စီးပွားရေး

အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြှင့်ရောင်းပါက တိုင်ကြားနိုင်

မြန်မာနိုင်ငံ အတွင်း အခြေခံ စားသောက်ကုန်များကို ပုံမှန်ဈေးထက် ပိုမို ရောင်းချနေခြင်းများ အပေါ် တိကျစွာ တိုင်ကြားလာပါက သတိပေး တားမြစ်မှုများ ပြုလုပ်သွားမည်ဟု စားသုံးသူရေးရာ ဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးမြင့်လွင်က ဧရာဝတီသို့ ပြောကြားသည်။

ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်က “ကျနော်တို့ စားသုံးသူ ကာကွယ်ရေး ဥပဒေအရ ဆိုရင်တော့ ဈေးနှုန်း တင်ရောင်းတဲ့ အပေါ်မှာ အရေးယူပေးလို့ မရဘူး။ ဒါပေမယ့် ကျနော်တို့ကို ဆိုင်လိပ်စာနဲ့တကွ တိတိကျကျ တိုင်လာရင်တော့ ကျနော်တို့က ဖုန်းဆက်ပြီးပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် နီးစပ်ရာဝန်ထမ်းကနေ ဈေးနှုန်းတင် မရောင်းချဖို့ သတိပေးတာ တားမြစ်တာ ဒါမျိုးတော့ လုပ်လို့ရတယ်” ဟု ပြောသည်။

လက်ရှိ ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် ဈေးများ ပိတ်သိမ်းမည်ကို စိုးရိမ်ကြကာ ပြည်သူများ က ကုန်ပစ္စည်းများ သိုလှောင်ခြင်း၊ အလုအယက် ဝယ်ယူမှုအပေါ် အချို့သော ကုန်သည်များက ဈေးနှုန်း တင်ကာ ရောင်းချနေခြင်း ရှိနေသည်။

မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) ဥက္ကဋ္ဌ ဦးကျော်မင်းက ကုန်သည်တွေကလည်း ဒီလိုအချိန်မှာ ဈေးမတင်ရအောင် အစိုးရကလည်း ကုန်သည်တွေဘက်ကို ကြည့်မလား အစိုးရ ဘယ်လောက် စိုက်ထုတ်ပြီး ဝယ်မယ် ဘယ်လိုစနစ်နဲ့ ဝေငှရောင်းချမယ်ဆိုတဲ့ စနစ်တွေ လုပ်ရမှာပဲ။ လောလောဆယ်ကတော့ မန္တလေးကတော့ ရန်ကုန်ကို စောင့်ကြည့်ရတဲ့ အနေအထားပေါ့။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းကလည်း ဆန်၊ဆီ၊ ဆားအစရှိသဖြင့် စားသောက်ကုန် မျိုးစုံ ဝယ်ယူ စုဆောင်းမှုများ ပြုလုပ်နေကြသည့် အတွက် ကုန်စည်များ၊ ပုံမှန်အခြေအနေထက် ပိုမို ဝယ်လို အား မြင့်တက်နေသည်ကို တွေ့ရှိရပြီး အချို့သော စီးပွားရေး အကျိုးအမြတ်ရှာသူများမှလည်း ဈေးနှုန်းမြှင့်တင် ရောင်းချမှုများ တွေ့နေရသည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် ဆန်ဆိုင်၊ လက်လီဆိုင်၊ လက္ကား ရောင်းဝယ်သူအချို့မှာ ဈေးနှုန်းမြှင့်၍ ရောင်းချနေသည်ဟုလည်း စားသုံးသူအချို့ တိုင်ကြားမှုများလည်း ရှိခြင်းကြောင့် ဆန်ဈေးများ ပိုမိုမြင့်တင်ရောင်းချသော စီးပွားရေး ကုန်သည်သမားများရှိပါက အထောက်အထားနှင့်တကွ တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားခံရသော ကုန်သည်များကို စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

မြန်မာနိုင်ငံ ဆီနှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်ကြူကလည်း “အသင်းကလည်း ရှိတဲ့ ဆီတွေကို ဈေးနှုန်း မတက်ဘဲနဲ့ ရောင်းတယ်။ မနေ့ကတော့ အဝယ်နည်းနည်း များလာတယ်။ များလာတော့ ဈေးမတက် ပါဘူး။ ဝယ်တဲ့သူတွေကို တနေ့ ရောင်းနိုင်သလောက် ခါတိုင်း ရောင်းနေကျလောက်ပဲ control နဲ့ပဲ ရောင်းမယ် လို့ စီစဉ်ထားတယ်ပေါ့။ ဆီတင်သွင်းတဲ့ သူတွေ ရောင်းတဲ့သူတွေ အကုန်လုံးကိုလည်း ညွှန်ကြားထားပါတယ်။” ဟု ပြောသည်။

ရန်ကုန်သာမက မန္တလေး၊ စစ်ကိုင်း၊ ချင်း စသော ဒေသများတွင်လည်း ကုန်ဈေးနှုန်းများ တိုးမြှင့်မှု မရှိစေရေး အကြံပြုမှုများ ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင်လည်း ကိုရိုနာဗိုင်းရပ်စ်(Covid-19)ကို အကြောင်းပြုပြီး စားသောက်ကုန်များ အလုအယက် ဝယ်ယူခြင်းကြောင့် လုယက်မှုများ ဖြစ်လာနိုင်သည့်အတွက် ကုန်ဈေးနှုန်းကို ပုံမှန်ဈေးထက် ပိုမို ရောင်းချပါက အရေးယူသွားမည်ဟု စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ဧရာဝတီသို့ ပြောသည်။

ဝန်ကြီး ဦးမြင့်ကြည်က”ဈေးပိုမရောင်းဖို့ပေါ့။ မရခဲ့ရင်တော့ အရေးယူသွားတာမျိုးတွေ လုပ်မယ်။ အရေးယူတယ်ဆိုတာ က ဒီဆိုင်က ဒီလိုလုပ်တယ်ဆိုရင် နောင်တချိန် သူတို့ရဲ့ လုပ်ပိုင်ခွင့်ကို ဈေးနဲ့ပဲဖြစ်ဖြစ်၊ စည်ပင်နဲ့ပဲဖြစ်ဖြစ် ပူး ပေါင်းဆောင်ရွက်မှု မရှိရင် အကျိုးသက်ရောက်မှုတော့ ရှိသွားမှာပေါ့။ ပြစ်ဒဏ်အနေနဲ့ အရေးယူတာမဟုတ် ပါဘူး။ သူတို့ (လုပ်ငန်းရှင်တွေ)ပူးပေါင်းဆောင်ရွက်ဖို့ပါပဲ” ဟု ပြောသည်။

အဆိုပါဒေသတွင် အပြင်ထွက်ခွင့် မရတော့ပါက အစားအသောက် ဝယ်ယူရန် လိုအပ်သည့် ပစ္စည်းများကို အသင်းအဖွဲ့၊ စည်ပင်၊ လူမှုအဖွဲ့အစည်း၊ ပါတီလူငယ်များမှ ပူးပေါင်းကာ မိုဘိုင်းဈေးပုံစံဖြင့် သော်လည်းကောင်း၊ လိုအပ်သည့် စာရင်းကို ပေးပါကလည်း ချိတ်ဆက်ဝယ်ပေးခြင်း ပုံစံဖြင့် လည်းကောင်း အကျိုးဆောင် ပေးမည် ဖြစ်ကြောင်း၊ ထိုအစီအစဉ်ကို စစ်ကိုင်းတိုင်း တခုလုံးတွင် မြို့နယ်အလိုက် စီမံချက်ဆွဲပြီး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း မုံရွာတွင် နေထိုင်သည့် အိမ်ရှင်မ ဒေါ်သူဇာကလည်း ပုံမှန်ဈေးနှုန်းကို လူတိုင်း သိထားသည့် အတွက် ဈေးတင် ရောင်းသော ဆိုင်များအား မှတ်သားထားပြီး စည်ပင်သို့ တိုင်ကြားပါက ထိရောက်စွာ အရေးယူစေလိုကြောင်း၊ နှုတ်မိန့်ဖြင့် လိုက်နာမည် မဟုတ်သည့်အတွက် သတိပေးစာဖြင့် အရေးယူပါက ပိုမိုထိရောက်နိုင်ကြောင်း အကြံပြုပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးတွင်လည်း ကုန်ဈေးနှုန်းများကို ဈေးမြှင့်ရောင်းချမှုများ ရှိလာပါက ပြင်းပြင်းထန်ထန် အရေးယူမှုဟု ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က မကြာသေးမီက ပြောဆိုထားသည်။

လတ်တလောတွင် အခြေခံ စားသောက်ကုန်များမှာ ဈေးနှုန်း သိသိသာသာ မြင့်တက်သွားခြင်း မရှိသော်လည်း ကျန်းမာရေးအသုံးအဆောင် များဖြစ်သည့် Mask များ၊ Dettol၊ ပိုးသတ်ဆေး၊ လက်အိတ်ကဲ့သို့သော COVID-19 ရောဂါ ဖြစ်ပွားမှုမှ ကာကွယ်ရန် အဓိက လိုအပ်သည့် ပစ္စည်းများမှာ ဈေး မတန်တဆ ရောင်းချမှုများ ရှိသည်ဟုဆိုကာ လူမှုကွန်ရက်စာမျက်နှာထက်တွင် ဝေဖန်ပြောဆိုမှုများ ရှိနေသည်။

မြန်မာနိုင်ငံတွင် မတ် ၂၅ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး တွေ့ရှိသူ ၃ ဦးရှိပြီး စောင့်ကြည့်၊ သံသယ လူနာ ၂၃၈ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

You may also like these stories:

စားသောက်ကုန်က ပြတ်တောက်စရာ မရှိပါဘူး

Mask တွေ ပြတ်လပ်ချိန်မှာ ကိုယ်တိုင် နှာခေါင်းစည်း ပြုလုပ်နည်း

Loading