စီးပွားရေး

မန္တလေးသင်္ကြန်ပွဲတော် ကျင်းပရေး ဖျက်သိမ်း

Want create site? Find Free WordPress Themes and plugins.

COVID-19 ကြောင့် မြို့တော်ဝန် သင်္ကြန်မဏ္ဍပ်အပါအဝင် တိုင်းဒေသကြီး အစိုးရက ဦးစီးကျင်းပသည့် မန္တလေး သင်္ကြန်ပွဲတော်အစီအစဉ်များ ပြုလုပ်တော့မည်မဟုတ်ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

“မန္တလေးမြို့မှာ သင်္ကြန်ကို လူစုလူဝေးနဲ့ကျင်းပတော့မှာ မဟုတ်ပါဘူး၊ ပြီးတော့ ကျုံးဘေးမှာ မဏ္ဍပ်နေရာချထားတာ တွေ၊ ရေကစားဖို့ ရေစုပ်စက်နဲ့နေရာချထားတာမျိုးတွေ ဆောင်ရွက်ပေးမှာမဟုတ်တော့ပါဘူး”ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

COVID-19 ရောဂါသည် လူစုလူဝေးများပြားသည့်နေရာများတွင် လျင်မြန်စွာကူးစက်နိုင်ခြင်းကြောင့် မြန်မာနိုင်ငံ အတွင်းသို့ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် သင်္ကြန်ပွဲတော် မဏ္ဍပ်ဆောက်လုပ်ခြင်း အပါအဝင် ပွဲလမ်း သဘင်အခမ်းအနားများအား ဧပြီလကုန်အထိ ကျင်းပခွင့်ပြုမည် မဟုတ်ကြောင်း နိုင်ငံတော်သမ္မတရုံးက မတ်လ ၁၃ရက်က ထုတ်ပြန်ပြီးနောက် မန္တလေးသင်္ကြန်ကို ရပ်နားခဲ့ခြင်းဖြစ်သည်။

“တခုခုဖြစ်လိုက်တယ်ဆိုရင် တပြည်လုံးက လာကြတာဆိုတော့ ထိန်းမနိုင် သိမ်းမရတွေဖြစ်မှာ စိုးရိမ်ရတာ၊ပြီးတော့ ကျုံးဘေးမှာက အခုတော်တော်သာယာလှပနေပြီ၊ ခဏတာပျော်ရွှင်ဖို့ထက် အခါပြီးတာနဲ့ အဲဒါတွေကို ပြုပြင်ရတဲ့ ကုန်ကျစရိတ်က အပိုကုန်ကျတာပေါ့နော်၊ အခုတော့ သင်္ကြန်ရပ်နားလိုက်ပြီဆိုတော့ အားလုံးအတွက် ကောင်းပါတယ် လို့ပဲ ပြောချင်ပါတယ်၊ လက်ရှိ အခြေအနေအရ အခုလို မလုပ်တာက ပိုကောင်းပါတယ်ဗျာ”ဟု မန္တလေးမြို့ခံ စာရေး ဆရာ ညီပုလေးက ပြောသည်။

မန္တလေး သင်္ကြန်အစီအစဉ်များ ဖျက်သိမ်းခဲ့ခြင်းကြောင့် ဖေဖော်ဝါရီလဆန်းက စတင်ဆောက်လုပ်နေသည့်
မြို့တော်မဟာသင်္ကြန်မဏ္ဍပ်ကို ယနေ့ မတ်လ (၁၄) ရက်မှ စတင်ဖျက်သိမ်းနေပြီဖြစ်သည်။

“မဏ္ဍပ်တွေ၊ တီးဝိုင်းတွေ၊ အဆိုတော်တွေနဲ့ လမ်းလျှောက်သင်္ကြၤန်တွေ အားလုံးမလုပ်တော့တာပါ၊ မိသားစုတွေ ကိုယ့် ရပ်ကွက်ထဲ ပက်တာတို့ ရှေးတုန်းကလို ဒါမျိုးတော့ရှိမှာပေါ့”ဟု ဦးကျော်ဆန်းမြင့်က ပြောသည်။

မန္တလေးသင်္ကြန်အစီအစဉ်များအတွက် ကြိုတင် စီစဉ်ဆောင်ရွက်ထားခြင်းမျိုး မရှိသဖြင့် ငွေကြေးကုန်ကျမည့် အစီ အစဉ်များ လုပ်ဆောင်ထားခြင်း မရှိသေးဘဲ မြို့တော်သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခြင်းကိုသာ လုပ်ဆောင်နေခြင်းဟု သိရသည်။

ယခုနှစ် သင်္ကြန်ပွဲတော် ကျင်းပမည့် အစီအစဉ် ဖျက်သိမ်းသည့်အတွက် မြို့တော်ဝန်မဏ္ဍပ်အား ပြန်လည်ဖျက်သိမ်းနေစဉ်(ဇော်ဇော်၊ ဧရာဝတီ)

“မြို့တော်မဏ္ဍပ်ဆောက်တာကလည်း အလုပ်သမားခလောက်ပဲ ကုန်ကျတာပေါ့၊ မဏ္ဍပ်အတွက် ရှိပြီးသားပစ္စည်းတေ ကို ကောက်ဆင်တာပဲရှိတာလေ၊ အသစ်ဝယ်ပြီးတော့ ဆောက်ရတာမျိုး မဟုတ်ဘူး”ဟု ဦးကျော်ဆန်းမြင့်က ဆက်လက်ပြောသည်။

မကြာမီကျရောက်တော့မည့် မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ ပြုလုပ် မည်ဖြစ်ပြီး မန္တလေးသင်္ကြန်ပွဲတော်သည် မြန်မာနိုင်ငံ၏ ထင်ရှားကျော်ကြားသည့် ပွဲတော်တစ်ခုဖြစ်ပြီး လူဦးရေ သိန်းနှင့်ချီကာ ပါဝင်ဆင်နွှဲလေ့ရှိသည်။

“မိသားစုပုံစံရေကစားတာမျိုးအပေါ် ကျနော်တို့အနေနဲ့ တိုက်တွန်းဖို့လည်းမရှိသလို ကန့်ကွက်ဖို့လည်း မရှိပါဘူး၊ သို့သော် လူစုလူဝေးနဲ့ အန္တရာယ်ဖြစ်လောက်တဲ့ ကျန်းမာရေးအရ ထိခိုက်လောက်တဲ့အနေအထားမျိုးဆိုရင်တော့ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့ကပဲ စီမံကွပ်ကဲဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ဦးကျော်ဆန်းမြင့်က ဆက်လက်ပြောသည်။

မြို့တော်စည်ပင်သာယာရေးကော်မတီက မန္တလေးသင်္ကြန်အား အပြောင်းအလဲဖြစ်စေရန်အတွက် ၂၀၁၇ခုနှစ်က စတင်၍ လမ်းလျှောက်သင်္ကြန်အဖြစ် ဦးဆောင်ပြုလုပ်ခဲ့သည်။

ထို့နောက် ၂၀၁၈ခုနှစ်တွင် လမ်းလျှောက်သင်္ကြန်နှင့် တောသင်္ကြန်၊ ၂၀၁၉ခုနှစ်တွင် လမ်းလျှောက်သင်္ကြန်၊ တောသင်္ကြန်ညဈေးနှင့် တိုင်းရင်းသားသွေးချင်းများ၏ စုပေါင်းမဟာသင်္ကြန်စသည်ဖြင့် တိုးချဲ့ကျင်းပခဲ့သည်။

အဆိုပါသင်္ကြန်ပွဲတော်များတွင် ယိမ်းအဖွဲ့၊ သံချပ်အဖွဲ့၊ ရေကစားမဏ္ဍပ်များ၊ အလှပြယာဉ်များ၊ စတုဒီသာမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များဖြင့် ခမ်းနားစွာ ပြုလုပ်ခဲ့သည်။

ဆက်စပ်ဖတ်ရှုရန်-

မန္တလေး သင်္ကြန် ကျင်းပရန် မသေချာ

မြန်မာနိုင်ငံတွင်း ပွဲတော်များနှင့် COVID-19

ကိုရိုနာဗိုင်းရပ် ပူပန်မှုများကြောင့် နိုင်ငံတော်အတိုင်ပင်ခံ၏ ခရီးစဉ် ဝေဖန်ခံရ

Did you find apk for android? You can find new Free Android Games and apps.
Loading