စီးပွားရေး

COVID-19 တုန့်ပြန်ရေး ကမ္ဘာ့ဘဏ်ချေးငွေ ကန်ဒေါ်လာ သန်း ၅၀ ပေး

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် COVID 19 ရောဂါတုန့်ပြန်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၅၀ ပေးမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဧပြီ ၂၀ ရက်တွင် သတင်း ထုတ်ပြန်လိုက်သည်။

ထိုချေးငွေသည် မြန်မာနိုင်ငံ၏ COVID-19 ရောဂါအတွက် အရေးပေါ်တုန့်ပြန်မှုအစီအစဉ်တွင် အဓိက လိုအပ်ချက် တခုဖြစ်သည့် ဆေးရုံများ၏ ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းများကို အားဖြည့်သွားမည်ဖြစ်ကြောင်း၊ ထိုမှတဆင့် ရောဂါပြန့်ပွားမှုကို လျှော့ပေးနိုင်မည်ဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများအား အကာအကွယ်များ ပိုမိုပေးနိုင်မည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီယား နှင့် လာအို နိုင်ငံတို့၏ နိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စမာရီယမ်ရှာမန်က ယင်း ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

ယင်းအပြင် ရောဂါကူးစက်ခံရသူများ ရောဂါဒဏ် ပြင်းထန်စွာ ခံစားရခြင်းမှ သက်သာစေရန်နှင့် သေဆုံးနှုန်း လျော့ချနိုင်ရန်လည်း အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆိုသည်။

ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတဦးက “ မြန်မာနိုင်ငံ အနေနဲ့က နိုင်ငံတကာအဖွဲ့အစည်းတွေဆီက ကိုဗစ်ရောဂါ တုန့်ပြန်ဖို့အတွက် အခု ကမ္ဘာ့ဘဏ်က ချေးငွေသန်း ၅၀၊ ADB (အာရှဖွံ့ဖြိုးရေးဘဏ်) ဆီကလည်း ၄ သန်း ရထားတယ်။ ဥရောပသမဂ္ဂ EU ကလည်း အမေရိကန်ဒေါ်လာ ၅ သန်း ပေးတာရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယင်းအပြင် COVID 19 အလွန် စီးပွားရေး ပြန်လည်ထူထောင်ရေး ကိစ္စများအတွက်လည်း ကမာ္ဘဘဏ်၊ အာရှ ဖွံ့ဖြိုးရေး ဘဏ် အပါအဝင် အခြားနိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆွေးနွေး တိုင်ပင်လျက်ရှိပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံအနေဖြင့်လည်း COVID 19 အရေးပေါ် ရန်ပုံငွေထူထောင်ရေး အစီအစဉ်များလည်း လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ချေးငွေများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကိုဗစ်ရောဂါ တုန့်ပြန်မှုအစီအစဉ်များအတွက် လိုအပ်သည့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်၏ ချေးငွေဖြင့် အကောင်အထည်ဖော်မည့် စီမံကိန်းတွင် တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးရှိ ဗဟို အဆင့် ဆေးရုံ ၈ ရုံ နှင့် တိုင်းနှင့်ပြည်နယ် အဆင့် ဆေးရုံ ၄၃ ရုံများအတွက် အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး လူဦးရေထူထပ်သည့် ဒေသများ၊ ခရီးသွားလာသူများနှင့် ရွှေ့ပြောင်းလုပ်သား အများအပြားရှိသည့် ဒေသများကို အရေးပေါ် အလိုအပ်ဆုံး ဖြစ်သည့် ဒေသများအဖြစ် သတ်မှတ်ပြီး ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်သည်။

You may also like these stories:

ပိုးတွေ့လူနာ ၁၀၀ ကျော်တွင် ဘာသာရေးပွဲနှင့် ဆက်စပ်သူ ၅၀ ကျော် ရှိ

COVID-19 အတွက် အစိုးရဘတ်ဂျက် ခွဲဝေပေးတာ မရှိပါဘူး

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်စီးပွားပျက်ပြီး သန်းပေါင်းများစွာ အလုပ်လက်မဲ့ဖြစ်

Did you find apk for android? You can find new Free Android Games and apps.
Loading