စီးပွားရေး

ဗဟိုဘဏ် လျှော့တဲ့ အတိုးနှုန်း အရမ်းနည်းဟု ဝေဖန်နေကြ

Want create site? Find Free WordPress Themes and plugins.

မြန်မာ့စီးပွားရေးတိုးတက်ရန် ဗဟိုဘဏ်၏ အတိုးနှုန်း ၀.၅ ရာခိုင်နှုန်း လျှော့ပေးလိုက်သော်လည်း စီးပွားရေးအသိုင်းအဝိုင်းက ထိုပမာဏမှာ စီးပွားရေးကျဆင်းနေသောမြန်မာနိုင်ငံအတွက်  လက်တွေ့တွင် အလုပ်မဖြစ်ကြောင်းပြောဆိုကြသည်။

မြန်မာနိုင်ငံ ဗဟိုဘဏ်က လာမည့် ဧပြီလ ၁ ရက်တွင် စတင် ပြီး ဗဟိုဘဏ်၏ အတိုးနူန်း ၁၀ ရာခိုင်နှုန်းကို ၉ ဒသမ ၅ ရာခိုင်နှုန်းသို့ ပြောင်းလဲသတ်မှတ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုကြေညာချက်အရ ဘဏ်များ၏ အပ်ငွေများ အပေါ် ပေးသည့် အတိုးနှုန်းနှင့် ချေးငွေများအပေါ် တောင်းခံနိုင်သည့် အတိုးနှုန်းများလည်း ပြောင်းလဲသွားမည် ဖြစ်သည်။

ငွေစုစာရင်း အပ်ငွေ၊ ငွေရလက်မှတ်နှင့် အချိန်စေ့မှ ပေးရမည့် အပ်ငွေတို့ အပေါ်တွင် ပေးရမည့် အနည်းဆုံး အတိုးနှုန်းသည် ဗဟိုဘဏ် အတိုးနှုန်းအောက်၂ ရာခိုင်နှုန်းထက်မနည်း ရမည်ဖြစ်ခြင်းကြောင့် အပ်ငွေများ အပေါ် ပေးရသည့် အနည်းဆုံး အတိုးနှုန်းသည် ၇ ဒသမ ၅ ရာခိုင်နှုန်းသို့ ရောက်ရှိသွားမည် ဖြစ်သည်။

ဘဏ်များက အာမခံ ပစ္စည်းများရယူပြီး ထုတ်ချေးသည့် ချေးငွေများအပေါ် တောင်းခံနိုင်သည့် အများဆုံး အတိုးနှုန်းသည် ဗဟိုဘဏ် အတိုးနှုန်း အထက် ၃ ရာခိုင်နှုန်းထက် ကျော်လွန်၍ ကောက်ခံခြင်း မရှိသည့်အတွက် အာမခံပစ္စည်း ရယူထားသည့် ချေးငွေများ၏ အများဆုံး ကောက်ခံနိုင်သော အတိုးနှုန်းမှာ ၁၂ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်သည်။

လက်ရှိတွင် ဘဏ်များက အပ်ငွေအပေါ် ပေးရသည့် အနည်းဆုံး အတိုးနှုန်းသည် ၈ ရာခိုင်နှုန်းဖြစ်ပြီး အာမခံ ရယူထားသည့် ချေးငွေအပေါ် အများဆုံး ကောက်ခံနိုင်သည့် အတိုးနှုန်းသည် ၁၃ ရာခိုင်နှုန်း ဖြစ်သည်။ ဘဏ်များက အပေါင်ပစ္စည်း မရယူထားဘဲ ထုတ်ချေးထားသည့် ချေးငွေများ အပေါ် ကောက်ခံနိုင်သော အများဆုံး အတိုး နှုန်းသည်လည်း ယခင် ၁၆ ရာခိုင်နှုန်းမှ ၁၅ ဒသမ ၅ ရာခိုင်နှုန်းသို့ ပြောင်းလဲသွားမည် ဖြစ်သည်။

ဘဏ်လုပ်ငန်းနှင့် စီးပွားရေး ပညာရှင်များက ဗဟိုဘဏ်၏ အတိုးနှုန်း လျှော့ချလိုက်ခြင်းကို ကြိုဆိုကြသော်လည်း လုပ်ငန်းရှင်များကမူ ယခုလို လျှော့ချလိုက်သည့် အတိုးနှုန်းသည် လက်ရှိ ကျဆင်းနေသော စီးပွားရေး အခြေအနေများ အတွက် အကျိုးသက်ရောက်မှု မရှိနိုင်ကြောင်း ဧရာဝတီသို့ ပြောဆိုကြသည်။

အခြားအာဆီယံန်ိုင်ငံများယှဉ်လျှင် အတိုးနူန်းအများဆုံး ဖြစ်နေသည့်မြန်မာန်ိုင်ငံတွင် အတိုးနူန်း ၀.၅ ရာခိုင်နှုန်း လျော့ပေးခြင်းသည် လက်တွေ့တွင် အလုပ်မဖြစ်ကြောင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ လုပ်ငန်းရှင်များက ဝေဖန်ကြသည်။

ကုန်သည်စက်မှုအသင်းချုပ်ဒုတိယဥက္ကဌ ဒေါက်တာမောင်မောင်လေးက “၀.၅ ရာခိုင်နူန်းကတော့ ဆင်ပါးစပ်နှမ်းပက်သလိုပါပဲ။ ဒါကတော့ လုပ်ငန်းရှင်အများစုက ဝေဖန်နေကြတာပါ။ အခြားနိုင်ငံတွေမှာ အတိုးနူန်းက အများဆုံးမှ ၂ ရာခိုင်နူန်းပါပဲ၊ အတိုးနူန်း ၁၃ ရာခိုင်နူန်းကောက်နေတဲ့ မြန်မာနိုင်ငံအတွက်တော့ ၀.၅ ရာခိုင်နူန်းလျော့တာ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် လုပ်သာကိုင်သာ မရှိပါဘူး”ဟု ပြောသည်။

ဒေါက်တာမောင်မောင်လေးက “စာရွက်ပေါ်မှာ လျော့လိုက်ပြီး လက်တွေ့မှာ ဘာမှ အကျိုးမရှိဘူး။ အခုလို လျော့ပေးတာ အကျပ်ရိုက်နေတဲ့ စီးပွားရေးသမားတွေကို ကယ်ဆယ်တာလို့ ပြောလို့မရဘူး” ဟုပြောသည်။

ကိုရိုနာဗိုင်းရပ်ကြောင့် လက်ရှိအချိန်တွင် အထည်ချုပ်လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ ထိခိုက်နေပြီး မြန်မာစီးပွားရေးမှာ သိသိသာသာကျဆင်းနေကြောင်း ကုန်သည်စက်မှုအသင်းချုပ်ကပြောသည်။

“ဗဟိုဘဏ်အနေနဲ့ ငွေကြေးဖောင်းပွမှုကို ကြောက်ပြီး ဒီထက်လျော့မပေးနိုင်ဘူးဆိုပြီး အကြောင်းပြနေတာ ရှိတယ်။ ဒါကြောင့်လည်း တင်းခံထားတာ။ ဒီတော့စီးပွားရေးလုပ်ငန်းတွေအခြေအနေက နွံနစ်သထက်နစ်လာတယ်” ဟု ဒေါက်တာမောင်မောင်လေးကပြောသည်။

ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ လက်ရှိ နှစ်စဉ် ငွေကြေးဖောင်းပွ မှုနူန်းမှာ ၈.၈ ရာခိုင်နူန်း ရှိနေသည်။

ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေးဖြစ်သူ၊ ဗဟိုဘဏ်၏ ဒုတိယဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးသန်းလွင်က“လျှော့ပေးတာကောင်းပါတယ်။ ဒါပေမယ့် အဲဒီပမာဏက နည်းတယ်။ ဖြည်းဖြည်းချင်း လျှော့ဖို့ ကောင်းတယ်။ တခါတည်း မလျှော့နိုင်ရင်တောင် အလီလီ လျှော့သင့်တယ်။ နည်းနည်းလျှော့ပြီး တခါတည်း ဒီအတိုင်းလေးငါးနှစ် ပစ်ထားလို့မကောင်းဘူး။  နိုင်ငံခြားမှာဆိုရင် တနှစ်ကို သုံးလေးကြိမ် လျှော့ကြတယ်။”

“အတိုးနူန်းဆိုတာ လျှော့လေကောင်းလေပဲ။ ဒီနိုင်ငံက အတိုးနူန်းသိပ်မြင့်နေတယ်။ သူများနိုင်ငံမှာ စီးပွားရေးကျတဲ့အချိန်မှာ တအားလျှော့တယ်။ စကာင်္ပူမှာ ၁ ရာခိုင်နူန်းလောက်ပဲရှိတာ။ ဒီမှာ အတိုးက ၁၃ ရာခိုင်နူန်းကို လျှော့တာ ၀.၅ ရာခိုင်နူန်းပဲ လျှော့တာ။ ဘယ်လောက်ထိ ဆက်လျှော့နိုင်မလဲ ဆိုတာကို ဗဟိုဘဏ်အနေနဲ့ စမ်းသပ်ရမယ်”ဟု ဦးသန်းလွင်ကပြောသည်။

“ဈေးကွက်တုန့်ပြန်မှုကိုကြည့်ပြီး ထပ်လျှော့လိုက် လုပ်ရမှာ။ ဈေးကွက်က အခြေအနေကောင်းတယ်ဆိုရင် ဆက်လျှော့ရမယ်။ သူများနိုင်ငံမှာ အဲဒီလိုပဲ ကျင့်သုံးတယ်။ လျှော့တာများသွားရင်ပြန်တင်လို့ ရတာပဲ။ ဒါက ထုံးစံပဲ။ ဗဟိုဘဏ်က အဲလို မကစားတတ်ရင် မတတ်နိုင်ဘူးပေါ့။ ဗဟိုဘဏ်အပေါ်မှာ မူတည်တာပဲ”ဟု သူက ဆက်ပြောသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလတွင် ဗဟိုဘဏ်သည် အတိုးနူန်းကို လျှော့ချရန် စဉ်းစားနေကြောင်း ထုတ်ဖော်ပြောခဲ့သည်။ သို့သော် မြန်မာနိုင်ငံ၏ငွေကြေးဖောင်းပွဲမှုကို  တွက်ချက်ပြီး သတိကြီးကြီး ကိုင်တွယ်သွားမည်ဟု ပြောဆိုထားသည်။

ဘဏ်လုပ်ငန်း ကျွမ်းကျင်သူ ဦးရဲမင်းဦးက “ဘဏ်တွေ အားလုံးကတော့ ၂ ရာခိုင်နှုန်းလောက်အထိ ကျနော်တို့ ခံနိုင်ရည်ရှိတယ်။ လုပ်ငန်းရှင်တွေကလည်း များများ လျှော့ချလေ ကြိုက်လေပေါ့။ မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေနဲ့ကျတော့ ဘဏ်တွေ စဉ်းစားပုံမျိုး မဟုတ်ဘူး။ သူ့မှာက တခြားသော တွက်ချက်မှုတွေ အများကြီး ရှိသေးတာကို၊ ဒီအချိန်မှာ ၀ ဒသမ ၅ ပဲ ချဖို့ ဆုံးဖြတ်တာက ကျနော်တို့ ၁ ဘဏ်ချင်း တွက်ချက်ထားတဲ့ ကိန်းဂဏန်းထက် ပိုသေချာတဲ့ ဂဏန်းကို ယူတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေး ထိခိုက်မှုကို ဖြေလျော့ရန် နိုင်ငံအသီးသီးက အတိုးနူန်းများကို သိသိသာ လျှော့ချပေးနေသည်။ The Bank of England က အတိုးနူန်းကို ၀.၇၅ ရာခိုင်နူန်းမှ ၀.၂၅ ရာခ်ိုင်နူန်းအထိ ပြီးခဲ့သည့် အပတ်က လျှော့ချပေးခဲ့သည်။ ထိုပမာဏမှာ သမိုင်းတွင် အတိုးနူန်းကို အနိမ့်ဆုံးအဖြစ် ပထမဆုံးအကြိမ်လျော့ချခြင်းဖြစ်သည်။

You  may also like these stories:

COVID- 19 ကြောင့် စက်ရုံ ပိတ်သိမ်းမှု ပိုများလာနိုင်ဟု အလုပ်သမားဝန်ကြီးပြော

ဗိုင်းရပ်စ်ရိုက်ခတ်မှု ကြီးလာပါက အခွန်ကင်းလွတ်၊ သက်သာခွင့်၊ အတိုးနည်း ချေးငွေ ပေးရန် စီစဉ်

ဗဟိုဘဏ် အတိုးနှုန်း သတ်မှတ်ချက် လျှော့ချ

Did you find apk for android? You can find new Free Android Games and apps.
Loading