စီးပွားရေး

တရုတ်နိုင်ငံမှ ဂျပန်လုပ်ငန်းများ ရွှေ့ပြောင်းရေး ဂျပန်အစိုးရငွေကြေးထောက်ပံ့မည်

Want create site? Find Free WordPress Themes and plugins.

ကိုရိုနာဗိုင်းရပ်ကြောင် အဓိကကုန်သွယ်ဖက်များအကြား ကုန်စည်ပို့ဆောင်ရေးကွင်းဆက်များ ပြတ်တောက်သွားပြီးနောက် ဂျပန်ကုန်ထုတ်လုပ်သူများက ၎င်းတို့၏လုပ်ငန်းများကို တရုတ်နိုင်ငံပြင်ပသို့ ပြောင်းရွှေ့စေနိုင်ရေး စံချိန်တင်စီးပွားရေး အကူအညီအဖြစ် ဂျပန် အစိုးရက ဒေါ်လာ ၂.၂ ဘီလျံ သတ်မှတ်ပေးထားကြောင်း သိရသည်။

ကမ္ဘာတဝန်း ကူးစက်ရောဂါ၏ ဆိုးရွားသော အကျိုးဆက်များကို ခုခံနိုင်ရန် ချမှတ်သော ထိုဘဏ္ဍာငွေချထားခြင်းတွင် ဂျပန်နိုင်ငံသို့ လုပ်ငန်းများပြန်လည်ပြောင်းရွှေ့ရန် ယန်း ၂၂၀ ဘီလျံ (ဒေါ်လာ ၂ ဘီလျံ) နှင့် အခြားနိုင်ငံများသို့ပြောင်းရွှေ့ရန် ယန်း ၂၃.၅ ဘီလျံ ပါဝင်ကြောင်း ဖေါ်ပြသည့် စာရင်းများအရ သိရသည်။

နှစ်နိုင်ငံအကြား ပိုမိုရင်းနှီးလာသောဆက်ဆံရေး အတွက် အထိမ်းအမှတ်ပြုလုပ်သည့်အချိန်နှင့် ယခုလုပ်ဆောင်မှုသည် တိုက်ဆိုင်နေသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ယခုလအစောပိုင်းတွင် ဂျပန်နိုင်ငံသို့ သွားရောက်လည်ပတ်ရန် စီစဉ်ထားခဲ့သည်။ သို့သော် ဆယ်စုနှစ်တခုအတွင်း ပထမဆုံး ဖြစ်သော ထိုခရီးစဉ်ကို ဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် လွန်ခဲ့သောလက ရွှေ့ဆိုင်းပြီး ရက်ပြန်လည်သတ်မှတ်ခဲ့ရသည်။

ပုံမှန်အခြေအနေတွင် တရုတ်နိုင်ငံသည် ဂျပန်နိုင်ငံ၏ အကြီးမားဆုံးသော ကုန်သွယ်ဖက်ဖြစ်သော်လည်း ဗိုင်းရပ်စ် ကူးစက်မှုက စက်ရုံများကိုပိတ်သွားစေသောကြောင့် တရုတ်နိုင်ငံမှ သွင်းကုန်သည် ဖေဖေါ်ဝါရီလတွင် ထက်ဝက်နီးပါးကျဆင်းခဲ့ပြီး ဂျပန်ကုန်ထုတ်လုပ်သူများသည် လိုအပ်သော ပစ္စည်း အစိတ်အပိုင်းများပြတ်လပ်ကုန်သည်။

ထို့ကြောင့် ဂျပန်ကုန်ထုတ်လုပ်သူများအနေဖြင့် တရုတ်နိုင်ငံကို ကုန်ထုတ်လုပ်ရေး အခြေစိုက်စခန်းအဖြစ် မှီခိုခြင်းကို လျှော့ချရန် ပြောဆိုမှုများ ပြန်လည်စတင်လာသည်။ တန်ဖိုးမြှင့် ထုတ်ကုန်များထုတ်လုပ်ခြင်းကို ဂျပန်နိုင်ငံသို့ ပြန်လည်ရွှေ့ပြောင်းရေးနှင့် အခြားကုန်စည်များ ထုတ်လုပ်ခြင်းကို အရှေ့တောင်အာရှသို့ ရွှေ့ပြောင်းရေး လိုအပ်ချက်ကို အစိုးရ၏ အနာဂတ် ရင်းနှီးမြှုပ်နှံမှု အဖွဲ့က လွန်ခဲ့သောလတွင် ဆွေးနွေးခဲ့သည်။

“အပြောင်းအလဲပုံစံ တခုခုတော့ဖြစ်လာမယ်။ ဘဏ္ဍာငွေခွဲဝေမှုမှာ ဒီအစီအစဉ်ပါဝင်လာတာဟာ တွန်းအားတခုတော့ဖြစ်စေမယ်။ တရုတ်ဈေးကွက်အတွက် ကားထုတ်လုပ်တဲ့ စက်ရုံလိုမျိုးတွေတော့ ကျန်ရစ်နိုင်တယ်” ဟု ဂျပန်သုတေသန အင်စတီကျုမှ စီးပွားရေးပညာရှင် ရှီနီချီ ဆဲကီပြောသည်။ တရုတ်နိုင်ငံမှ ပြည်ပတင်ပို့နေသော ဂျပန်လုပ်ငန်းများသည် တရုတ်နိုင်ငံမှ ထွက်ခွာရန် စဉ်းစားနေပြီးဖြစ်ကြောင်းလည်း သူပြောသည်။

စမ်းသပ်နေသော ကာလ

ဂျပန်နိုင်ငံသည် လွန်စာများပြားသော အစိတ်အပိုင်းများနှင့် တစိတ်တပိုင်း ပြီးစီးနေသော ကုန်ချောများကို အခြားစက်မှုနိုင်ငံများထက် တရုတ်နိုင်ငံသို့တင်ပို့နေကြောင်း အထက်ပါ အဖွဲ့က ပြုစုသော စာရင်းအင်းများအရ သိရသည်။ တိုကျို ရှိုကို သုတေသနက ဖေဖေါ်ဝါရီလတွင် ပြုလုပ်သည့် စစ်တမ်းအရ ထိုစစ်တမ်းတွင် ပါဝင်ဖြေကြားသော ကုမ္ပဏီ ၂၆၀၀ ကျော်သည် ကိုရိုနာဗိုင်းရပ်အကျပ်အတည်းအတွင်း ကုန်စည်ဝယ်ယူမှုကို တရုတ်နိုင်ငံမဟုတ်သော အခြားနိုင်ငံများသို့ ဖြန့်ခွဲခဲ့ကြောင်း သိရသည်။

ထိုမူဝါဒသည် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ပြန်လည်ကောင်းမွန်ရန် နှစ်ပေါင်းများစွာအားထုတ်မှုကို မည်သို့သက်ရောက်စေမည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။

ဂျပန်နိုင်ငံ၏ ထိုအစီအစဉ်နှင့် ပတ်သက်ပြီး “စီးပွားရေးတိုးတက်မှု ပြန်လည်ရရှိအောင် ကျနော်တို့ အကောင်းဆုံးလုပ်ဆောင်နေတယ်” ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရသူ ကျောက်လီကျန်းက ဘေ့ဂျင်းတွင် ဗုဒ္ဒဟူးနေ့က ပြောသည်။ “ဒီအစီအစဉ်မှာ တခြားနိုင်ငံတွေလည်း တရုတ်နိုင်ငံလိုပဲ ကမ္ဘာ့စီးပွားရေးနဲ့ ကုန်စည်ပို့ဆောင်ရေး ကွင်းဆက်တွေကို ထိခိုက်မှု အနည်းဆုံးဖြစ်အောင် စနစ်တကျဆောင်ရွယ်မယ်လို့ မျှော်လင့်ပါတယ်” ဟုလည်း သူပြောသည်။

တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု ပထမအဆင့်များတွင် နှစ်နိုင်ငံဆက်ဆံရေးသည် ပိုမိုနွေးထွေးလာပုံရသည်။ ဂျပန်နိုင်ငံက မျက်နှာဖုံးများနှင့် ကာကွယ်ရေး ဝတ်စုံကိရိယာများကို တရုတ်နိုင်ငံသို့ အကူအညီပေးသည်။ တရုတ်ရှေးဟောင်းကဗျာ အပိုင်းအစတခုကိုပင် ကိုးကားပြောဆို အကူအညီပေးခဲ့သောကြောင့် တရုတ်နိုင်ငံက ဂျပန်နိုင်ငံကို ချီးကျူးခဲ့သည်။

ဂျပန်နိုင်ငံက ကြိုဆိုသောအခြားဖြစ်ရပ်တခုမှုာ ဂျပန်နိုင်ငံ၏ ဖူဂျီဖလင် ဟိုးလ်ဒင်းက ထုတ်လုပ်သည့် ဗိုင်းရပ်စ်တိုက်ဖျက်ဆေးဖြစ်သော Avigan သည် ကိုရိုနာဗိုင်းရပ်စ်ကုသရာတွင် ထိရောက်ကြောင်း တရုတ်နိုင်ငံကကြေညာခဲ့ခြင်းဖြစ်သည်။ ထိုသို့ကြေညာချိန်တွင် Avigan ကို ကိုရိုနာဗိုင်းရပ်စ်အတွက် သုံးရန် ဂျပန်နိုင်ငံတွင် အတည်မပြုသေးပေ။

သို့သော် ဂျပန်နိုင်ငံမှ လူအများအပြားသည် ရောဂါဖြစ်ပွားမှု အစောပိုင်းအဆင့်တွင် တရုတ်နိုင်ငံ၏ ကိုင်တွယ်မှု အမှားအယွင်းများနှင့် တရုတ်မှ ဧည့်သည်များကို ပိတ်ပင်ခြင်းမရှိသောကြောင့် အာဘေးကို အပြစ်တင်လိုကြသည်။

ထို့အပြင် ၂၀၁၂-၁၃ က နှစ်နိုင်ငံ စစ်ဖြစ်လုနီးပါးဖြစ်စေသော အရှေ့တရုတ်ပင်လယ်ကျွန်းများ ပိုင်ဆိုင်မှုအငြင်းပွားမှု အပါအဝင် အိမ်နီးချင်းနှစ်နိုင်ငံကိုကွဲပြားစေသည့် အခြားပြဿနာများအတွက် အဖြေသည်လည်း နီးစပ်ခြင်းမရှိသေးပေ။

ထိုပြဿနာတလျှောက်လုံးတွင် တရုတ်အစိုးရ သင်္ဘောများသည် ဂျပန်က စီမံအုပ်ချုပ်သည့် ထိုကျွန်းများအနီးတွင် ကင်းလှည့်ခဲ့ပြီး တရုတ်သင်္ဘော ၄ စင်း ၎င်းတို့ရေပိုင်နက်အတွင်း ဝင်လာသည်ကိုတွေ့ရကြောင်း ဂျပန်နိုင်ငံက ဗုဒ္ဒဟူးနေ့တွင်ပြောသည်။

ကိုးကား။ ။ Bloomberg

You may also like these stories:

ကိုဗစ်-၁၉ ကြောင့် မြန်မာ့စီးပွားရေး နှေးသွားပြီး ဆင်းရဲသားများ အထိနာမည်ဟု ကမ္ဘာ့ဘဏ် ဆို

ရေနံဈေး သုညအောက် ဆင်းသွားမလား

စီးပွားရေး ကျဆင်းမှုတွေကြောင့် ဂျာမန်ဘဏ္ဍာရေးဝန်ကြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်

Did you find apk for android? You can find new Free Android Games and apps.
Loading