ဂျပန်အခြေစိုက် ကားကုမ္ပဏီ ၁ ခုဖြစ်သည့် Suzuki Motor Corporation သည် သီလဝါ အထူး စီးပွားရေးဇုန်တွင် အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် (ယန်း ၁၂ ဘီလီယံ) ရင်းနှီးမြှုပ်နှံပြီး CKD (Completely Knocked Down) စနစ်ဖြင့် ကားစက်ရုံ တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
Suzuki Motor Corporation သည် သီလဝါ အထူးစီးပွားရေး ဇုန်တွင် SKD (Semi Knocked Down) စနစ်ဖြင့် မော်တော် ယာဉ်များကို တပ်ဆင်ထုတ်လုပ်သော စက်ရုံ ၁ ရုံ ရင်းနှီးမြှုပ်နှံထားပြီး ယခုတွင် CKD စနစ်ဖြင့်(Welding, Painting, Assembly) စက်ရုံအသစ်ကို ထပ်မံ ရင်းနှီးမြှုပ်နှံခြင်း ဖြစ်သည်။
Suzuki အနေဖြင့် မြန်မာနိုင်ငံတွင် ဈေးကွက် ကျယ်ပြန့်လာခြင်းကြောင့် စက်ရုံသစ်ကို တည်ဆောက်ခြင်းဖြစ်ပြီး ထိုစက်ရုံ သည် ၂၀၂၁ ခုနှစ် စက်တင်ဘာလ၌ လုပ်ငန်း စတင်လည်ပတ်မည်ဖြစ်ပြီး နှစ်စဉ် ကားအစီးရေ ၄ သောင်းခန့် ထုတ်လုပ် သွားမည် ဖြစ်ကြောင်း Suzuki ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။
“ဒါက ကြိုဆိုရမယ့်ကိစ္စပါ။ SKD ကနေ CKD ကို ဘယ်နှနှစ်အတွင်း သွားရမယ်ဆိုတာ ပါပြီးသားလေ။ အခုလိုမျိုး CKD စနစ်နဲ့ ကုမ္ပဏီကြီး ၁ ခုက စပြီးလုပ်ပြီဆိုတော့ နောက်ကုမ္ပဏီတွေလည်း ထပ်ပါလာအောင် တွန်းအား ၁ ခုပဲ ”ဟု မြန်မာ့ မော်တော်ယာဉ် ထုတ်လုပ်ရေး နှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးမျိုးဇင်ဝင်းက ဧရာဝတီ သို့ ပြောသည်။
ထို့ပြင် Suzuki ကားအမှတ်တံဆိပ်သည် လက်ရှိ ပြည်တွင်းဈေးကွက်ထဲတွင် ရောင်းအားအကောင်းဆုံး ဖြစ်နေသည့် အတွက် ဈေးကွက်အတွက် ပြည့်မီအောင် ဆောင်ရွက်ခြင်းလည်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဦးမျိုးဇင်ဝင်းက ဆက်လက်၍ “SKD စနစ်ကနေ CKD ကူးပြီဆိုရင် နည်းပညာပိုင်းဆိုင်ရာတွေရော တိုးတက်မှု ရှိလာမယ်။ ကိုယ့်နိုင်ငံသားတွေလည်း အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ ဈေးကွက်ထဲမှာလည်း ယှဉ်ပြိုင်အား ကောင်းလာပြီးတော့ သုံးစွဲသူတွေအတွက် ဝန်ဆောင်မှုကောင်းကောင်းတွေ ပိုရလာတော့မှာပေါ့” ဟု ပြောသည်။
Suzuki ကားကုမ္ပဏီ သည် ၁၉၉၈ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် မော်တော် ဆိုင်ကယ်နှင့် မော်တော်ယာဉ်များကို အစိုးရနှင့် ဖက်စပ်အဖြစ် ထုတ်လုပ် တပ်ဆင်ရောင်းချခြင်းဖြင့် လုပ်ငန်းများ စတင်ခဲ့ခြင်းဖြစ်ကာ လက်ရှိအချိန်တွင် အမေရိကန်ဒေါ်လာ ၃၅ သန်းခန့် ရင်းနှီးမြှုပ်နှံထားသည်။
ထို့နောက် Suzuki (Myanmar) Motor Co.,Ltd နှင့် Suzuki Thilawa Motor Co.,Ltd တို့အဖြစ် ရာနှုန်းပြည့် ရင်း နှီးမြှုပ်နှံထားပြီး လက်ရှိတွင် တောင်ဒဂုံစက်ရုံနှင့် သီလဝါစက်ရုံတို့တွင် Carry, Ciaz, Ertiga နှင့် Swift ကားအမျိုး အစားများကို ထုတ်လုပ်လျက်ရှိသည်။
၂၀၁၉ ခုနှစ် ၁ နှစ်လုံးတွင် မြန်မာနိုင်ငံ၌ ကားအစီးရေ ၁၃,၃၀၀ စီးကို ထုတ်လုပ်ခဲ့ရာ ယခင်နှစ်ထက် ၁၂၅ ရာခိုင်နှုန်း တိုးတက် ထုတ်လုပ်နိုင်ခဲ့ပြီး ကားသစ်ရောင်းချမှုတွင်လည်း ဈေးကွက်ရှယ်ယာ ၆၀.၃ ရာခိုင်နှုန်း ရရှိခဲ့ပြီး အစီးရေ ၁၃,၂၀၆ စီးကို ရောင်းချနိုင်ခဲ့ရာ ယခင်နှစ်ထက် ၁၂၈ ရာခိုင်နှုန်း တိုးတက် ရောင်းချနိုင်ခဲ့ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဂျပန်အခြေစိုက် ကားကုမ္ပဏီကြီး တခုဖြစ်သည့် တိုယိုတာ ကားကုမ္ပဏီကလည်း သီလဝါအထူးစီးပွားရေး ဇုန်တွင် SKD (Semi Knock Down) စနစ်ဖြင့် ထုတ်လုပ်မည့် ကားစက်ရုံကို အမေရိကန်ဒေါ်လာ သန်း ၅၂ ဒသမ ၆ ရင်းနှီးမြှုပ်နှံ ထားလျက်ရှိသည်။
You may also like these stories:
ကိုရိုနာဂယက် လေကြောင်းလိုင်းတွေ အကျပ်
မြန်မာ့ စိန်တလုံးသရက် ဂျပန် ဝယ်မည်
စီးပွားရေး ထိခိုက်မှု ကုစားရန် ကျပ် ၁၀၀ ဘီလီယံ အစိုးရ ထုတ်ချေးမည်