အမေရိကန်ရေနံလုပ်ငန်းသည် ကမ္ဘာပျက်ကိန်းကြုံနေရပြီ ဖြစ်သည်။
ကိုရိုနာဗိုင်းရပ် ကူးစက်ရောဂါသည် ရေနံဝယ်လိုအားကို အလျှင်အမြန်ကျဆင်းစေသောကြောင့် ကမ္ဘာတွင် ရေနံစည်များကို သိုလှောင်ရန် နေရာမရှိ ဖြစ်နေသည်။ တချိန်တည်းတွင် ရုရှားနှင့် ဆော်ဒီအာရေးဗီးယား တို့သည် ရေနံအလွန်အကျွံ ထုတ်လုပ်နေကြသည်။
ထိုမျှော်လင့်မထားသော ဖြစ်ရပ်နှစ်ခုကြောင့် ရေနံဈေးနှုန်းများ ပြိုကွဲပြီး အမေရိကန် ရေနံ ကုမ္ပဏီများအတွက် ငွေဖော်၍ လုံး၀ မရနိုင်တော့သော အခြေအနေအထိ ဖြစ်သွားသည်။
မေလတွင် ပေးပို့မည့် အမေရိကန်ရေနံစိမ်းဈေးသည် နယူးယောက် ကုန်စည်ရောင်းဝယ်ရေးဌာန (NYMEX) တွင် ၁၉၈၃ ခုနှစ် ရေနံစိမ်း ကြိုတင်ရောင်းဝယ်မှု စတင်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် တနင်္လာနေ့က အနုတ်လက္ခဏာ ပြသွားသည်။
ထိုနေ့သည် ရေနံဈေးကွက်တွင် စံချိန်တင် အဆိုးရွားဆုံးနေ့ ဖြစ်သည်။
ဇွန်လတွင် ပေးပို့ရမည့် ရေနံစိမ်းဈေးသည် တစည်လျှင် ဒေါ်လာ ၂၀ အထက်တွင် ရှိနေသေးသော်လည်း ထိုရောင်းဝယ်မှုသည်ပင် ဘေးဒုက္ခ ကျရောက်သွားနိုင်သည်။
“ဒေါ်လာ ၃၀ လောက်ဆိုရင်တောင် အခြေအနေက တော်တော်ဆိုးနေပြီ။ ဒေါ်လာ ၂၀ ဒါမှမဟုတ် ၁၀ ဒေါ်လာ ဈေးကိုရောက်သွားရင်တော့ အိပ်မက်ဆိုးပါပဲ” ဟု Rystad စွမ်းအင်လုပ်ငန်းမှ သုတေသနအကြီးအကဲ အာ့တမ် အေဗရာမော့က ပြောသည်။
ရေနံ ကုမ္ပဏီအများအပြားသည် ခေတ်ကောင်းစဉ်က ချေးငွေအများအပြား ထုတ်ယူထားကြသည်။ ယခု သမိုင်းဝင် ဈေးကွက် ကျဆင်းလာသောအခါ ၎င်းတို့သည် ဆက်လက်ရှင်သန်နိုင်မည် မဟုတ်တော့ပေ။
ရေနံစိမ်း တစည်လျှင် ဒေါ်လာ ၂၀ ရသည့်အခြေအနေတွင်ပင် အမေရိကန် ရေနံ ရှာဖွေ ထုတ်လုပ်ရေး ကုမ္ပဏီ ၅၃၃ ခုသည် ၂၀၂၁ ခုနှစ်ကုန်တွင် ဒေဝါလီခံရမည်ဟု Rystad စွမ်းအင်လုပ်ငန်းက ခန့်မှန်းသည်။ ရေနံစိမ်း တစည်လျှင် ၁၀ ဒေါ်လာရောက်သည့် အခြေအနေတွင် ဒေဝါလီခံခြင်း ၁၁၀၀ ကျော်ရှိမည်ဟုလည်း ထိုလုပ်ငန်းက ခန့်မှန်းသည်။
“၁၀ ဒေါ်လာဈေးလောက် ရောက်သွားရင်တော့ အကြွေးရှိတဲ့ အမေရိကန် စွမ်းအင်နဲ့ ရေနံ ကုမ္ပဏီအားလုံးနီးပါး ဒေဝါလီခံဥပဒေ အခန်း ၁၁ အရ ပြင်ဆင်ဖွဲ့စည်းဖို့ လျှောက်ထားရမယ်၊ ဒါမှမဟုတ်ရင်လည်း သေနင်္ဂဗျူဟာ အခွင့်အလမ်း တခုခုကို စဉ်းစားရလိမ့်မယ်” ဟု အေဗရာမော့က ပြောသည်။
OPEC ကလည်း အခြေအနေကို မထိန်းနိုင်
ရေနံဈေးနှုန်း စံချိန်တင်ကျဆင်းခြင်း၏ တုန်လှုပ်စရာအကောင်းဆုံး အပိုင်းမှာ သမ္မတဒေါ်နယ်ထရမ့်က ကြားဝင်ဆောင်ရွက်ပြီးနောက် ရုရှားနှင့် ဆော်ဒီအာရေးဗီးယားတို့က သမိုင်းဝင် ရေနံဈေးနှုန်း စစ်ပွဲကို ရပ်ဆိုင်းရန် သဘောတူလိုက်ခြင်းဖြစ်သည်။ ရုရှားပါဝင်သော ရေနံထုတ်လုပ်တင်ပို့သော နိုင်ငံများအဖွဲ့သည် ထုတ်လုပ်မှုကို စံချိန်တင် ပမာဏအထိ လျှော့ချရန် သဘောတူခဲ့သည်။
ရုရှားအပါအဝင်ဖြစ်သော ရေနံထုတ်လုပ်တင်ပို့သည့် နိုင်ငံများအသင်း (OPEC) နှင့် သဘောတူညီချက်သည် မရေတွက်နိုင်သော အလုပ်များကို ကယ်တင်ပေးပြီး ရေနံလုပ်ငန်းများအတွက် လိုအပ်နေသော တည်ငြိမ်မှုကို ဖြစ်စေမည်ဟု ထရမ့်က ပြောသည်။
“ဒါဟာ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ အလုပ်အကိုင် သိန်းပေါင်းများစွာကို ကယ်ဆယ်နိုင်လိမ့်မယ်” ဟု ထရမ့်က ဧပြီလ ၁၂ ရက်နေ့တွင် တွစ်တာ၌ ရေးသားသည်။
“ရုရှားသမ္မတ ပူတင်နဲ့ ဆော်ဒီအာရေးဗီးယားဘုရင် ဆယ်လ်မန်ကို ကျနော်ကျေးဇူးတင်ပါတယ်” ဟုလည်း သူက ဆက်ရေးသည်။
သို့သော် ထိုလျှော့ချ ဖြတ်တောက်မှုသည် မေလအထိ စတင်ဦးမည် မဟုတ်သောကြောင့် ရေနံစိမ်း ဈေးနှုန်းများ တစိတ်တပိုင်းအားဖြင့် ဆက်လက်ပြိုကွဲနေသည်။ ကိုရိုနာဗိုင်းရပ်စ်က ဂျက်လေယာဉ်များ၊ ကားများနှင့် စက်ရုံများကို တားဆီးထားသောကြောင့် ဝယ်လိုအားမှာ ဆက်လက် ပျောက်ကွယ်နေသည်။
တနင်္လာနေ့က ဖြစ်ပေါ်ခဲ့သော အနုတ်လက္ခဏာပြသည့် ဈေးနှုန်းများသည် နောင်မှ ငွေရှင်းရသည့် ကြိုတင်ရောင်းဝယ်မှု ကန်ထရိုက်စာချုပ်များကြောင့် မမျှော်လင့်ဘဲ ဖြစ်ပေါ်လာသောဖြစ်ရပ် ဖြစ်ပါစေဟု ရေနံလုပ်ငန်းက မျှော်လင့်နေသည်။
အင်္ဂါနေ့တွင် ကြိုတင်ရောင်းဝယ်မှု အချိန်သတ်မှတ်ချက် မကုန်ဆုံးမီကပင် မေလအတွက် ကန်ထရိုက်စာချုပ်ဖြင့် ရောင်းဝယ်မှု အနည်းငယ်သာရှိသည်။ ထိုသို့ဖြစ်ရခြင်းမှာ မေလတွင် ပေးပို့မည့် စည်များအတွက် သိုလှောင်ရန် နေရာမရှိတော့မည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ သို့သော် ဇွန်လအတွက် ကန်ထရိုက်စာချုပ်များမှာမူ ၁၀ ရာခိုင်နှုန်းဝန်းကျင်သာ ကျဆင်းပြီး တစည်လျှင် ၂၂ ဒေါ်လာဈေး ရှိနေသည်။ ကမ္ဘာ့စံချိန်စံညွှန်းဖြစ်သော ဘရန့် မြောက်ပင်လယ်ရေနံစိမ်းမှာ ၅ ရာခိုင်နှုန်းသာ ကျဆင်းပြီး တစည်လျှင် ၂၆.၅၀ ဒေါ်လာနှုန်းရှိသည်။
သို့သော် ရေနံရောင်းဝယ်ရေး စာချုပ်များအတွက် ငွေပေးချေချိန်ကို လစဉ်နောက်ဆုတ်ပေးပြီး ထိုဈေနှုန်းများသည် စံချိန်တင် ကျဆင်းခြင်း မရှိပေ။
“အခုလိုကျဆင်းချိန်မှာ ဆက်လက်မရှင်သန်နိုင်တော့မယ့် ကုမ္ပဏီတွေ အများကြီးရှိတယ်” ဟု Rabobank မှ စွမ်းအင် သေနင်္ဂဗျူဟာ ပညာရှင် ရမ်းဖစ်ဇ်မောရစ်က ပြောသည်။
“ဒါကတော့ စံချိန်တင် ဆိုးရွားမှုပေါ့” ဟုလည်း သူက ပြောသည်။
ရေနံလုပ်ငန်းမှ မကြုံစဖူး စိတ်ဖိစီးမှု
ရေနံလုပ်ငန်းတွင် စိတ်ဖိစီးမှု များပြားနေသည်။
လွန်ခဲ့သောလက စတော့ဈေးကွက်တခုလုံးအနေဖြင့် သိသိသာသာ ပြန်တက်လာသော်လည်း အမေရိကန် စတော့ရှယ်ယာဈေးကွက် ထိပ်တန်း ကုမ္ပဏီ ၅၀၀ ၏ စွမ်းအင်ကဏ္ဍသည် ယခုနှစ်အတွင်း တန်ဖိုး ၄၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သည်။
Noble Energy (NBL), Halliburton (HAL), Marathon Oil (MRO) နှင့် Occidental (OXY) တို့သည် ၎င်းတို့တန်ဖိုးများ၏ ၃ ပုံ ၂ ပုံကို ဆုံးရှုံးကြရသည်။ Dow တွင် အဖွဲ့ဝင်ဖြစ်သော ExxonMobil (XOM) သည်ပင် တန်ဖိုး ၃၈ ရာခိုင်နှုန်း ကျဆင်းသည်။
ယခင်က ရေနံထုတ်လုပ်ရာတွင် ထင်ရှားသောလုပ်ငန်းဖြစ်သည့် Whiting Petroleum သည် ဧပြီလ ၂ ရက်နေ့က ဒေဝါလီခံဥပဒေ အခန်း ၁၁ အရ အကာအကွယ်ကို လျှောက်ထားလိုက်သောအခါ ပထမဆုံး အခြေမလှသည့် လုပ်ငန်းဖြစ်လာသည်။ သို့သော် ထိုလုပ်ငန်းသည် နောက်ဆုံး ထိုသို့ကြုံတွေ့ရသည့် လုပ်ငန်းမဟုတ်သည်မှာ သေချာနေသည်။
Rustad ကခန့်မှန်းထားသည် ရေနံစိမ်း တစည် ဒေါ်လာ ၂၀ အခြေအနေတွင် ရေနံလုပ်ငန်းများက ချေးယူထားသည့် အမေရိကန်ဒေါ်လာ ၇၀ ဘီလျံကို ဒေဝါလီခံခြင်းမှတဆင့် ပြန်လည်ရယူရမည်ဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင်မူ ရေနံလုပ်ငန်းများမှ စာရင်းရှင်းလင်းဖျက်သိမ်း ပြန်လည်ရယူရမည့် ကြွေးမြီမှာ ဒေါ်လာ ၁၇၇ ဘီလျံအထိ ရှိနိုင်သည်။ ထိုစာရင်းတွင် ရှာဖွေထုတ်လုပ်ရေး လုပ်ငန်းများသာပါဝင်သေးပြီး ရေနံတွင်းတူးသူများကို ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများနှင့် ကိရိယာ ထောက်ပံ့သည့် လုပ်ငန်းများ မပါဝင်သေးပေ။
အဓိကအချက်မှာ ရေနံဈေး မည်မျှကြာကြာ ကျဆင်းနေဦးမည်နည်း ဟူသော မေးခွန်းပင်ဖြစ်သည်။ ရေနံဈေးများ အလျှင်အမြန် ပြန်တက်လာပါက ရေနံလုပ်ငန်းများ ဒေဝါလီခံရခြင်းကို ရှောင်ရှားနိုင်မည်ဖြစ်သည်။
သူ၏ လုပ်ငန်းသည် အလားအလာရှိသော ရေနံ ဒေဝါလီခံ လုပ်ငန်းများအတွက် လုပ်ဆောင်ပေးနေပြီး လွန်စွာ အလုပ်များနေကြောင်း ဟျူစတန်မှ ဥပဒေအတိုင်ပင်ခံလုပ်ငန်း Haynes and Boone ၏ စွမ်းအင်အလေ့အထများဆိုင်ရာ တွဲဖက် ဥက္ကဋ္ဌ ဘတ်ဒီကလပ်ပြောသည်။ Haynes and Boone သည် ရေနံလုပ်ငန်းပြဿနာများအတွက် လုပ်ငန်း၏ အခြားနယ်ပယ်များမှသူများကိုပါ ခေါ်ယူသုံးစွဲနေရသည်။
“ကျနော့်တသက်တော့ ဒါမျိုးတခါမှ မကြုံဖူးဘူး ထင်တာပဲ” ဟု ထိုလုပ်ငန်းကို ၁၉၈၂ ခုနှစ်က စတင်လုပ်ကိုင်နေသော ကလပ်ပြောသည်။
ရေနံဈေးနှုန်းများ ဆက်လက်ပြိုကျသော်လည်း ၂၀၂၀ တွင် ရေနံလုပ်ငန်းဒေဝါလီခံမှု ၁၀၀ သာရှိလိမ့်မည်ဟု ကလပ်က ယူဆသည်။
“လုပ်ငန်း ၁၀၀ ဒေဝါလီခံရမယ်လို့ ခန့်မှန်းတာကို အကောင်းမြင်တဲ့ အမြင်လို့ ယုံကြည်ဖို့တောင် ခက်တယ်။ ဒါပေမယ့် ဒီအခြေအနေရောက်နေပြီလေ” ဟုလည်း သူက ပြောသည်။
စာရင်းရှင်းလင်း ဖျက်သိမ်းမှုများ ဖြစ်လာနိုင်
ရေနံဈေးနှုန်း အလွန်အကျွံမတည်ငြိမ်မှုများက ဒေဝါလီခံမှုများ ပိုမိုများပြားနိုင်ကြောင်း ကလပ်က ပြောသည်။ ကုမ္ပဏီများသည် ရေနံဈေးနှုန်း မည်မျှဖြစ်မည်ကို မသိသောကြောင့် ပြန်လည်ဖွဲ့စည်း တည်ဆောက်ရေး အစီအစဉ်များ ချမှတ်ရာတွင် အခက်အခဲ ကြုံနေရကြောင်း ကလပ်က ပြောသည်။
“ထင်ထားတာနဲ့ ဆန့်ကျင်ဖက်ဖြစ်တာက ဈေးနှုန်းနိမ့်လို့ ဒီလုပ်ငန်းအဆင့်ဆင့်ကို နှေးကွေးသွားစေတယ်။ ကုမ္ပဏီ တော်တော်များများက ဒေဝါလီခံဖို့ ပြင်ဆင်ပြီး ဖြစ်ကြတော့မှာ။ ဒါပေမယ့် သူတို့တွေ နည်းလမ်းသစ်တွေ စဉ်းစားဖို့ လိုနေတယ်” ဟုလည်း သူက ပြောသည်။
ရေနံလုပ်ငန်းအတွက် ဆိုးရွားလှသော အလားအလာကြောင့် အခန်း ၁၁ အရ ပြန်လည်ဖွဲ့စည်းလုပ်ဆောင်ပြီး ဘဏ္ဍာငွေအထောက်အပံ့ လျှောက်ထားရန် အားထုတ်သည့် လုပ်ငန်းများအတွက် လွန်စွာခက်ခဲနိုင်သည်။ ပုံမှန်အားဖြင့် မြီရှင်များသည် ၎င်းတို့၏ အကြွေးများအတွက် ရှယ်ယာများကို ရယူလိုကြသော်လည်း ယခုအခါတွင် ရယူလိုကြတော့မည် မဟုတ်ပေ။
ထို့ကြောင့် ၂၀၁၄-၁၆ ကကဲ့သို့မဟုတ်ဘဲ ရေနံလုပ်ငန်းအချို့ လုံး၀ ဆက်လက်ရှင်သန်နိုင်မည် မဟုတ်ပေ။
“အခန်း ၁၁ အရ ဒီလိုလုပ်ငန်းတွေကို ငွေကြေးထောက်ပံ့မယ့်သူက ထောက်ခံဖို့လိုတယ်။ အခန်း ၇ စာရင်းရှင်းလင်းဖျက်သိမ်းခြင်းမှာ ပိုတွေ့ရမယ်” ဟု PwC အမေရိကန် စွမ်းအင်လုပ်ငန်းခေါင်းဆောင် ရိဒ် မောရစ်ဆန်က ပြောသည်။
အခြေအနေဆိုးများကြောင့် ရေနံလုပ်ငန်းမှ အကြီးဆုံး လုပ်ငန်းကြီးများအနေဖြင့် အကျိုးအမြတ်များသော ဝယ်ယူမှု အခွင့်အလမ်းများ ဖြစ်ပေါ်လာနိုင်သည်။ ထို့ကြောင့် ဒေဝလီခံရန်ဖြစ်စေ၊ မခံမီဖြစ်စေ ရုန်းကန်နေကြသော လုပ်ငန်းများသည် ၎င်းတို့၏ အဓိက လုပ်ကွင်းလုပ်ကွက်ကောင်းများကို ရရာဈေးဖြင့် ရောင်းချရန် ဖိအားပေးခံရနိုင်သည်။ ရေနံလုပ်ငန်းတွင် အကြီးမားဆုံးများဖြစ်သည့် Exxon နှင့် Chevron (CVX) တို့သည် ထိုသို့ဝယ်ယူရန် ဆွဲဆောင်ခံရနိုင်သည်။
“ငွေကြေးခိုင်မာတဲ့သူတွေကတော့ ဒီအခြေအနေကနေ အမြတ်ထုတ်နိုင်မယ်” ဟု မောရစ်ဆင်က ပြောသည်။
သို့သော် ထိုလုပ်ငန်းကြီးများသည် ၎င်းတို့၏ အကျိုးအမြတ်များကို ဦးစွာကာကွယ်ရမည်ဖြစ်သောကြောင့် လာမည့် ၆ လအတွင်းတွင် ထိုသို့လုပ်ရန် လွန်စွာသတိထားနေမည်ဖြစ်သည်။
နောက်ထပ် မည်သူပြိုကွဲမည်နည်း
ရေနံဈေးနှုန်း ကျဆင်းခြင်းကြောင့် နောက်ထပ်မည်သည့်လုပ်ငန်း ဒေဝါလီခံရမည်ကို ခန့်မှန်းလာကြသည်။ အထိခိုက်လွယ်ဆုံး လုပ်ငန်းများမှာ အကြွေးပိနေပြီး ကြွေးပြန်ဆပ်ချိန်နီးနေကာ အတိုးပေးရန်ပင် ငွေကြေးလည်ပတ်မှု မရှိသော လုပ်ငန်းများဖြစ်သည်။
“Chesapeake Energy (CHK) နဲ့ Oasis Petroleum (OAS) တို့ ဒေဝါလီခံဖို့ စဉ်းစားတယ်ဆိုရင် ဘယ်သူမှ အံ့သြမှာမဟုတ်ဘူး” ဟု Rystad မှ အေဗရာမော့က ပြောသည်။
Chesapeake သည် ပုံသေသတ်မှတ် အမြတ်နှုန်းများပေးခြင်းကို မကြာသေးမီက ဆိုင်းငံ့ခဲ့ရသည်။ ထိုလုပ်ငန်း၏ ရှယ်ယာများသည် လွန်စွာကျဆင်းသွားသောကြောင့် ရှယ်ယာ စည်းကမ်းချက်များနှင့် ကိုက်ညီရန် ရှယ်ယာ ၂၀၀ စောင်ကို ၁ စောင်အဖြစ် ပြန်လည်သတ်မှတ်ပေးခဲ့ရသည်။
ရေနံထုတ်လုပ်သည့် Oasis Petroleum (OAS) သည် ယခုနှစ်အတွင်း ၎င်း၏ တန်ဖိုး ၉၀ ရာခိုင်နှုန်းကျော် ကျဆင်းပြီး ရှယ်ယာတစောင်လျှင် ဆင့် ၃၀ အောက်ဖြင့် ရောင်းဝယ်နေသည်။
၂၀၁၄-၁၆ ခုနှစ် ရေနံစိမ်းဈေးကျဆင်းချိန်က ရေနံထုတ်လုပ်သော အမေရိကန်လုပ်ငန်းများ ပြန်လည်နာလန်ထခဲ့သော်လည်း ယခုအခါ ထိုလုပ်ငန်းတွင် ထာဝရစွဲထင်နေမည့် အမာရွတ် ဖြစ်သွားမည်ကို စိုးရိမ်နေကြသည်။
ရင်းနှီးမြှုပ်နှံသူများသည်လည်း ရေနံလုပ်ငန်းတွင် အလွန်အကျွံသုံးစွဲပြီး ရောင်းလိုအားများကာ အမြတ်နည်းသည်ကို စိတ်ကုန်နေကြသည်မှာ ယခု ၂၀၂၀ ရေနံစိမ်းဈေးနှုန်း ကျဆင်းခြင်း မတိုင်မီကပင်ဖြစ်သည်။
ကိုးကား။ ။ CNN ၏ Oil prices turned negative. Hundreds of US oil companies could go bankrupt
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်စီးပွားပျက်ပြီး သန်းပေါင်းများစွာ အလုပ်လက်မဲ့ဖြစ်
ကိုဗစ်-၁၉ ကြောင့် မြန်မာ့စီးပွားရေး နှေးသွားပြီး ဆင်းရဲသားများ အထိနာမည်ဟု ကမ္ဘာ့ဘဏ် ဆို