နယူးဒေလီကို အိမ်နီးချင်းပြည်နယ်များမှ လာရောက်ခြင်း အိမ်နီးချင်းပြည်နယ်များသို့ သွားရောက်ခြင်းကို ပိတ်ပင်လျက်ရှိစဉ် ဘန်ကောက်ရှိ ဈေးရုံများနှင့် ဂေါက်ကွင်းများကို ပိတ်လိုက်ပြီဖြစ်သည်။
အာရှနိုင်ငံများအနေဖြင့် ပြည်ပမှ ဝင်ရောက်သည့် ကိုရိုနာဗိုင်းရပ်ကူးစက်မှုများ၏ ဒုတိယလှိုင်းနှင့် ရင်ဆိုင်နေရပြီး ယခုတကြိမ်တွင် ဥရောပနှင့် အမေရိကန်တို့မှ ဝင်ရောက်မှုမှ ဖြစ်ပွားစဉ် ယင်းသို့အာရှမြို့ကြီးများကို ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။
ယင်းသို့လုပ်ဆောင်ခြင်းက ဗိုင်းရပ်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်သော်လည်း ယင်းသို့လုပ်ဆောင်မှုက ခရီးသွားလုပ်ငန်းနှင့် ဝန်ဆောင်မှုကဏ္ဍအပေါ် အလွန်အမင်းမှီခိုနေသော ဒေသတွင်းစီးပွားရေးကို ထိခိုက်မည်ဟု မျှော်လင့်ရသည်။
ဒေလီအစိုးရအနေဖြင့် အိန္ဒိယမြို့တော်ကို တနင်္လာနေ့မှ မတ်လကုန်အထိ ခရီးသွားပိတ်ပင်ခဲ့သည်။ မုချလိုအပ်မှုမရှိသော စတိုးဆိုင်များကို ပိတ်ထားရန် ပြောကြားထားပြီး ဒေသခံများအနေဖြင့် အခြေခံစားသောက်ကုန်များနှင့် ဆေးဝါးများဝယ်ယူရန်မှတပါး အိမ်ပြင်မထွက်ရန် ပြောကြားထားသည်။
မလေးရှားတွင်လည်း မရှိမဖြစ်မဟုတ်သော စီးပွားရေးလုပ်ငန်းများအားလုံးကို ဗုဒ္ဓဟူးနေ့က ပိတ်လိုက်သည်။ ထ်ိုင်းတွင် ဈေးရုံများနှင့် ဂေါက်ကွင်းများကဲ့သို့ ကူးသန်းရောင်းဝယ်ရေးနှင့် ဖျော်ဖြေရေးအဆောက်အအုံများကို တနင်္ဂနွေနေ့မှ ဧပြီ ၁၂ အထိ ပိတ်လိုက်သည်။ ထို့အပြင် စားသုံးသူများ ဆိုင်တွင်းဝင်ရောက်စားခြင်းကို စားသောက်ဆိုင်များကို ခွင့်မပြုတော့ပေ။ သို့သော်လည်း စူပါမားကက်နှင့် ဆေးဆိုင်များကိုမူ ဆက်လက်ဖွင့်ခွင့်ပေးသည်။
စက်ရုံများကိုလည်း ပိတ်လျက်ရှိသည်။ ပြည်နယ်များက ရုံးများနှင့်စက်ရုံများကိုပိတ်ပြီး ပြည်သူများကိုအိမ်များတွင် နေထိုင်ရန် အမိန့်ပေးပြီးနောက် အိန္ဒိယတွင် ကားထုတ်လုပ်သူများနှင့် တခြားကုန်ထုတ်လုပ်သူများကလည်း ထုတ်လုပ်မှုရပ်တန့်လိုက်သည်။ မလေးရှားတွင် ပြည်တွင်းကားထုတ်လုပ်သူ Perodua နှင့် Proton တို့လည်း ၎င်းတို့စက်ရုံများရှိ အလုပ်များနှင့် ရောင်းဝယ်မှုကိုလည်း ရပ်ဆိုင်းလိုက်သည်။
တောင်အာရှနှင့် အရှေ့တောင်အာရှတွင် ကိုရိုနာဗိုင်းရပ်သစ်၏ ဒဏ်ကို အမေရိကန်နှင့် ဥရောပလောက် မပြင်းထန်သေးသော်လည်း ကူးစက်မှုများက နောက်တစ်ကြိမ် ပြန်မြင့်တက်လာသည်။ ထိုင်း၏ ကူးစက်လူနာအရေအတွက်မှာ ၁၀၀၀ ကျော်အထိ ရောက်ရှိလာသည်။
“ကျနော်တို့ဟာ အများအားဖြင့် ဥရောပနဲ့ အမေရိကကလာတဲ့ ကူးစက်လူနာလှိုင်းသစ်တခုနဲ့ အခုရင်ဆိုင်နေရပါတယ်” ဟု စင်ကာပူ၏ အမျိုးသားဖွံ့ဖြိုးရေးဝန်ကြီး လောရင့်စ်ဝေါင်းက ပြောသည်။ “ဒီဒုတိယလှိုင်းက တရုတ်ကလာတဲ့ ပထမလှိုင်းထက် ပိုကြီးပါတယ်”ဟု ၎င်းကဆိုသည်။
စင်ကာပူသည် တနင်္လာနေ့ည ၁၁ နာရီ ၅၉ မိနစ်မှ စကာ ကာလတိုခရီးသည်အားလုံး နိုင်ငံတွင်းဝင်ရောက်ခြင်း၊ တထောက်နားခြင်းတို့ကို ပိတ်ပင်လိုက်သည်။ ဟောင်ကောင်ကလည်း ဗုဒ္ဓဟူးနေ့မှစကာ ဒေသခံမဟုတ်သည့် နိုင်ငံခြားသားများကို လေယာဉ်ဖြင့် ဝင်ရောက်ခြင်းအားလုံးကို ပိတ်ပင်မည်ဟု ပြောသည်။ စီးပွားရေးအရ ပြင်ပကမ္ဘာနှင့် ဆက်သွယ်မှုများအပေါ် အလွန်အကျွံမှီခိုနေသော ဟောင်ကောင်ကမူ အလုံးစုံဝင်ရောက်မှုကန့်သတ်ချက်များကို ရှောင်ရှားခဲ့ဖူးသည်။ သို့သော်လည်း ၎င်း၏ လူနာသစ်များ ၇၀ ရာခိုင်နှုန်းမှာ ယခင်က ပြည်ပတွင် နေထိုင်ခဲ့ဖူးသည့် ဟောင်ကောင်သည် ဗိုင်းရပ်ကူးစက်ဖြစ်ပွားမှုကို ထိထိရောက်ရောက်နှိမ်နင်းရန် ဆုံးဖြတ်ခဲ့သည်။
ဗိုင်းရပ်ကြောင့် ဘဏ္ဍာရေးထိခိုက်မှုနှင့်ပတ်သက်၍ ထိုင်း၏ စီးပွားရေးမှာ ၂၀၂၀ ပြည့်နှစ်တွင် ၄ ရာခိုင်နှုန်း ကျုံ့သွားခဲ့ချိန် မလေးရှားက ၁ ရာခိုင်နှုန်း နိမ့်ဆင်းသွားသည်ဟု Barclays က သောကြာနေ့တွင် ခန့်မှန်းခဲ့သည်။ ကုမ္ပဏီသည် မတ်လ ၁၃ ရက်ခန့်မှန်းချက်ကို ၄ ရာခိုင်နှုန်း ပွိုင့်ကျော်အထိ လျှော့ချခဲ့သည်။ အိန္ဒိယ၊ တောင်ကိုရီးယားနှင့် အင်ဒိုနီးရှားတို့လည်း ထိခိုက်မှုရှိသည်ကို မြင်ရသည်။
ဒေသတွင်းနိုင်ငံအများအပြားမှာ ဝန်ဆောင်မှုကဏ္ဍကို မှီခိုနေရသည်။ လက်လီရောင်းဝယ်မှု၊ အစားအစာဝန်ဆောင်မှုများ၊ ဟိုတယ်များ၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် တခြားဆက်နွယ်လုပ်ငန်းများက စင်ကာပူ ဂျီဒီပီ၏ ၇၀ ရာခိုင်နှုန်းနှင့် မလေးရှားဂျီဒီပီ၏ ၆၀ ရာခိုင်နှုန်းခန့်ရှိသည်။ ထိုင်းဂျီဒီပီ၏ ၂၀ရာခိုင်နှုန်းကို ၎င်း၏ခရီးသွားလုပ်ငန်းတစ်ခုတည်းက ထုတ်လုပ်ပေးသည်။ ကန့်သတ်ချက်များက စားသုံးမှုနှင့် အလုပ်အကိုင်အပေါ်တွင်လည်း ထိခိုက်မှုရှိမည်ဟု မျှော်လင့်ရသည်။
ကိုးကား။ ။ Nikkei Asian Review
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့စီးပွားဆုတ်ကပ် စတင်
မေလကုန်တွင် လေကြောင်းလိုင်းအများစု ဒေဝါလီခံရနိုင်
ဗိုင်းရပ်စ် ကူးစက်ခံလိုက်ရသည့် မြန်မာ့ပို့ကုန် ကဏ္ဍ