တရုတ်-မြန်မာ နယ်စပ်ဂိတ်များမှ ခရီးသည် ဝင်ထွက်ခွင့်ကို ယာယီ ပိတ်ပင်လိုက်သောကြောင့် ဆန်နှင့် ဆန်ကွဲ တင်ပို့ ရောင်းချမှုမှာ ထက်ဝက်ခန့် လျော့ကျခဲ့ကြောင်း နယ်စပ်ကုန်သည်များထံက သိရသည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ် COVID-19 ထိန်းချုပ် ကာကွယ်ရေး ဦးဆောင် ညွှန်ကြားမှု အဖွဲ့ခွဲသည် ညွှန်ကြားလွှာအမှတ် ၁၅ အရ ရောဂါကို မပျံ့နှံ့အောင် ကာကွယ်ထိန်းသိမ်းရန် နယ်စပ်ဂိတ်နှင့် နယ်စပ်ဒေသခံအတွက် ခရီးသည် ဝင်ထွက် လမ်းကြောင်းကို ယာယီ ပိတ်ထားမည် ဖြစ်ကြောင်း မတ်လ ၃၁ ရက်က ထုတ်ပြန်ထားသည်။
ထို့ပြင် ယူနန်ပြည်နယ်သည် လူနှင့် ကုန်စည် ခွဲခြားခြင်း၊ လမ်းခရီးစဉ် အစိတ်အပိုင်း အလိုက် ခွဲခြားခြင်း၊ ပိတ်ဆို့မှု (lockdown) ဖြင့် စီမံခြင်းဖြင့် လုပ်ဆောင်မည် ဖြစ်ပြီး ပြည်ပ ကုန်တင်ယာဉ်များသည် နယ်စပ် ဂိတ်မှ သတ်မှတ်ထားသော နေရာတွင် ကုန်ချပြီး ပြည်ပယာဉ်မောင်းသည် နေ့ချင်းပြန် ထွက်ခွာရမည် ဖြစ်သည်။
တရုတ်နိုင်ငံဆိုင်ရာ နယ်စပ်ဖြတ်ကျော် ကုန်တင်ပို့ဆောင်ရေးအတွက် နယ်စပ်ဒေသခံ ယာဉ်မောင်းများမှတဆင့် ပို့ဆောင် ရမည်ဖြစ်ပြီး သက်ဆိုင်ရာ တဆင့်ခံ ယာဉ်မောင်းများအား စနစ်တကျ စီမံခန့်ခွဲပြီး အချိန်မှန်မှန် ဓာတ်ခွဲစစ်ဆေးခြင်း (Nucleic acid) ကို ဆောင်ရွက်မည် ဖြစ်ကြောင်း ကြေညာထားသည်။
မူဆယ်နယ်စပ် ဆန်ကုန်စည်ဒိုင် ဒု ဥက္ကဋ္ဌ ဦးမင်းသိန်းက “ဧပြီလ ၁ ရက် မနက် ၆ နာရီ ခွဲကနေပြီးတော့ မူဆယ်ခရိုင်နဲ့ ဆက်စပ်နေတဲ့ မန့်ဝမ်းဂိတ်၊ မန်းသော်ဂိတ်၊ ကျင်စန်းကျော့ဂိတ်၊ ဝမ်တိန်ဂိတ်၊ ဆင်ဖြူဂိတ်၊ မန်ဟီးရိုးဂိတ် ဒီဂိတ် ၆ ခုကို လူဝင် လူထွက် လုံးဝ ပိတ်လိုက်တယ်။ မန့်ဝမ်းဂိမ်နဲ့ ကျင်စန်းကျော့ဂိတ်ကိုတော့ ကုန်ကားတွေ အဝင် အထွက်ပေးတယ်။ ဒါပေမယ့် ကုန်ကား ၁ စီးကို ဒရိုင်ဘာ ၁ ယောက်ပဲ ဝင်ခွင့်ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက “ကုန်တင်ယာဉ်ကြီးတွေ ဖွင့်ပေးထားတော့ နည်းနည်းတော့ တော်သေးတယ်။ အရင်ကထက်တော့ တော်တော်လေးတော့ အခက်အခဲ ဖြစ်သွားတယ်။ ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်အထိ ဆန်နဲ့ဆန်ကွဲက တရက်ကို ကားအစီးရေ ၄၀ လောက် ဝင်တယ်။ အခုဆိုရင် ၁ ရက်ကို အစီး၂၀ လောက်ပဲ သွားနိုင်တော့တယ်။ တဝက်လောက်တော့ လျော့ကျ သွားတယ်” ဟု ရှင်းပြသည်။
လက်ရှိအချိန်တွင် ကုန်စည် ရောင်းဝယ်ရေးကို နှစ်ဖက်ကုန်သည်များ အနေနှင့် တယ်လီဖုန်းနှင့်သာ ရောင်းဝယ်မှု ပြုလုပ် နေပြီး ငွေပေးချေမှုကို ဘဏ်နှင့် ချိတ်ဆက် လုပ်ဆောင်နေကြောင်း ၎င်းက ပြောသည်။
မူဆယ် နယ်စပ်နှင့် ယူနယ်ပြည်နယ် ဆက်စပ်နေသည့် မန့်ဝမ်းဂိတ်မှ ဆန်နှင့် ဆန်ကွဲကို တင်ပို့နိုင်ပြီး ကျင်စန်းကေ(Mask) အများဆုံးဝင် ရောက်နေကြောင်း ကုန်သည်များထံက သိရသည်။
ဦးမင်းသိန်းက “စားသောက်ကုန်ပစ္စည်းတွေလည်း ဝင်တယ်။ လျှပ်စစ်ပစ္စည်း နည်းနည်းပါးပါး ဝင်လာတယ်။ ဖေဖော်ဝါရီ ၁၃ ရက် နောက်ပိုင်းက စပြီး ဆန်၊ ဆန်ကွဲ ဝယ်လိုအားက ကောင်းလာပါတယ်” ဟု အရောင်းအဝယ် အခြေအနေကို ရှင်း ပြသည်။
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက် အမြဲတမ်း အတွင်းဝန် ဦးခင်မောင်လွင်က “ဧပြီ ၁ ရက် ကပဲ လူအဝင်အထွက် ကန့်သတ်လိုက်တယ်။ ဒါပေမယ့် ကုန်ပစ္စည်းက မူဆယ်ကလည်း ပုံမှန် သွားလို့ရတဲ့ အနေအထား ကို တွေ့ရတယ်။ လက်ရှိမှာတော့ ဒီဂိတ်၂ ခုက မနက် ၆ နာရီကနေ ည ၆ နာရီအထိ ဖွင့်ထားတယ်။ အခု ၂၄ နာရီ ကုန် ပစ္စည်းတွေ ဝင်ထွက်သွားလို့ ရအောင် နှစ်ဖက် ညိုနှိုင်းဖို့ လုပ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ ဆွေးနွေးရာတွင် မူဆယ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး၊ အကောက်ခွန် ဦးစီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန အစရှိသည့် တာဝန်ရှိသူများက ကုန်ပစ္စည်းများ ၂၄ နာရီပတ်လုံး တင်ပို့၊ တင်သွင်းခွင့် ရရှိရန် ယူနန် ပြည်နယ် ရွှေလီမြို့သို့ သွားရောက် ညိုနှိုင်းရန် ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။
ဆက်လက်၍ ၎င်းက “ချင်းရွှေဟော်ဘက်လည်း ထိုနည်းလည်းကောင်းပဲ။ ဒါပေမယ့် လူအဝင်၊ အထွက်တွေကတော့ ကန့် သတ်ထားတယ်။ နှစ်ဘက်စလုံးပေါ့။ ကန်ပိုက်တီးလို ကုန်သွယ်ရေးဇုန်မှာ ဆိုရင် စောင့်ကြည့်မယ့် အနေအထားတွေ ကန့် သတ်ထားတာ ရှိတယ်။ နည်းနည်းတော့ အခက်အခဲ တွေရှိတယ်” ဟု မြန်မာနှင့် ဆက်စပ်နေသည့် ကုန်သွယ်ရေး ဇုန်များ ၏ အခြေအနေကို ပြောပြသည်။
တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးသည် ကိုရိုနာဗိုင်းရပ်စ် (COVID-19)ကြောင့် ကုန်သွယ်ရေး ရပ်တန့်ခြင်း၊ ကြန့်ကြာ ခြင်း၊ ကုန်သည်များ ထိခိုက်မှု ရှိခဲ့သည်။
ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ မတ်လ ၂၀ ရက်အထိ ကုန်သွယ်မှု ပမာဏမှာ အမေရိကန် ဒေါ် လာ ၂ ဒသမ ၈ ဘီလီယံ အထိ ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက သိရသည်။
မြန်မာ- တရုတ် နယ်စပ် ကုန်သွယ်ရေးသည် ကိုရိုနာဗိုင်းရပ်စ် (COVIC-19) တရုတ်နိုင်ငံတွင် ဖြစ်ပွားမှု မြင့်တက်စဉ် အတွင်းက တရုတ်နယ်စပ် ကုန်သွယ်ရေး စခန်းများ ဖြစ်သည့် မူဆယ်၊ ချင်းရွှေဟော်၊ လွယ်ဂျယ်နှင့် ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေးစခန်း ၄ ခု၌၂၀၂၀ ဇန်နဝါရီ ၂၃ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်အထိ ကုန်သွယ်မှု ပမာဏ ဒေါ်လာ သန်း ၂၇၀ ကျော်ရရှိခဲ့ ပြီး၊၂၀၁၉ ခုနှစ် ယင်း ကာလတူတွင် ဒေါ်လာ ၄၇၉ သန်း ရရှိခဲ့သောကြောင့် ယခုနှစ်တွင် ဒေါ်လာ ၂၀၉ သန်း လျော့ကျသွားခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများတွင် ဖော်ပြထားသည်။
မြန်မာ-တရုတ် ကုန်သွယ်မှုတွင် မူဆယ် နယ်စပ်သည် အဓိကကျသော နေရာဖြစ်ကာ မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်း မှ၂၀၁၉-၂၀၂၀ တွင် လျာထားချက်မှာ ပို့ကုန် ဒေါ်လာ ၃၅၀၀ သန်း၊ သွင်းကုန် ဒေါ်လာ ၁၅၀၀ သန်း၊ စုစုပေါင်းကုန်သွယ်မှု ပမာဏ ဒေါ်လာသန်း ၅၀၀၀ ဖြစ်သည်။
လက်ရှိ ယူနန်ပြည်နယ်သည် မြန်မာ၊ လာအို၊ ဗီယက်နမ်နိုင်ငံတို့နှင့် ဆက်စပ်နေသော ကုန်းလမ်း နယ်စပ်ဂိတ် ၁၉ ခု၊ ဝင် ထွက်လမ်းကြောင်း ၁၄ ခုတို့၏ နယ်စပ်ဂိတ်နှင့် နယ်စပ်ဒေသခံအတွက် ခရီးသည် ဝင်ထွက်လမ်းကြောင်းများကို ယာယီ ပိတ်ထားပြီး ကုန်စည် ပို့ဆောင်ရေးကို ဆက်လက် ဆောင်ရွက်နိုင်ကြောင်း ထုတ်ပြန်ထားသည်။
You may also like these stories:
COVID-19 ကြောင့် ရေလုပ်ငန်းများ ရပ်နားရတော့မည်
ပို့ကုန်လုပ်ငန်းများ ကြိုတင်ဝင်ငွေခွန်၂ ရာခိုင်နှုန်း ဖြေလျှော့မှု ယနေ့ စတင်အသက်ဝင်
COVID -19 ကြောင့် ရန်ကုန်မြို့သယ်ယူ ပို့ဆောင်ရေး ဝန်ဆောင်မှုများ လျှော့ချ