COVID-19 ကြောင့် ကုန်ကြမ်းများ ပြတ်လပ်၍ ပိတ်သိမ်းသည့် စက်ရုံများ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) သို့ သတင်းပို့ခြင်း မရှိလျှင် ဥပဒေအရ အရေးယူနိုင်ကြောင်း MIC အတွင်းရေးမှူး ဦးသန့်စင်လွင်က ဧရာဝတီ သို့ ပြောသည်။
“ဒါမျိုးက တကြိမ်မှ ဖြစ်ပေါ်ခဲ့ခြင်း မရှိသေးပါဘူး။ သတင်းမပေးပို့တဲ့ စက်ရုံ အလုပ်ရုံတွေရဲ့ အခြေ အနေကိုတော့ သတင်း ရပြီဆိုရင် မြေပြင် ကွင်းဆင်းတဲ့ အဖွဲ့နဲ့ သွားစစ်ရပါမယ်။ ကျနော်တို့ ရင်းနှီးမြှုပ်နှံ မှု ဥပဒေအရ အရေးယူလို့ ရတယ်။ ဥပဒေအရ သူ့တို့ကို အဆင့်လိုက် အရေးယူသွားရမှာ ဖြစ်တယ်။ ဥပဒေမှာ ထောင်ဒဏ်တော့ မရှိပါဘူး”ဟု လည်း ၎င်းက ပြောပြသည်။
စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်သည့် လုပ်ငန်းပုံစံအတိုင်း အဆင့်လိုက် အရေးယူမှု လုပ်ဆောင်သွားမည်ဖြစ်ပြီး MIC သို့ တင်ပြခြင်းမရှိဘဲ ပိတ်သိမ်းသည့် စက်ရုံအား ကွင်းဆင်း စစ်ဆေးတွေ့ရှိပါက လုပ်ငန်းရှင်သို့ အသိပေး အကြောင်းကြားခြင်း၊ ယင်းနောက် ၎င်း၏ လုပ်ငန်းကို ယာယီ ပိတ်သိမ်းခြင်း မဟုတ်ဘဲ အမြဲတမ်း ပိတ်သိမ်းခြင်း တွင်ပါ အကျူံးဝင်စေရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း MIC ဥပဒေတွင် ဖော်ပြထားသည်။
ဦးသန့်စင်လွင်က“လုပ်ငန်းရှင်တွေဘက်က ပြောတာ ရုံ ၂၀၊ အလုပ်သမား သမဂ္ဂတွေဘက်က ပြောတာ ၁၄ ရုံ၊ ရန်ကုန်တိုင်းဒေသကြီးရဲ့ သတင်းတွေအရ ဆိုရင် စက်ရုံ ၁၆ ရုံ ကွဲပြားနေတယ်။ ဒါတွေနဲ့ ပတ် သက်ပြီး ကျနော်တို့ သတင်း အချက်အလက် စုဆောင်း နေပါတယ်။ ပိတ်သိမ်းမှု ရှိနေတယ် ဆိုတာကတော့ သေချာပါတယ်။ အရေအတွက်သာ ကျနော်တို့ ဆီကို တရားဝင် ရောက်လာခြင်း မရှိတာ”ဟု ပြောသည်။
လက်ရှိတွင် MIC သို့ ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်က ဟွာမန် အထည်ချုပ် စက်ရုံသာလျှင် COVID-19 ကြောင့် ကုန်ကြမ်းသယ်ယူ၍ မရသဖြင့် ဖေဖော်ဝါရီလ ၂၉ ရက်ကစပြီး စက်ရုံပိတ်သိမ်းမည် ဖြစ်ကြောင်း အကြောင်း ကြားထားပြီး ကျန်စက်ရုံများမှာ သတင်းစကားများအရသာ သိရခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများ အပေါ် ကုစားရေး လုပ်ငန်းကော်မတီ အဖွဲ့ အစည်းအဝေးတွင် ပါဝင်သူလည်း ဖြစ်သည့် ဦးသန့်စင်လွင်က“ကွင်းဆင်း စစ်ဆေးတော့မှ အကျိုးအကြောင်း ပြောရမယ်။ ဒါကတော့ စက်ရုံ၊ အလုပ်ရုံတွေ သိရတဲ့ အခြေအနေပေါ် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ကျနော်တို့ ဌာနရဲ့ လုပ်ပိုင် ခွင့် ဖြစ်ပါတယ်”ဟုလည်း ပြောသည်။
အမှန်တကယ် ပိတ်သိမ်းခြင်းနှင့် စက်ရုံပိုင်ရှင် ထွက်ပြေးခြင်းတို့အား ယခုကာလအတွင်း အားလုံးကို လိုက်လံစစ်ဆေး ရန် မဖြစ်နိုင်သော်လည်း ထူးခြားသည့် ကိစ္စများ၊ စစ်သင့်သည်ဟု ကော်မရှင်သို့ တင်ပြလာပါက စစ်ဆေးသွားမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
လက်ရှိ COVID-19 သည် ကမ္ဘာနိုင်ငံပေါင်း ၁၃၀ ကျော်သို့ ကူူးဆက်ပြန့်ပွားလျက်ရှိပြီး လူဦးရေ ၆ ထောင်ကျော် သေဆုံးမှု ရှိသည့်အပြင် ကမ္ဘာ့စီးပွားရေးကိုလည်း ရိုက်ခတ်မှု ရှိနေသည်။
ထိုကြောင့် MIC အနေနှင့် COVID-19 ကြောင့် ထိခိုက်သွားသည့် စီးပွားရေး လုပ်ငန်းများကို ကုစားရန် အခွန် သက်သာခွင့်၊ ကင်းလွတ်ခွင့် နှင့် စီးပွားရေး လုပ်ငန်းများအား ခွင့်ပြုမိန့်၊ အတည်ပြုမိန့်များ ပေးခြင်း စသည့်တို့ကို လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း သိရသည်။
ယခုလအတွင်း ပိတ်သိမ်းရန် ကြေညာထားသည့် လက်ဝါး ၂ စက်ရုံပိုင်ရှင် ဦးခင်မောင်အေးက“ကျနော်တို့က ပါမစ်ကို ခဏပဲ ရပ်ထားတာ။ အော်ဒါ ပြန်ကောင်းတဲ့ တနေ့ကျရင်တော့ ပုံစံတမျိုးနဲ့ ပြန်ဖွင့်ရင်လည်း ဖွင့်မယ်။ မဖွင့်ရင်လည်း မဖွင့်ဘူးပေါ့ဗျာ။ မဖွင့်တော့ဘူးလို့ ရည်ရွယ်ရင်တော့ MIC ကို ပြန်အပ်ရမှာ ဖြစ်တယ်။ အခုလိုမျိုးက တခါမှ မကြုံဘူး တော့ ဘယ်လိုလည်း မပြောတတ်ဘူး။ MIC က လာသတ်မှတ်ရင်တော့ ပေးရမှာပဲ”ဟု ဧရာဝတီသို့ ပြောသည်။
MIC မှ လုပ်ငန်းပါမစ် ပြန်အပ်ရန် အကြောင်းကြားလာပါက ပြန်အပ်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောဆို သည်။
COVID- 19 ကြောင့် မြန်မာနိုင်ငံအတွင်း စက်ရုံပိတ်သိမ်းမှု ပိုများလာနိုင်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မတ်လ ၁၃ ရက်က ပြောကြားထားသည်။
ပိတ်သိမ်းမည့် စက်ရုံ အရေအတွက်ကို အတိအကျ ပြောရန် ခက်ခဲကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က အကောင်းဆုံး တုံ့ပြန်ရန် မှာကြားထားပြီး ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများ စုပေါင်း ၍ အကောင်းဆုံး ဖြစ်ရန် အလုပ်ရှင်၊ အလုပ်သမားများ အတွက် အကောင်းဆုံး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ဆိုသည်။
ထိုသို့ စက်ရုံများ ပိတ်သိမ်းလိုက်သဖြင့် စက်ရုံ လုပ်သားပေါင်း ၈၀၀၀ နီးပါး အလုပ်လက်မဲ့ဖြစ်သည်ဟု ဝန်ကြီးဌာန အနေဖြင့် ထုတ်ပြန်သော်လည်း အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၏ စစ်တမ်းများအရ အလုပ်သမားပေါင်း ၁ သောင်းဝန်းကျင် အလုပ်လက်မဲ့ ဖြစ်ရကြောင်း သိရသည်။
ရန်ကုန်တိုင်း အတွင်းရှိ အထည်ချုပ် လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် အလုပ်သမားဦးရေ ၅ သိန်းကျော်ရှိပြီး တရုတ် အထည်ချုပ် စက်ရုံ ၂၃၆ ရုံ၊ ကိုရီးယား အထည်ချုပ် စက်ရုံ ၆၇ ရုံ၊ ဂျပန် အထည်ချုပ် စက်ရုံ ၂၀ နှင့် မြန်မာပိုင် အထည်ချုပ် စက်ရုံ ၉၂ ရုံရှိကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းက ပြောသည်။
You may also like these stories:
တနိုင်ငံလုံးရှိ ရုပ်ရှင်ရုံများ ရက် အကန့်အသတ် မရှိ ယာယီပိတ်
သင်္ကြန်ပြန်မည့် လုပ်သားများ ထိုင်းပြန်လာလျှင် ၁၄ ရက် သီးခြားထား၍ စောင့်ကြည့်မည်
ဥရောပ အပါအဝင် ၇ နိုင်ငံ မြန်မာ ပြည်ဝင်ခွင့် ကန့်သတ်