စီးပွားရေး

မေလကုန်တွင် လေကြောင်းလိုင်းအများစု ဒေဝါလီခံရနိုင်

ကိုရိုနာဗိုင်းရပ်စ်ရောဂါက ကမ္ဘာ့နိုင်ငံအများအပြားကို ပျံ့နှံ့မှုကြောင့် အစိုးရများနှင့် လေကြောင်းလုပ်ငန်းတို့သာ အခြေအနေဆိုးကို ရှောင်ရှားနိုင်ရန် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိပါက ကမ္ဘာတဝန်းရှိ လေကြောင်းလိုင်းအများစုမှာ မေလကုန်တွင် ဒေဝါလီခံရမည်ဖြစ်ကြောင်း လေကြောင်းအတိုင်ပင်ခံလုပ်ငန်းတခုက သတိပေးလိုက်သည်။

လေကြောင်းလိုင်းအများအပြားမှာ လူမွဲစာရင်းဝင်ကြေညာရန် တွန်းပို့ခံနေရ သို့မဟုတ် အကြွေးပဋိဉာဉ်များ ချိုးဖောက်နေပြီဖြစ်ကြောင်း ဆစ်ဒနီအခြေစိုက် အတိုင်ပင်ခံလုပ်ငန်း CAPA Centre for Aviation က တနင်္လာနေ့က ကြေညာချက်တခုတွင် ပြောကြားခဲ့သည်။ ၎င်းတို့လေယာဉ်များမှာ သောင်တင်နေပြီး ပျံသန်းရသည့် လေယာဉ်များတွင်လည်း ခရီးသည်မှာ ထက်ဝက်သာသာရှိနေရာ လေကြောင်းလိုင်းများမှာ ၎င်းတို့၏အရန်ငွေများ လျင်မြန်စွာ လျော့နည်းလာသည်။

ကပ်ဆိုးကြီးကို ရှောင်ရှားရမည်ဆိုပါက ယခုအချိန်တွင် အစိုးရနှင့် လေကြောင်းလုပ်ငန်းတို့မှာ ပေါင်းစပ်ညိနှိုင်း အရေးယူဆောင်ရွက်ရန် လိုအပ်နေသည်ဟု CAPA ကပြောသည်။ ယင်းသို့ မဆောင်ရွက်ပါက အကျပ်အတည်းမှ ထွက်ပေါ်လာမှုက ရက်စက်သည့် စစ်မြေပြင်တခုအတွင်း ဝင်ရသကဲ့သို့ ပျက်စီးဆုံးရှုံးမှုများက နေရာတကာ ပျံ့ကျဲနေမည်ဟုလည်း ၎င်းကဆိုသည်။

အမေရိကန်၊ တရုတ်နှင့် အရှေ့အလယ်ပိုင်းရှိ အကြီးမားဆုံး လေကြောင်းလိုင်းအများစုမှာ အစိုးရအကူအညီ သို့မဟုတ် ပိုင်ရှင်ဖြစ်သူတို့၏ ပံ့ပိုးမှုကြောင့် ရှင်သန်နိုင်ဖွယ်ရှိသည်ဟု CAPA ကပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လေကြောင်းသွားလာမှုက တဖြည်းဖြည်းတန့်လာစဉ် လေကြောင်းလိုင်းများမှာ ဗိုင်းရပ်ကြောင့် အကြီးမားဆုံး ကော်ပိုရိတ် ထိခိုက်မှုများတွင် ပါဝင်သည်။ American Airlines Group Inc. မှသည် Australia’s Qantas Airways Ltd တို့မှ လေကြောင်းလိုင်းများမှာ စွမ်းဆောင်ရည်ကျဆင်းသွားပြီး တချိန်တည်းမှာပင် ဆွီဒင်၏ SAS AB ကဲ့သို့ လေကြောင်းလိုင်းအချို့မှာလည်း ဝန်ထမ်းအများစုကို လျှော့ချထားရသည်။

ဥရောပ၏ အကြီးမားဆုံး ဒေသဆိုင်ရာလေကြောင်းလိုင်း Flybe မှာ ပြိုလဲသွားပြီ ဖြစ်သည်။ လေကြောင်းလိုင်းများမှာ ယခုနှစ်တွင် ဝင်ငွေဆုံးရှုံးမှု ဒေါ်လာ ၁၁၃ ဘီလျံအထိရှိနိုင်သည်ဟု နိုင်ငံတကာလေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့က ပြောသည်။

ကိုးကား။ ။ Bloomberg

You may also like these stories:

ကိုရိုနာဗိုင်းရပ်ကြောင့် အာရှလေကြောင်းလိုင်းများ ဆိုးရွားစွာ အထိနာ

ဗိုင်းရပ်စ် ကူးစက်ခံလိုက်ရသည့် မြန်မာ့ပို့ကုန် ကဏ္ဍ

ဗိုင်းရပ်စ်ရိုက်ခတ်မှု ကြီးလာပါက အခွန်ကင်းလွတ်၊ သက်သာခွင့်၊ အတိုးနည်း ချေးငွေ ပေးရန် စီစဉ်

Loading