စီးပွားရေး

တရုတ်နယ်စပ် တင်းကျပ်မှုကြောင့် မြန်မာကုန်ကား ၂၀၀၀ ခန့် ပိတ်မိနေ

Want create site? Find Free WordPress Themes and plugins.

ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) ကြောင့် တရုတ်နိုင်ငံမှ လုံခြုံရေးတင်းကျပ်မှုအရ မြန်မာဘက်က ကုန်တင် ယာဉ်မောင်း များကို အဝင်မခံသဖြင့် မူဆယ် ၁၀၅ မိုင် ကျင်စန်းကျော့ ဂိတ်အတွင်းနှင့် လမ်းပေါ်တွင် ယခုရက်ပိုင်း အတွင်း ကုန်တင်ကား အစီးရေ ၂၀၀၀ နီးပါး ပိတ်မိနေကြောင်း သိရသည်။

မူဆယ် သစ်သီးဝလံ ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးစိုင်းခင်မောင်က“ကွင်းထဲကို ဝင်လာတဲ့ကား၊ လမ်းပေါ်မှာ ရှိနေတဲ့ ကားက ပေါင်းရင် အစီးရေ ထောင်ချီရှိတယ်။ တရက်ကို အရင်က အစီးရေ ၅၀၀ ကနေ ၈၀၀ ဝင်တာက အခု ၁၀၀ လောက်ပဲ အဝင် ရှိတော့ ကားတွေက တန်းစီနေတယ်။ ဒီလမ်းကြောင်းက ရှင်းလင်းဖို့က သိပ်မလွယ်ဘူး။ အခုရှိနေတဲ့ အသီးတွေက အရှုံးခံ ရောင်းတာနဲ့ ပုပ်လို့ ကုန်တာပဲရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိအချိန်တွင် ၁၂ ဘီးကား ၁ စီးလျှင် ကျပ်သိန်း ၂၀ နီးပါး အရှုံးခံရောင်းချရသည့် အပြင် တချို့သစ်သီးကားများမှာ ရက် ကြာသဖြင့် ပုပ်သိုးလာသောကြောင့် စွန့်ပစ်လိုက်ရသည်များ လည်း ရှိနေပြီး တရက်လျှင် ဖရဲ၊ သခွားမွှေး ၅ တန် နီးပါး ပုံမှန် စွန့်ပစ်နေရကြောင်းလည်း ၎င်းက ပြောပြသည်။

အဆိုပါ ကုန်တင်ယာဉ်များ တန်းစီ၍ ဝင်ရောက်နေရခြင်း၊ ကွင်းထဲသို့ မြန်မာယာဉ်မောင်းများ ဝင်ရောက်ခွင့်မရခြင်းကို တရုတ် နိုင်ငံ ယူနန်ပြည်နယ် အစိုးရ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းလည်း လက်ရှိတွင် အဆင်ပြေမှု မရှိသေးကြောင်း ကုန်သည်များထံမှ သိရသည်။

“ရောဂါကလည်း တကမ္ဘာလုံး ပျံ့နေတာဆိုတော့ တရုတ်က ကုန်သွယ်မှုကို ပိတ်ချင်တဲ့ သဘောပဲ၊ သွယ်ဝိုက်ပြီး ပိတ်နေ တာ။ သူတို့က သွင်းကုန်လိုအပ်ချက်ရှိပေမယ့် အန္တရာယ်က ပိုများနေတယ်။ သူ့နယ်စပ်မှာ ကားသမားကလည်း ထောင်ချီကုန်သည် တွေရောဆိုတော့ နည်းနည်းတော့ အဆင်မပြေဘူး”ဟု ဦးစိုင်းခင်မောင်က ရှင်းပြသည်။

ထို့ပြင် မြန်မာဘက်မှ ဆန်၊ ပြောင်း၊ ပဲများ တင်ပို့နေသည့် မန့်ဝင်းဂိတ်သည် တရုတ်နိုင်ငံမှ လုံခြုံ ရေးတင်းကျပ်ခြင်း အပြင် အရည်အသွေး ပိုမွှား စိစစ်ရေး (AQSIQ) တောင်းခံထားမှုကြောင့် လည်း လက်ရှိတွင် ကုန်သွယ်ရေး ရပ်ဆိုင်းနေပြီး ဆန်အိတ်ရေ များစွာ ပိတ်မိနေကြောင်းလည်း သိရသည်။

မူဆယ် ဆန်ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက“မူဆယ် ၁၀၅ မိုင်မရောက်ခင်ထဲက ကားတွေက တန်းစီထားရတာ ကား အစီးရေ ၁၅၀၀ နဲ့ ၁၇၀၀ ကြားမှာ ရှိတယ်။ စစ်တာဆေးတာနဲ့ ကားဝင်ရ တာက တရက်ကို အစီးရေ ရာဂဏန်း လောက်ပဲ ဝင်ရတယ်။ အထဲဝင်ဖို့ ကားတစီးက ၄ ရက်နဲ့ ၅ ရက်ကြား စောင့်နေရတယ်။ အသီးကားတွေဆိုရင် အမိုးတွေ လှပ်ထား ရတယ်”ဟု ရှင်းပြသည်။

ယခင်က တရက်လျှင် အစီးရေ ၄၀၀၊ ၅၀၀ ခန့် ပုံမှန် ဝင်ရောက်ရသဖြင့် ပိတ်ဆို့မှုမရှိကြောင်း လက်ရှိတွင် ပိတ်ဆို့မှုများ ဖြစ်နေပြီး ဆန်အနေနှင့်လည်း လုံးဝတင်ပို့ခွင့် မရကြောင်း ၎င်းက ပြောသည်။

“ဆန်က တရုတ်ပြည် ကျယ်ဂေါင်မှာ ပိတ်ထားတယ်။ စိုက်ပျိုးရေးကနေ ပိုးမွှားသန့်စင်ကြောင်း ထောက်ခံချက်တခု တရုတ် က တောင်းထားတယ်။ ဒီကလည်း မထုတ်ပေးနိုင်သေးဘူး။ ဒါကြောင့် ဆန်တွေက ကျယ်ဂေါင်မှာ ချထားရတယ်။ ဆန် အိတ်ရေ ၅ သောင်းလောက် ရှိတယ်။ ရွှေလီထဲ ဖြတ်မရသေးဘူး”ဟုလည်း ဦးမင်းသိန်းက ပြောဆိုသည်။

မြန်မာဘက်မှ ပို့ကုန်တင်ပို့ရာတွင် ကုန်စည်များကို တွဲကားများပေါ်တင်၍ သယ်ယူပို့ဆောင်ခြင်း လုပ်ပြီး တရုတ်ဘက်ကမူ ကုန်စည်များကို ကွန်တိန်နာအတွင်း ထည့်၍ ထိုကွန်တိန်နာကို ကုန်ကားဖြင့် သယ်ဆောင်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ယခုအချိန်တွင် တရုတ်က မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်း နယ်စပ်ဂိတ်များနှင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် မြန်မာ ကုန်တင် ယာဉ်မောင်းများကို လူအဝင်မခံဘဲ ကုန်ကားများကို တရုတ် ဘက်မှ ကျန်းမာရေး ဆေးစစ်ထားသော တရုတ် ယာဉ်မောင်းဖြင့်သာ ကုန်တင်ယာဉ်ကို ဝင်ရောက်ခွင့် ပြုသောကြောင့် မြန်မာပို့ကုန် ယာဉ်မောင်းများ အတွက် အဆင်မပြေ ကြောင်း သိရသည်။

တရုတ်-မြန်မာနယ်စပ်တွင် ပို့ကုန်၊ သွင်းကုန် ကုန်သွယ်မှု ပြုလုပ်ခြင်းမှာ တဖက်နှင့်တဖက် စနစ် မတူညီသောကြောင့် တာဝန် ယူမှု မတူညီသည့် အတွက် ယင်းစနစ်သည် အဆင်မပြေ ဟုလည်း ဆိုကြသည်။

မြန်မာနိုင်ငံ အဝေးပြေး ကုန်တင်ယာဉ်မောင်း အသင်း (မူဆယ်) ဥက္ကဋ္ဌ ဦးဝင်းအောင်ခန့် က “ကုန်ဝင် နှောင့်နှေးကြန့်ကြာတဲ့ အတွက် ကားတွေကလည်း တရက်နဲ့ တရက်မပြတ်ဘဲ အများ ကြီးကျန်သွားတာ။ ကားအစီးရေ အများကြီး တန်းစီနေရတယ်။ ဒါကြောင့် စွန့်ပြစ်ရတဲ့ ကုန်စည် တွေ ရှိတယ်။ စာရင်းအတိအကျတော့ ကောက်မထားလို့ တချို့လည်း ရက်ကြာပြီး ဆိုးဆိုးဝါးဝါး ပျက်စီးတာမျိုးရှိတယ်။ ကားတစီးလုံး ပစ်ရတွေတောင်ရှိတယ်။ ညိုလို့လည်း မရသေးဘူး”ဟု ပြောသည်။

လက်ရှိတွင် ကုန်ကားခ ဈေးနှုန်းမှာလည်း မန္တလေးမြို့မှ မူဆယ်သို့ ကုန်တင် ၁၂ ဘီးကားတစီး ငှားရမ်းခမှာ ယခင်နှစ် ကျင်စန်းကျော့ဂိတ် ပိတ်စဉ်က ကျပ် ၁၅ သိန်း ရှိသော်လည်း ယခုအချိန် တွင် ကျပ် ၁၈ သိန်း အထိ စံချိန်တင်မြင့်တက် နေကြောင်း သိရသည်။

ဦးဝင်းအောင်ခန့်က“COVID-19 စဖြစ်ကတည်းက ကုန်ကားခတွေ ဈေးစတက်တာ။ တရက်နဲ့ တရက်တော့ မတူဘူးဗျ”ဟု ပြောသည်။

ထိုအခြေအနေများ အရ တောင်သူများ၊ ကုန်သည်များ အနေနှင့် ဆုံးရှုံးနစ်နာမှုများ ကြုံတွေ့ရ မည် ဖြစ်၍ ကြိုတင်ပြင်ဆင် ထားစေလိုကြောင်း ကုန်စည်ဒိုင် တာဝန်ရှိသူများက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်နေ့မှ ဧပြီလ ၂၀ ရက်နေ့ အထိ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၁၁၁ ဦးရှိပြီး သေဆုံးသူ ၅ ဦး၊ ပိုးတွေ့ပြန်လည် သက်သာ လူနာ ၇ ဦးရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။

You may also like these stories:

တရုတ်-မြန်မာ မူဆယ်နယ်စပ် ဆန် ကုန်သွယ်ရေး ရပ်တန့်နေ

ငါးရှဉ့်၊ ဂဏန်း ကုန်စည် အရောင်းအဝယ် ရပ်တန့်နေ

Did you find apk for android? You can find new Free Android Games and apps.
Loading