နယူးယောက်မှ ပါရီနှင့် မဒရစ်အထိ ကမ္ဘာတဝှမ်းတွင် စားသောက်ဆိုင်များ၊ ဆိုင်များ၊ လေကြောင်းလိုင်းများနှင့် စက်ရုံများပိတ်နေရချိန်တွင် ကမ္ဘာတဝှမ်း စီးပွားဆုတ်ကပ်သည် နီးကပ်လာရုံမျှမက စတင်နေပြီဖြစ်ကြောင်း ဘောဂဗေဒပညာရှင်များက သတိပေးလိုက်သည်။
တရုတ်နိုင်ငံသည် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများအတွင်း ကိုရိုနာဗိုင်းရပ်ဖြစ်ပွားမှုကြောင့် လွန်စွာအထိနာသွားကြောင်း တရုတ်နိုင်ငံက ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။ ကမ္ဘာ့ဒုတိယအကြီးမားဆုံး စီးပွားရေးဖြစ်သည့် တရုတ်နိုင်ငံသည် အချိန်တိုအတွင်း နာလန်ထလာနိုင်မည် မဟုတ်ပေ။
ယခုအခါ ဥရောပနှင့် မြောက်အမေရိကမှ ဗဟိုဘဏ်များသည် ကမ္ဘာတဝှမ်းကူးစက်ရောဂါကို ထိန်းချုပ်ရန် အကြီးအကျယ် ဆောင်ရွက်နေချိန်တွင် အာရှသည် သတိကြီးစွာထားနေရပြီး ဘဏ္ဍာရေးဈေးကွက်မှာ ပြိုကွဲပြီး ကမ္ဘာ့စီးပွားရေး ဆုတ်ယုတ်မှု စတင်ပြီဖြစ်ကြောင်း ကျွမ်းကျင်သူများပြောနေကြသည်။
“ကမ္ဘာ့စီးပွားရေး ဆုတ်ယုတ်တော့မယ်ဆိုတာကို လွန်ခဲ့တဲ့ ၁၀ ရက်က သေသေချာချာမပြောနိုင်သေးပေမယ့် နောက် ၁၀ ရက်ကြာတဲ့အခါ မေးခွန်းထုတ်စရာမလိုဘဲ စီးပွားရေးဆုတ်ယုတ်လာကြောင်း သေချာသွားတယ်” ဟု အမေရိကန်ဗဟိုဘဏ် ဘုတ်အဖွဲ့အကြီးအကဲဟောင်း ဒေးဗစ် ဝယ်လ်ကော့စ်က ပြောသည်။
အလျှင်အမြန်ပြောင်းလဲနေသောပတ်ဝန်းကျင်
ယခုအခါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၄၅၇၁၁၈ အထိရှိလာပြိး နိုင်ငံများသည် ညမထွက်ရ အမိန့်နှင့် အများပြည်သူဆိုင်ရာနေရာများကို ပိတ်ဆို့ကာ ရောဂါထိန်းချုပ်မှု အရှိန်အဟုန်မြှင့် လုပ်ဆောင်နေချိန်တွင် နေ့စဉ်ဘဝများ အပြောင်းအလဲဖြစ်သွားသည်။
ထိုသို့သောလုပ်ဆောင်မှုများသည် ပြင်းထန်သော စီးပွားရေး သက်ရောက်မှုဖြစ်မည်မှာ သေချာပြီး တရုတ်နိုင်ငံအပေါ် စီးပွားရေးအရ သက်ရောက်မှုကို အတိုင်းအတာတခုအထိ အထင်အရှားမြင်လာရသည်။
ယခုနှစ် ပထမ ၂ လအတွင်း လုပ်ငန်းဆောင်ရွက်မှု မရှိခြင်းကြောင့် တရုတ်နိုင်ငံ၏ စီးပွားရေးကဏ္ဍအားလုံးကို ထိခိုက်စေသည်။ ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများအတွင်း လက်လီအရောင်း ၂၀.၅ ရာခိုင်နှုန်း ကျဆင်းသည်။ စက်မှုထုတ်ကုန် ၁၃.၅ ရာခိုင်နှုန်း ကျဆင်းသည်။ ပုံသေပိုင်ဆိုင်မှု ရင်းနှီးမြှုပ်နှံမှု ၂၅ ရာခိုင်နှုန်းကျဆင်းကြောင်း အမျိုးသား စာရင်းအင်းကော်မရှင်၏ အဆိုအရ သိရသည်။ စက်မှုထုတ်လုပ်မှုကျဆင်းခြင်းသည် စံချိန်တင်စီးပွားရေး ကျုံ့သွားခြင်းဖြစ်သည်။
“ကျနော်တို့ဟာ တရုတ်နိုင်ငံက Lockdown တွေရဲ့ ရိုက်ခတ်မှုကို စတင်မြင်တွေ့နေရပြီ” ဟု Oxford Economics မှ ကမ္ဘာ့ မက်ခရိုသုတေသန ဒါရိုက်တာ ဘင်မေက ပြောသည်။ နိုင်ငံအလိုက် အခြေအနေမတူသော်လည်း စီးပွားတိုးတက်မှုနှုန်းကို အပြင်းအထန်ထိခိုက်ကြောင်း သူက ဆက်ပြောသည်။
တရုတ်နိုင်ငံသည် ပြန်ထရန် အားယူနေရဆဲဖြစ်ပြီး ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတွင် အခြေအနေပိုမို ဆိုးရွားလာနေသည်။ ယခုကမ္ဘာတဝှမ်း ကူးစက်ရောဂါ၏ ဗဟိုချက်ဖြစ်သော အီတလီတွင် ရောဂါကူးစက်မှု ၇၄၃၈၆ ရှိသည်။ စပိန်တွင်ကူးစက်မှု အနည်းဆုံး ၄၇၆၁၀ ရှိပြီး အမေရိကန်ပြည်ထောင်စုတွင် ၆၅၁၃၈ ကျော်ကူးစက်နေသည်။
အသုံးစရိတ်ပြန်လည်ဖြတ်တောက်ခြင်း၊ ထုတ်လုပ်ရောင်းချမှု ကွင်းဆက်ပြတ်တောက်ခြင်းနှင့် ပြည်တွင်း သီးခြားခွဲထားရခြင်းများ၏ သက်ရောက်မှုကြောင့် Goldman Sachs က အမေရိကန် စုစုပေါင်းပြည်တွင်းထုတ်ကုန် ခန့်မှန်းချက်ကို တနင်္ဂနွေနေ့က လျှော့ချလိုက်ရသည်။ အမေရိကန်စီးပွားရေးသည် ဇန်နဝါရီနှင့် မတ်လအတွင်း လုံး၀ တိုးတက်မှုမရှိဘဲ ဧပြီနှင့် ဇွန်လအတွင်း ၅ ရာခိုင်နှုန်းကျုံ့သွားမည်ဟု Goldman Sachs ရင်းနှီးမြှုပ်နှံမှု ဘဏ်ကဆိုသည်။ တနှစ်တာအတွက် စီးပွားရေးတိုးတက်မှုသည် ယခင်က ၁.၂ ရာခိုင်နှုန်းခန့်မှန်းထားရာမှ ၀.၄ ရာခိုင်နှုန်းသာ တိုးတက်တော့မည်ဟု ဆိုသည်။
“ဒီလိုပိတ်ဆို့ထားတာတွေနဲ့ ဗိုင်းရပ်စ်ပိုးကြောင့် မတ်လနဲ့ဧပြီလအတွင်း စီးပွားရေးဆောင်ရွက်မှုတွေကို ပြိုကွဲစေနိုင်တယ်” ဟု စီးပွားရေးအရာရှိချုပ် ဂျန်စက်ဇူးယပ်က ပြောသည်။
ဒုတိယ သုံးလပတ်အတွင်း အမေရိကန်စီးပွားရေးသည် ၂၀၀၈ ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်းကကဲ့သို့ ၈ ရာခိုင်နှုန်း ကျုံ့သွားမည်ဟု ING မှ ဘောဂဗေဒပညာရှင်များုက ခန့်မှန်းသည်။ စီးပွားဆုတ်ကပ်ဆိုသည်မှာ သုံးလပတ်နှစ်ခု ဆက်တိုက် သို့ဟုတ် ထိုထက်ပိုပြီး စုစုပေါင်း အမျိုးသားထုတ်ကုန်ကျဆင်းခြင်းဖြစ်ပြီး ကမ္ဘာ့အကြီးမားဆုံး စီးပွားရေးဖြစ်သည့် အမေရိကန်သည် ၂၀၂၀ ပြည့်နှစ်တွင် ထိုသို့ဖြစ်မည်ဟု IHS Markit မှ စီးပွားရေးဆိုင်ရာ အကြီးအကဲ ဂျိုရယ် ပါရာကန်က ခန့်မှန်းထားသည်။
ဈေးကွက် ကမောက်ကမဖြစ်
တချိန်တည်းတွင် မကြာသေးမီရက်ပိုင်းအတွင်း ဘဏ္ဍာရေးအခြေအနေသည် ပျက်စီးယိုယွင်းလာပြီး ဈေးကွက်သည် လွန်စွာ မတည်ငြိမ်သောကြောင့် ရောင်းသူနှင့် ဝယ်သူများအကြား ပိုင်ဆိုင်မှုများကို ဈေးနှုန်းသတ်မှတ်ရန် ခက်ခဲလာသည်။ ထို့ကြောင့် စားသုံးသူများသည် ၎င်းတို့၏ အပြင်အထန်ထိခိုက်သော ရှယ်ယာများအတွက် စိုးရိမ်ပြီး ပကတိ စီးပွားရေးကို ထိခိုက်စေမည်ဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေရရှိရန် ခက်ခဲလာမည်ဖြစ်သည်။ အမေရိကန်ရှယ်ယာများသည် လွန်ခဲ့သောလက စံချိန်တင်မြင့်မားနေရာမှ ယခုအခါ ၂၇ ရာခိုင်နှုန်း ဈေးကျကုန်သည်။
“မကြာသေးမီက စိုးရိမ်စရာအကောင်းဆုံးကတော့ ဘဏ္ဍာရေးဈေးကွက်က ဆိုးကျိုးတွေကို ပိုမိုဖြစ်စေမယ့် အန္တရာယ်ပိုများလာတာပဲ” ဟု Peterson Institute for International Economics မှ ဝါရင့်သုတေသီ ဝယ်လ်ကော့စ်က ပြောသည်။
ကာလတို ငွေထုတ်ချေးသောဈေးကွက် အကျပ်အတည်းသည် အဓိက စိုးရိမ်စရာကောင်းကြောင်း သူက ပြောသည်။
“ပကတိစီးပွားရေး နှလုံးခုန်မရပ်ဖို့အတွက် ဒီဈေးကွက်တွေ ဆက်လက် အလုပ်လုပ်နေဖို့လိုတယ်” ဟု သူက ဆိုသည်။
အမေရိကန် ဗဟိုဘဏ်သည် ထိခိုက်မှု လျှော့ချရန် တနင်္ဂနွေနေ့က အရေးပေါ်လုပ်ဆောင်ပြီး အတိုးနှုန်းကို သုည ရာခိုင်နှုန်းနီးပါးလျှော့ချကာ ကမ္ဘာတဝှမ်းမှ ဘဏ်များ အတွက် အမေရိကန်ဒေါ်လာ ချေးငှားခြင်းကို ပိုမိုဈေးသက်သာအောင် လုပ်ဆောင်မည်ဟု ကြေညာသည်။ ယခင်စီစဉ်ထားသည့် လုပ်ဆောင်မှုများအပြင် ဘဏ္ဍာရေး ဈေးကွက်အတွင်းသို့ အမေရိကန်ဒေါ်လာ ၅၀၀ ဘီလျံ ထည့်သွင်းမည်ဟု အမေရိကန် ဗဟိုဘဏ်က ကြေညာသည်။
ထိုသို့လုပ်ဆောင်နေခြင်းမှာ ဘဏ္ဍာရေးဈေးကွက် ဖရိုဖရဲဖြစ်မှုကြောင့် ပြဿနာများ ကျယ်ပြန့်လာခြင်းနှင့် ပတ်သက်ပြီး ဗဟိုဘဏ်များ မည်မျှစိုးရိမ်နေကြောင်း ပြသသည့် လက္ခဏာသာဖြစ်သည်။ စတော့ရှယ်ယာဈေးကွက် ကျဆင်းနေသည်၊ ချေးငွေဈေးကွက် အကျပ်အတည်းဖြစ်နေပြီး ငွေဖော်နိုင်မှု လုံးဝမရှိသလောက်ဖြစ်နေသည်။ အားလုံးသဘောတူသည့်အချက်မှာ ကမ္ဘာ့စီးပွားဆုတ်ကပ်အတွင်း ဝင်ရောက်နေပြီဟူသည့်အချက်ဖြစ်သည်။ မည်မျှအထိ ဆိုးရွားမည်ကိုသာ မေးရန်လိုတော့သည်။
“ကမ္ဘာ့စီးပွားဆုတ်ကပ်ဖြစ်နိုင်ခြေက ၁၀၀ ရာခိုင်နှုန်းနားရောက်နေပြီ” ဟု ထရမ့်အစိုးရ စီးပွားရေးဆိုင်ရာ အကြီးအကဲဟောင်း ကီဗင် ဟက်ဆက်က ပြောသည်။
ကိုးကား။ ။ CNN
You may also like these stories:
စားသောက်ကုန်က ပြတ်တောက်စရာ မရှိပါဘူး
ရန်ကုန်ရှိ စက်မှုဇုန်များတွင် အခြေခံ စားသောက်ကုန်များ ရောင်းချပေးရန် စီစဉ်
ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်မှုကြားက မြန်မာလုပ်သားတို့ရဲ့ အိမ်ပြန်ခရီး