မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန် ရည်ရွယ်၍ ၁ နှစ် အတိုးနှုန်း ၉ ဒသမ ၅ ရာခိုင်နှုန်း မှ ၈ ဒသမ ၅ ရာခိုင်နှုန်းသို့ လျှော့ချ သတ်မှတ်ကြောင်း ဗဟိုဘဏ်က ယနေ့ ထုတ်ပြန်လိုက်သည်။
ထိုသို့ ပြောင်းလဲလျှော့ချမှုအရ ငွေစုစာရင်း အပ်ငွေ၊ ငွေစု လက်မှတ်နှင့် အချိန်စေ့မှ ပေးရမည့် အပ်ငွေတို့ အပေါ်တွင် ပေးရမည့် အနည်းဆုံး အတိုးနှုန်းသည် ဗဟိုဘဏ် အတိုးနှုန်းအောက်၂ ရာခိုင်နှုန်းထက် မနည်းရမည် ဖြစ်သောကြောင့် အပ်ငွေများအပေါ် ပေးရသည့် အနည်းဆုံး အတိုးနှုန်းသည် ၆ ဒသမ ၅ ရာခိုင်နှုန်းသို့ ရောက်ရှိသွားမည် ဖြစ်သည်။
ထို့ပြင် ဘဏ်များက အာမခံ ပစ္စည်းများ ရယူပြီး ထုတ်ချေးသည့် ချေးငွေများအပေါ် တောင်းခံနိုင်သည့် အများဆုံး အတိုးနှုန်းသည် ဗဟိုဘဏ် အတိုးနှုန်းထက် ၃ ရာခိုင်နှုန်း ကျော်လွန်၍ ကောက်ခံခြင်းမရှိသည့်အတွက် အာမခံပစ္စည်း ရယူထားသည့် ချေးငွေများ၏ အများဆုံး ကောက်ခံနိုင်သော အတိုးနှုန်းမှာ ၁၁ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေမှုကြောင့် ကမာ္ဘ့စီးပွားရေးအပြင် မြန်မာ့စီးပွားရေးပါ ရိုက်ခတ်မှု ပြင်းထန်စွာ ခံစားနေရ သဖြင့် မတ်လ ၁၂ ရက်တွင် ဗဟိုဘဏ်၏ ၁ နှစ် အတိုးနှုန်း ၁၀ ရာခိုင်နှုန်းမှ ၉ ဒသမ ၅ ရာခိုင်နှုန်းသို့ ပြောင်းလဲသတ်မှတ် လိုက်သည်။ ထိုသို့ ပြောင်းလဲခြင်းအပြီး ယခုထပ်မံ၍ လျှော့ချပေးလိုက်ခြင်း ဖြစ်သည်။
ယခင်က အပ်ငွေအပေါ် ပေးရသည့် အနည်းဆုံး အတိုးနှုန်းသည် ၈ ရာခိုင်နှုန်းဖြစ်ပြီး အာမခံရယူထားသည့် ချေးငွေအပေါ် အများဆုံး ကောက်ခံနိုင်သည့် အတိုးနှုန်းသည် ၁၃ ရာခိုင်နှုန်း ဖြစ်သည်။
လက်ရှိ မြန်မာ့စီးပွားရေး အခြေအနေအရ လျှော့ချသင့်သည့် အခြေအနေ၌လည်း ရောက်နေပြီ ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များ၊ ဘဏ်လုပ်ငန်းရှင်များနှင့် စီးပွားရေး ပညာရှင်များက ပြောဆိုကြသည်။
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဒု ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေး “အတိုးနှုန်းတွေ အခုလို လျှော့ချပေးတာ လုပ်ငန်းရှင် တယောက်အနေနဲ့ ကြိုဆိုပါတယ်။ ဒါပေမယ့် နိုင်ငံခြားမှာတော့ ဒီ ထက်မက ချတာတော့ ရှိတယ်။ လုပ်သာကိုင်သာ ရှိအောင်တော့ ချပေးသင့်တယ်လို့ ထင်ပါတယ်။ ဗဟိုဘဏ်တာဝန်ရှိတဲ့ သူတွေက စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ထိတွေ့ပြီးတော့ ဒီထက်မက လုပ်ပေးနိုင်မယ်ဆိုရင် အသက်ရူပေါက် ရနိုင်မယ်။ ဒါ က တကမာ္ဘလုံး လုပ်နေတာပါ။ သူတို့ပဲ လုပ်နေတာ မဟုတ်ပါဘူး” ဟု ပြောသည်။
ယခု ချပေးလိုက်သော အတိုးနှုန်းများသည် တချို့လုပ်ငန်းများအပေါ်တွင် အကျိုး သက်ရောက်မှုရှိသော်လည်း လုပ်ငန်း အများစုအတွက် အကျိုးသက်ရောက်မှု နည်းနေသေးကြောင်း ၎င်းက သုံးသပ် ပြောဆိုသည်။
You may also like these stories:
ဗဟိုဘဏ် အတိုးနှုန်း သတ်မှတ်ချက် လျှော့ချ
ဘဏ်တိုးနှုန်းလျှော့ချမှုအပေါ် သူတို့ ဘယ်လိုမြင်လဲ