စီးပွားရေး

ပြည်ပ ဆန်ပို့ခွင့် လိုင်စင်သစ်ချထားရေး စီးပွားကူးသန်း သုံးသပ်နေ

Want create site? Find Free WordPress Themes and plugins.

COVID-19 ကြောင့် ပြည်ပသို့ ဆန်တင်ပို့ခွင့် လိုင်စင် ယာယီ ရပ်ဆိုင်းထားရာပြည်တွင်း စားနပ်ရိက္ခာ ဖူလုံရေး၊ ဈေးနှုန်းတည်ငြိမ်ရေးနှင့် ရောဂါဖြစ်ပွားမှု အခြေအနေများကို ပြန်လည်သုံးသပ်ပြီးမှ လိုင်စင်သစ် ချပေးခြင်းကို ဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက် အမြဲတမ်းအတွင်းဝန် ဦးခင်မောင်လွင်က “အခုက လိုင်စင်သစ် ချပေးဖို့ အခြေအနေ ကြည့်နေတဲ့ သဘောပါ။ ကိုယ့် ပြည်တွင်းဖူလုံမှု ကိစ္စတွေ ၊ COVID-19 နဲ့ ပတ်သက်တဲ့ အနေအထားတွေကြောင့် စဉ်းစားနေတဲ့ အနေအထားပါ။ နိုင်ငံတွေကတော့ ဝယ်လိုအားတော့များနေပါတယ်။ ကုန်အမှာစာတွေလည်း ရနေတယ်”ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိအချိန်တွင် နိုင်ငံတိုင်းက စားနပ်ရိက္ခာ လိုအပ်ချက်ရှိနေပြီး တခြားနိုင်ငံများကလည်း မြန်မာနိုင်ငံမှ ဆန်လိုချင်ကြောင်း ကမ်းလှမ်းလာမှုများလည်း ရှိနေကြောင်း ၎င်းက ပြောသည်။

“ဒါပေမယ့် ကျနော်တို့ ဘက်ကတော့ အခြေအနေ စောင့်ကြည့်နေတဲ့ အနေအထား ဖြစ်တယ်။ မကြာခင် မှာတော့ စာထွက်တော့မှာပေါ့။ ကိုယ့်နိုင်ငံရဲ့ စားနပ်ရိက္ခာ ဖူလုံဖို့။ COVID-19 ကြောင့် အထိတ်တလန့်နဲ့ ဈေးထွက်ဝယ်တဲ့ အခါ ကျတော့ ဈေးနှုန်းတွေ ကြီးမြင့်လာတာဖြစ်လာတယ်။ ဒါတွေကို ပြန်ပြီးချိန်ဆနေ တယ်”ဟု ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံသည် စားနပ်ရိက္ခာ ထုတ်လုပ်သည့် နိုင်ငံဖြစ်သောကြောင့် ပြည်တွင်း၌ ဆန်ပိုလျှံမှုရှိသော်လည်း လက်ရှိ ၌ စားနပ်ရိက္ခာအနေအထားကို ဂရုစိုက်ရမည် ဖြစ်သောကြောင့် ပြည်ပ ဆန်တင်ပို့ခွင့် လိုင်စင်သစ် ချထားပေးခြင်းကို စောင့်ကြည့် နေသော အနေအထားဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် နာယက ဦးချစ်ခိုင်က “ပြည်ပ ဆန်ပို့မှု ဧပြီလမှာ လိုင်စင်ချထားမှု မပြုရန် ဆုံးဖြတ် မယ် လို့ ကြားတဲ့ အတွက် အလေးအနက်စဉ်းစား၍ ပြန်လည်ပြင်ဆင်ရန် တိုက်တွန်းပါတယ်။ အသံကြောင့် စပါး ဈေးကျဆင်း သွားနိုင်ပါတယ်”ဟု ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

ပြည်ပတင်ပို့ခွင့် ဆန်လိုင်စင်အား မေလမှသာ လျှောက်ထားနိုင်ပြီး လျှောက်ထားသောကုမ္ပဏီသည် မိမိလျှောက်ထား သည့် ပမာဏ၏ ၁၀ ရာခိုင်နှုန်းအား အရေးပေါ်ကာလ အသုံးပြုရန် အရန်ဆန်အဖြစ် ထားရှိရမည့် သတ်မှတ်ကို ထောက်ခံပါကြောင်း ၎င်းက ပြောဆိုထားသည်။

ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၅ သန်းကျော် တင်ပို့ထားပြီး ယခင်နှစ်ကာလတူ နှင့် နှိုင်းယှဉ်လျှင် တန်ချိန် ၃ သိန်းခန့် ပို၍ တင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး စာရင်းများတွင် ဖော်ပြ ထားသည်။

ဆက်စပ်ဖတ်ရှုရန်

ဗိုင်းရပ်စ် ကူးစက်ခံလိုက်ရသည့် မြန်မာ့ပို့ကုန် ကဏ္ဍ

မူဆယ်တွင်ပိတ်မိနေသည့်ဆန်အိတ် ၃ သိန်း တရုတ်သို့ သြဂုတ်တွင် အပြီးတင်ပို့မည်

တရုတ်နှင့် ကုန်စည်ဖလှယ်မည့် စနစ် အလုပ်ဖြစ်မလား

Did you find apk for android? You can find new Free Android Games and apps.
Loading