X က စီစဉ်ထားသည် ဟုသုတေသနစာတမ်းတစ်ခုတွင် ရာဟင်းက ပြောကြားခဲ့သည်။ နေရာရှစ်ခုပါဝင်သော ပျံသန်းမှု ၆၀၀ ကျော်ကို ၂၀၂၀ မတ်လတွင် ဖျက်သိမ်းမည်ဟု စီမံခန့်ခွဲရေးက ညွှန်ကြားထားသည်ဆိုသည်။
လွန်ခဲ့သည့်နှစ်က တရုတ်ခရီးသည် သုံးသန်းကျော် မလေးရှားသို့ လာရောက်ခဲ့ရာ ယခုနှစ်တွင် ကမ္ဘာလှည့်ခရီးသည် သန်း ၃၀ အထိလာရောက်ရန် မလေးရှားက ပစ်မှတ်ထားခဲ့မှုနှင့်အတူ AirAsia ၏ ပြိုင်ဘက် Malaysia Airline မှာလည်း ဝယ်လိုအား သိသိသာသာ ကျဆင်းနေသည်။
အရှုံးပေါ်နေသည့် ဖိလစ်ပိုင်လေကြောင်းလိုင်းသည်လည်း လွန်ခဲ့သည့် သောကြာနေ့က မြေပြင်ဝန်ထမ်း ၃၀၀ ကို အလုပ်ဖြုတ်ခဲ့ပြီး ဗိုင်းရပ်ကြောင့် ခရီးသွားတင်းကျပ်ရာက ဖြစ်ပေါ်လာသည့် ကြီးမားသည့် ဘဏ္ဍာရေးထိခိုက်မှုအတွက် ပြင်ဆင်နေသည်။
ဖိလစ်ပိုင် လေကြောင်းလိုင်းမှာ ၂၀၁၇ ခုနှစ်ကတည်းက အကြွေးတင်နေပြီး လွန်ခဲ့သည့်နှစ်က အရှုံးပေါ်မှုမှာ ဒေါ်လာ ၂၀၈ သန်းအထိရောက်ရှိခဲ့ရာ ကိုရိုနာဗိုင်းရပ်ဖြစ်ပွားသည့် နေရာများသို့ ခရီးသွားကန့်သတ်မှုများ၊ လေကြောင်းခရီး ရပ်ဆိုင်းမှုများ ဆက်လက်ဖြစ်ပေါ်နေပါက အခြေအနေမှာ ပိုမိုဆိုးဝါးမည်ဟု ကုမ္ပဏီက ပြောကြားခဲ့သည်။
ဖိလစ်ပိုင်လေကြောင်းလိုင်းသည် ဟောင်ကောင်၊ မက္ကာအိုအပါအဝင် တရုတ်သို့ အပတ်စဉ်ပျံသန်းမှု ၆၉ ခုနှင့် တောင်ကိုရီးယားသို့ အပတ်စဉ်ပျံသန်းမှု ၁၇ ခု ဖျက်သိမ်းလိုက်ကြောင်း ကုမ္ပဏီပြောခွင့်ရပုဂ္ဂိုလ် စီယယ်လိုဗီလာလူနာက ပြောကြားခဲ့သည်။ ဆုံးရှုံးသည့် ဝင်ငွေများအတွက် ကာမိစေရန် ကုမ္ပဏီသည် သြစတြေးလျရှိ ပါ့သ်နှင့် အင်ဒိုနီးရှားရှိ ကိုတာကီနာဘာလူနှင့် မာနာဒို တို့သို့ ပျံသန်းသည့် လမ်းကြောင်းသစ်များကို စမ်းသပ်ပြေးဆွဲမည်ဟု ဗီလာလူနာက ပြောသည်။
အင်ဒိုနီးရှားလေကြောင်းလိုင်းများမှာလည်း ကိုရိုနာဗိုင်းရပ်ဖြစ်ပွားမှု၏ ရိုက်ခတ်မှုကြောင့် အားတင်းနေရပြီး နိုင်ငံ၏ အဓိကပြည်ပလမ်းကြောင်းနှစ်ခုဖြစ်သည့် တရုတ်နှင့် ဆော်ဒီအာရေးဘီးယားတို့သို့ ပျံသန်းမှုများကို ရပ်ဆိုင်းထားရသည်။
အင်ဒိုနီးရှားသယ်ယူပို့ဆောင်ရေးဝန်ကြီးဋ္ဌာနက တရုတ်နှင့်သက်ဆိုင်သည့် ပျံသန်းမှုအားလုံးကို ပိတ်ပင်လိုက်ရာ ပြည်တွင်းလေကြောင်းလ်ိုင်း ငါးခု ထိခိုက်လျက် ရှိသည်။ ၎င်းလေကြောင်းလိုင်းများမှာ Garuda Indonesia နှင့် ၎င်း၏လက်အောက်ခံ တန်ဘိုးနည်းလေကြောင်းလိုင်း Citilink ၊ အင်ဒိုနီးရှား၏ အကြီးဆုံး ပုဂ္ဂလိကလေကြောင်းလိုင်း Lion Air နှင့် ၎င်း၏ အလယ်အလတ်ဝန်ဆောင်မှုပေးသည့် Batik Air လေကြောင်းလိုင်း ၊ Sriwijaya Air လေကြောင်းလိုင်းတို့ဖြစ်သည်။
ကမ္ဘာ့မွတ်စလင်ဦးရေ အများဆုံးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားအပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ဟာ့ဂျ်ဘုရားဖူးခရီးသည်များကို နိုင်ငံတွင်းသို့ ဝင်ရောက်မှုအား ဆော်ဒီက ပိတ်ပင်လိုက်ရာ လေကြောင်းလိုင်းများအတွက် နောက်ထပ် ထိုးနှက်ချက်တခု ဖြစ်လာခဲ့သည်။
“ဘာလီကနေ တရုတ်ကို နေ့စဉ် ပျံသန်းမှု ၃၅ ခုဝန်းကျင် ဒါမှမဟုတ် တနေ့ကို ခရီးသည် ၆၈၀၀ ပို့ဆောင်ပေးပါတယ်။ ကျနော်တို့ရဲ့ တွက်ချက်မှုကို အခြေခံပြောရရင် ကျနော်တို့ တလကို ရူပီးယား ၄၀ ဘီလျံ (ဒေါ်လာ ၂ ဒသမ ၈ သန်း) ဆုံးရှုံးနစ်နာပါတယ်”ဟု ဘာလီအပါအဝင် အင်ဒိုနီးရှားလေဆိပ် ၁၅ ခုကို လုပ်ငန်းလည်ပတ်နေသည့် နိုင်ငံပိုင် Angkasa Pura I ဒါရိုက်တာ ဖိတ်ဖာမီးက ပြောသည်။
Garuda လေကြောင်းလ်ိုင်း၏ ဒုတိယဥက္ကဋ္ဌ မီတရာပီရန်တီက ပြောကြားခဲ့သည်မှာ ၎င်းတို့လေကြောင်းလိုင်းအနေဖြင့် အင်ဒိုနီးရှားနှင့် စင်ကာပူကြား နေ့စဉ်ပျံသန်းမှု ကိုးကြိမ်ရှိရာမှ သုံးကြိမ်နှင့် ငါးကြိမ်သို့ လျှော့ချခဲ့ပြီး ဆိုးလ်နှင့် ဟောင်ကောင်သို့လည်း အလားတူပျံသန်းမှုများ လျှော့ချခဲ့သည်ဆိုသည်။
“ပျံသန်းမှုကို လျှော့ချတာက ကိုရိုနာဗိုင်းရပ် ပျံ့တာကို မျှော်မှန်းထားတဲ့အပြင် ရောင်းလိုအားနဲ့ ဝယ်လိုအားဆိုတဲ့ ဈေးကွက်အခြေအနေကို ညှိတဲ့သဘောပါ” ဟု ပီရန်တီက ပြောကြားခဲ့သည်။
(Nikkei Asian Review မှ Coronavirus hammers Asian airlines as passenger numbers plummet ကို ဘာသာပြန်သည်။)
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပုသိမ်၌ဖွင့်မည့် စက်ရုံ ၂ ရုံ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း
စက်ရုံ ၃ ရုံ ထပ်ပိတ်၊ အလုပ်သမား၂ ထောင်ကျော် အလုပ်လက်မဲ့ဖြစ်ပြန်
ဒေါ်လာဈေး ကျပ် ၁၄၀၀ အောက်သို့ ကျဆင်း