COVID -19 ကြောင့် စီးပွားရေးကဏ္ဍ၌ ကြုံတွေ့နေရသော အခက်အခဲများ သက်သာစေရန် ပို့ကုန်များ အပေါ် ကြိုတင် ကောက်ခံနေသော ဝင်ငွေခွန်၂ ရာခိုင်နှုန်းကို ကင်းလွတ်ခွင့်ပေးခြင်း ယနေ့ ဧပြီလ ၁ ရက်မှ စတင် အသက်ဝင်ပြီ ဖြစ်ကြောင်းသိရသည်။
ပို့ကုန်လုပ်ငန်းရှင်များ အနေဖြင့် ပို့ကုန် တင်ပို့မှုများ ပြုလုပ်ရာတွင် ကြိုတင် ဝင်ငွေခွန် ပေးဆောင်နေရခြင်းကို ယခု ဘဏ္ဍာနှစ်ကုန်(စက်တင်ဘာလ)အထိ ကင်းလွတ်ခွင့် ပြုသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ညွှန် ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က ဧရာဝတီသို့ ပြောသည်။
၎င်းက “ကျမတို့က ကင်းလွတ်တယ် ဆိုတာထက် ဖြေလျှော့တဲ့ သဘောပါ။ ကြိုတင်ခွန်ကို မကောက်တော့ဘဲ ထားပေး ထားတာပေါ့။ သူတို့ လုပ်ငန်းတွေ မမြတ်ရင်တော့ ဆောင်စရာ မလိုတော့ဘူး။ ဝင်ငွေခွန် သဘောအရ သူက ဒီနှစ်ထဲမှာ ရှုံးတယ်ဆိုရင် ဆောင်စရာ မလိုဘူး။ မြတ်ရင် ဆောင်ရမယ်” ဟု ဆိုသည်။
ထို့ပြင် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများ၊ လက်ခစား လုပ်ငန်းများ (CMP) နှင့် အသေးစားနှင့် အလတ်စား စီးပွား ရေး လုပ်ငန်းများမှ ၃လ တကြိမ် ပေးဆောင်နေရသော ဝင်ငွေခွန်နှင့် ၁ လ တကြိမ် ပေးဆောင်နေသော ကုန်သွယ်လုပ် ငန်းခွန် ပေးဆောင်ရမည့် အချိန်ကာလကိုလည်း ယခု ဘဏ္ဍာနှစ်ကုန် (စက်တင်ဘာလ) အထိ တိုးမြှင့်သတ်မှတ်ပေးထား ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက သိရသည်။
အထက်ပါ စီးပွားရေး လုပ်ငန်းများအနေဖြင့် ယခုနှစ် ဒုတိယ ၃ လ ပတ်နှင့် တတိယ ၃ ပတ်များအတွက် ဝင်ငွေခွန်နှင့် မတ် လမှ သြဂုတ်လအတွက် ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်များကို စက်တင်ဘာလ ကုန်အထိ နောက်ဆုံးထား ပေး ဆောင်နိုင်တော့မည် ဖြစ်သည်။
ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက “ကျနော်တို့ အခွန်ထမ်းတွေ အတွက်က သူလျှော့ပေးလိုက် တာကတော့ အများကြီး သက်သာသွားတယ်။ ဆန်တင်ပို့သူတွေအနေနဲ့ ဆန်တအိတ်ကို ၄၀၀၊ ၅၀၀ ကျပ်လောက်ပဲ မြတ် တယ်။ ဒီမှာ အစိုးရကို အခွန်ဆောင်တာကလည်း သူ ၄၀၀ လောက် ပေးရတယ်ဆိုရင် တကယ်လို့ တအိတ်ကို ၅၀၀ လောက်ရှုံးခဲ့မယ် ဆိုရင်တောင် အခုက အစိုးရ လျှော့ပေးလိုက်တဲ့အတွက် အရင်း ပြန်ရသွားမှာပေါ့ ” ဟု ဆိုသည်။
အစိုးရအနေဖြင့် လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများကြောင့် စီးပွားရေးလုပ်ငန်းများ ယိုင်လဲမသွားစေရေး အတွက် လုပ်ဆောင်ပေးနိုင်သည့် ကိစ္စရပ်များကို လုပ်ဆောင်ပေးနေခြင်းကြောင့် ကြိုဆိုကြောင်း ၎င်းက ပြောသည်။
ဦးသန်းဦးက ဆက်လက်၍ “ ဒီကုန်သွယ်မှု လုပ်ငန်းတွေ ရပ်ဆိုင်းသွားရင် ဒီဟာတွေကို မှီခိုနေတဲ့ စက်ရုံတွေ၊ တောင်သူ လယ်သမားတွေ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ၊ အလုပ်သမားတွေ နောက်ဆက်တွဲ အများကြီးပေါ့။ အဲဒီလို Process ကြီးတခုလုံးကို ရပ်တန့်မသွားအောင် အဖက်ဖက်က လိုက်ထိန်းပေးတာပေါ့” ဟု ပြောဆိုသည်။
အစိုးရအနေဖြင့် လက်ရှိ အချိန်တွင် COVID 19 ရောဂါကြောင့် နိုင်ငံတော်၏ စီးပွားရေး သက်ရောက်မှုများ အပေါ် ကုစား ပေးရန်၊ စီးပွားရေး လုပ်ငန်းများနှင့် ဈေးကွက်အတွင်း ငွေကြေး လှည့်ပတ်မှုများ ပြန်လည် အားကောင်းစေရေး ရည်ရွယ် ကာ ယခု အခွန်လျှော့ပေးခြင်းအပြင် ငွေကျပ် ၁၀၀ ဘီလီယံကို ရန်ပုံငွေ ထားရှိပြီး စီးပွားရေး လုပ်ငန်းများကို ချေးငွေ ထုတ်ပေးရန် လုပ်ဆောင်လျက် ရှိသည်။
ဗဟိုဘဏ် အနေဖြင့်လည်း စီးပွားရေး လုပ်ငန်းများအတွက် ဘဏ်ချေးငွေ အတိုးနှုန်း လျှော့ချစေရန် ရည်ရွယ်ကာ ဗဟို ဘဏ်၏ တနှစ်အတိုးနှုန်း ၁၀ ရာခိုင်နှုန်းကို ၈ ဒသမ ၅ ရာခိုင်နှုန်းသို့ လျှော့ချ သတ်မှတ်ပေးထားသည်။
အခွန်စနစ်နှင့် ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲခြင်းဆိုင်ရာ လေ့လာသုံးသပ်သူ ကိုဝဏ္ဏထွန်းက “အစိုးရအနေနဲ့ ဒီလို အချိန်မှာ ကောက်လည်း သူဘာမှ သိပ်ရတာ မဟုတ်ဘူး။ ဒီကာလမှာက စီးပွားရေး လုပ်ငန်းတွေက မလည်ပတ်နိုင်ဘူးလေ။ ကောက်လည်း အများကြီးရမှာ မဟုတ်တဲ့အတွက် ဒီလိုလုပ်ပေးလိုက်တာက လုပ်ငန်းရှင်အတွက် အလုပ်မဖြစ်တဲ့ကာလမှာ နည်းနည်းပါးပါး လုပ်သာ ကိုင်သာ ရှိသွားမှာပေါ့ ” ဟု ပြောသည်။
စီးပွားရေး လုပ်ငန်းများအတွက် အခွန်ကင်းလွတ်ခွင့်များနှင့် ဖြေလျှော့မှုများ လုပ်ဆောင်ပေးသကဲ့သို့ ယခုလို ကာလ အတွင်း လူတဦးချင်း ပေးဆောင်နေရသော ဝင်ငွေခွန်ကိုလည်း ရာခိုင်နှုန်း အနည်းငယ်လျှော့ပေးသင့်ကြောင်း ၎င်းက ပြောဆိုသည်။
ဆက်စပ်ဖတ်ရှုရန်
ဗိုင်းရပ်စ်ရိုက်ခတ်မှု ကြီးလာပါက အခွန်ကင်းလွတ်၊ သက်သာခွင့်၊ အတိုးနည်း ချေးငွေ ပေးရန် စီစဉ်
ဗိုင်းရပ်စ် ကူးစက်ခံလိုက်ရသည့် မြန်မာ့ပို့ကုန် ကဏ္ဍ
ဗဟိုဘဏ် အတိုးနှုန်း ဒုတိယအကြိမ် ထပ်မံ လျှော့ချ
စီးပွားရေး ထိခိုက်မှု ကုစားရန် ကျပ် ၁၀၀ ဘီလီယံ အစိုးရ ထုတ်ချေးမည်
ပို့ကုန် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ပြုမည်ဟု နိုင်ငံတော်အတိုင်ပင်ခံ ပြော
ကိုရိုနာဂယက် လေကြောင်းလိုင်းတွေ အကျပ်