ရန်ကုန်တိုင်း အတွင်းရှိ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်ကြီးများ အပါအဝင် အခြားဈေးဆိုင်များလည်း ခင်းကျင်း ရောင်းချခြင်းများ မပြုဘဲ ထုတ်ပိုး သယ်ဆောင်ခြင်းဖြင့်သာ ရောင်းချရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) က အသိပေးကြေညာချက် ထုတ်ပြန်ထားသည်။
“ဆိုင်တွေမှာ ဆိုင်ထိုင် ရောင်းချခြင်း မပြုဘဲနဲ့ စားသုံးသူများကလည်း ပါဆယ်နဲ့ပဲ ဝယ်ယူစားသုံးကြဖို့ ရောင်းချသူများ ကလည်းပဲ ပါဆယ်နဲ့ပဲ ရောင်းချပေးဖို့ မေတ္တာရပ်ခံချက် ထွက်ထားတာပါ” ဟု YCDC မှ တွဲဖက် အတွင်းရေးမှူး ဦးသန်းက ပြောသည်။
ဆက်လက်၍ ဦးသန်းက “ဒီကိစ္စက လူတိုင်း၊ လူတိုင်းမှာ တာဝန်ရှိတယ် ။ လူတိုင်းက ဒီမေတ္တာရပ်ခံချက် အပေါ်မှာ ကိုယ့်အသိနဲ့ကိုယ် ဆောင်ရွက်သင့်တယ်။ ကိုယ့်ကိုယ်ကိုလည်း ကြိုတင် ကာကွယ်ရာ ရောက်တယ်။ သူများကိုလည်း ကာကွယ်ပေးရာ ရောက်တယ်” ဟု ဆိုသည်။
အဆိုပါ ဆိုင်များအပြင် မြို့နယ်အချို့တွင် ကွမ်းယာဆိုင်များနှင့် လမ်းဘေးဈေးသည်များကိုပါ ပိတ်သိမ်းခိုင်းခြင်း ပြုလုပ် လျက်ရှိပြီး အချို့ ဈေးဆိုင်များမှာ ၃ ပေအကွာအဝေး သတ်မှတ်ပြီး ဈေးရောင်းချပေးခြင်း ပြုလုပ်ကြသည်ဟုလည်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက “လက်ဖက်ရည်ဆိုင်တွေ စားသောက်ဆိုင်တွေကတော့ ပါဆယ်ပဲ။ တဆိုင်တလေမှ မရဘူး။ လမ်းမကြီးတွေက ပျံကျဈေးတွေကတော့ ဘာဆိုင်မှ မပေးတော့ဘူး။ မင်္ဂလာတောင် ညွန့် မြို့နယ်က ကွမ်းယာဆိုင်တွေပါ အကုန်ပိတ်လိုက်ပြီ ဒီနေ့ပဲ ရောင်းချခွင့် မပေးတော့ဘူး။ အကုန်လုံးနီးပါးကတော့ လိုက်နာကြပါတယ်” ဟု ပြောသည်။
ရန်ကုန်တိုင်းမြို့နယ် အသီးသီးရှိ စည်ပင်သာယာရေး ကော်မတီများမှ မတ်လ ၂၇ ရက်နေ့၌ ထုတ်ပြန် ကြေညာစာများ ထုတ်ပြီးသည့်နောက်တွင် တာဝန်ရှိသူများက လိုက်လံနှိုးဆော်မှုများ ပြုလုပ်လျက်ရှိသည်။
သာကေတမြို့နယ်တွင် နေထိုင်သူ ဦးဝင်းကို က “စားနေကျ ထမင်းဆိုင်လည်း ပါဆယ်ပဲ ရတော့တယ်။ လက်ဖက်ရည် ဆိုင်တွေ မုန့်ဆိုင်တွေ တော်တော်များများဆို ထိုင်ခုံတွေတောင် မရှိတော့ဘူး။ ပါဆယ်ပဲ ထုတ်လို့ရတော့တာ ဒီလို လုပ်ကြတာ တော်တော်ကောင်းတယ်။ မဟုတ်ရင် လက်ဖက်ရည်ဆိုင်တွေ တခုံနဲ့တခုံက လမ်းတောင် ကောင်းကောင်း လျှောက်လို့ရတာ မဟုတ်ဘူး လူတွေက ကြပ်ညပ်နေတော့ ကူးဖို့ လွယ်တယ်”ဟု ပြောသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကူးစက်ကပ်ရောဂါ (Pandemic) အဖြစ် သတ်မှတ်ထားသည့် COVID-19 သည် မတ် ၂၉ ရက်အထိ ကမ္ဘာ့နိုင်ငံများ နှင့် နယ်မြေများ ၂၀၂ ခု အထိ ပြန့်ပွားလျက် ရှိပြီး သေဆုံးသူ ၃၀,၁၀၅ ဦး ရှိပြီဖြစ်သည်။ တကမ္ဘာလုံး အတိုင်းအတာဖြင့် COVID-19 ပိုးတွေ့လူဦးရေ ၆၃၈,၁၄၆ ဦး ရှိပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် မတ်လ ၂၉ ရက်နေ့ ထုတ်ပြန်ချက်အရ COVID-19 ရောဂါ ပိုးတွေ့သူ စုစုပေါင်း ၁၀ ဦးရှိပြီဖြစ်သည်။ မတ်လအတွင်း မြဝတီ- မဲဆောက်တံတားမှ တဆင့် ပြန်လည်ဝင်ရောက်လာသူများတွင် COVID-19 ရောဂါကူး စက်ခံရ သူများ ပါဝင်လာနိုင်ချေ များပြားပြီး ကပ်ရောဂါကြီး (Big Outbreak) အသွင်ဖြစ်ရန် အလားအလာ အလွန် များနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ညက သတင်းထုတ်ပြန် ကြေညာထားသည်။
You may also like these stories:
ခရီးသည် တဝက်တင်၍ ယာဉ်စီးခ ၂ဆ ယူရန် မန္တလေးတိုင်းအစိုးရ ကြေညာ
ဝက်လက်မြို့နယ်မှ ထွက်ပြေးသည့် COVID-19 စောင့်ကြည့်လူနာကို ဖမ်းမိ
တရုတ် ရောဂါရှာဖွေရေးကိရိယာများ၏ တိကျမှန်ကန်မှု နိုင်ငံအချို့မေးခွန်းထုတ်