ရန်ကုန်မြို့ ဈေးဝယ် စင်တာကြီးများရှိ လူသုံးကုန်ပစ္စည်းများ ရောင်းချသည့် လက်လီဆိုင်ခန်း များ COVID-19 ကြောင့် ပိတ်ထား ရသော်လည်း ဆိုင်ခန်းငှားခများ ပေးနေရသဖြင့် ရေရှည်တွင် ဆိုင်ခန်းများ အပြီးပိတ်သိမ်းရမည့် အခြေအနေ ရှိနေကြောင်း သိရသည်။
ထို့ကြောင့် ဆိုင်ခန်းခ လျှော့ယူရေးအတွက် သက်ဆိုင်ရာသို့ လက်လီဆိုင်ခန်း ပိုင်ရှင်များက တင်ပြထားသည်ဟုလည်း ဆို သည်။
ရန်ကုန်မြို့ Juction City မှ ဆိုင်ခန်းပိုင်ရှင် မခင်စန္ဒာကျော်က“ဝယ်သူက လုံးဝမလာဘူး။ အစ်မ တို့လို လူသုံးကုန်ပစ္စည်း ရောင်းတဲ့ ဆိုင်တွေက လုံးဝ ပိတ်ထားရတာ။ အဆင်မပြေဘူးလေ။ ဆိုင်ခန်းငှားခ ဘယ်လိုမှလည်း မပေးနိုင်ကြဘူး။ ဒီကိစ္စကြီးက (COVID-19) ၁ လ နဲ့လည်း မပြီး ဘူး။ ၂ လ၊ ၃ လက အနည်းဆုံးသွားမှာ။ ပြန်ဖွင့်နိုင်ဖို့က မလွယ်ဘူးဆိုတော့ ဘယ်လိုမှ မပေးနိုင် ကြဘူး။ ကြာရှည်တောင့်မခံနိုင်ရင် အကုန်လုံးက ပိတ်ကုန်ကြရတော့မှာလေ၊ တော်တော်လေး အကြပ် ရိုက် နေတယ်”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် ဆိုင်ခန်းငှားခကို Juction City က ၂၀ ရာခိုင်နှုန်း နှင့် မြန်မာပလာဇာက ၃၀ ရာခိုင်နှုန်း လျှော့ပေးခြင်းများ ရှိ ကြောင်း၊ ဒဂုံစင်တာ ၁ ခုသာလျှင် ၁၀၀ ရာခိုင်နှုန်း ဆိုင်ခန်းခပေးရခြင်း မရှိကြောင်း လက်လီဆိုင်ပိုင်ရှင်များထံမှ သိရသည်။
ဈေးဝယ် စင်တာကြီးများ၌ ပိုးထည်ဆိုင်များ ဖွင့်လှစ်ထားသော ကိုဝင်းမော်က“ကျနော်ဆိုရင် မတ်လကုန် ကတည်းက ဆိုင်တွေ ပိတ်ထားတယ်။ ဝန်ထမ်းတွေကို မတ်လ လစာ ရော ဧပြီ လစာရော ကြိုပေးလိုက်တယ်။ အဲဒီမှာ ဆိုင်ခန်းငှားခတွေ လည်း ထပ်ပေးရမယ်။ ဝန်ထမ်း တွေ လည်း ကြည့် ထားရမယ် ဆိုရင် မပေးချင်တာ မဟုတ်ဘူး ဆက်ပြီးတော့ ရပ်တည် နိုင်စွမ်း မရှိတော့တာ။ ပေးဖို့ကို မရှိတော့တာ”ဟု ပြောသည်။
ရောင်းချရသည့် ငွေနှင့်မှသာလျှင် ဆိုင်ခန်း ငှားရမ်းခ၊ ဝန်ထမ်း လစာများကို ပေးဆောင်လည် ပတ်နေရသည့် လုပ်ငန်း ဖြစ် ပြီး လောလောဆယ်တွင် ဝင်ငွေ မရှိသည့်အတွက် ဆက်လက် လည် ပတ်ရန် အခက်အခဲရှိ နေသည်ဟု ၎င်းက ရှင်းပြသည်။
ဆက်လက်၍ ကိုဝင်းမော်က“ကျနော်တို့က ဘယ်လောက်ကြာမယ်မှန်းလည်း မသိတော့ ဒါကို ဆက်ပေးနေရမှာလား။ ၁ လ လောက် ပေးဆိုရင်တောင် ကြိတ်မှိတ်ပြီး မရှိ၊ ရှိတာ ပေးလိုက်ပြီး ပြန်စလို့ ဖြစ်တယ်။ အခုက ဘယ်လောက် ကြာမယ် မှန်းလည်း မသိတဲ့ အနေအထားတခုမှာ အခက်အခဲရှိတယ်။ မပေးနိုင်လို့ စင်တာကထွက်ဆိုရင် ကျနော်တို့ တင်ထားတဲ့ ၃ လ စာ Deposit တွေ အဆုံးခံရမယ်”ဟုလည်း ပြောဆိုသည်။
ဆိုင်ခန်းငှားခမှာ ခန့်မှန်းခြေ ၁ လလျှင် ကျပ် သိန်း ၂၀ ကနေ ကျပ် သိန်း ၂၀၀ အထိ စင်တာပေါ် မှုတည်၍ ပေးရပြီး အခြား အထွေထွေ ကုန်ကျစရိတ်များလည်း ရှိကြောင်း ဆိုင်ခန်းပိုင်ရှင်များ ထံမှ သိရသည်။
လူသုံးကုန် ဆိုင်ခန်းပိုင်ရှင် ၁ ဦးက“ဆိုင်ခန်းများတဲ့သူက များသလိုပဲ ဒီပမာဏကို မပေးနိုင်တော့ ဘူး။ ဥပမာ မြန်မာ ပလာဇာမှာ COVID-19 ရောဂါ ပိုးတွေ့တယ်ပေါ့နော်။ အဲဒီ အချိန်မှာ မြို့နယ် က လာကြည့်သွားတယ်။ ပြီးတဲ့အခါ ကျတော့ တရားဝင် မပိတ်သွားဘူး။ အနည်းဆုံးလုပ်သင့် တာ တခုက City Mart လို ဆေးပစ္စည်းဆိုင်တွေကို မပိတ်ချင်ရင် တောင်မှ လူသုံးကုန်ပစ္စည်းဆိုင် တွေက ပိတ်ကို ပိတ်ရမှာပေါ့။ အစိုးရ ညွှန်ကြားချက်မရလို့ မင်းတို့ဘာသာ ပိတ်ချင်ပိတ် ဆိုင် လခ ပေးဆိုတော့ အခက်အခဲရှိတယ်”ဟု ပြောသည်။
အဆိုပါ လူသုံးကုန်ပစ္စည်း လက်လီအရောင်းဆိုင်များ အခက်အခဲ ကြုံတွေ့နေရခြင်းနှင့် ပတ်သက် ပြီး မြန်မာနိုင်ငံ လက်လီ လုပ်ငန်းရှင်များ အသင်းသို့ တင်ပြထားကြောင်းလည်း သိရသည်။
ဈေးဝယ်စင်တာများရှိ ဆိုင်ခန်းငှားရမ်းခများ လျှော့ယူရေး ကူညီညှိနှိုင်းပေးရန် အကူအညီ တောင်းခံစာများ လက်ခံရရှိ သောကြောင့် အသင်းအနေနှင့် ဈေးဝယ်စင်တာကြီးများ၏ လုပ်ငန်းရှင်များနှင့် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း မြန်မာ နိုင်ငံ လက်လီလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးသူရိန်ငြိမ်းက ဧရာဝတီသို့ ပြောသည်။
ထို့ကြောင့် ဈေးဝယ်စင်တာ အများစုက ပုံမှန်ငှားရမ်းခ၏ ၂၅၊ ၃၀ ရာခိုင်နှုန်းဝန်းကျင် လျှော့ချ ပေးခြင်း၊ ငှားရမ်းခကို ဆိုင်းငံ့ ပေးခြင်းများကို COVID-19 ကာလအတွင်း မတ်လမှစတင်၍ ၁ လချင်းလျှော့ချပေးခြင်း၊ ၃ လ တဖြတ် စဉ်းစားခြင်း များကို ကြော်ငြာခြင်းများ လုပ်ဆောင်ပေး ကြောင်း ၎င်းက ပြောဆိုသည်။
ဦးသူရိန်ငြိမ်းက“ဒါပေမယ့် ဈေးဝယ်စင်တာအားလုံးက လုပ်ပေးတာမဟုတ်တဲ့ အတွက် အသင်း အနေနဲ့ သက်ဆိုင်ရာ စင်တာ တွေကို မေးမြန်းလျက် ရှိပါတယ်။ နောက်ပြီး အခု ကြုံတွေ့နေရတဲ့ လက်လီရောင်းချသူတွေရဲ့ အခက်အခဲကို သိရအောင် လည်း အသင်း အလုပ်အမှုဆောင်တွေနဲ့ တိုင်ပင်နေပါတယ်။ အခက်အခဲနဲ့ လိုအပ်ချက်တွေကိုလည်း စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ် ရေး ဝန်ကြီး ဌာနကို တင်ပြထားတယ်”ဟု ရှင်းပြသည်။
COVID-19 ၏ လက်လီကဏ္ဍအပေါ် သက်ရောက်မှုကို လေ့လာသည့်စစ်တမ်း တစောင်ဆောင် ရွက်လျက်ရှိပြီး မေလဆန်း တွင် ထွက်ရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ လက်လီ လုပ်ငန်းရှင်များ အသင်းမှ သိရသည်။
မြန်မာပလာဇာမှ တာဝန်ရှိသူ ၁ ဦးက“ကျမတို့ဆီမှာ ဆိုင်ခန်းပေါင်း ၁၅၀ ကျော်ရှိပါတယ်။ စားသောက်ဆိုင်တွေ၊ ဘားတွေ၊ နောက်တခုက ဖက်ရှင်ဆိုင်တွေပေါ့။ နောက်တခုက SME တွေပေါ့။ ဒါတွေကို သူ့ရဲ့ ထုတ်ကုန်အရ ရာခိုင်နှုန်းတွေပေးတယ်။ ဆိုင်ခန်းပိုင်ရှင်တွေနဲ့ ကုမ္ပဏီပဲ နှစ်ဦးနှစ်ဖက် ပေးသိပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
လျှော့ချသည့် နှုန်းထားကို ပြောဆို၍ မရကြောင်း၊ လျှော့ချထားသည့် နှုန်းထားတခု ရှိကြောင်း၊ ထုတ်ကုန်ပစ္စည်း ရောင်းချ သည့် အပေါ် မူတည်၍ ရာခိုင်နှုန်း မတူကြောင်း လက်ရှိ အခြေအနေ၌ လိုအပ်သည့် Customer များသာ ဝယ်ယူ နိုင်ရန် ဈေးဝယ်စင်တာကို ဖွင့်ပေးထားကြောင်း ၎င်းက ပြောသည်။
မြန်မာပလာဇာရှိ လူသုံးကုန်အသုံးအဆောင်ပစ္စည်းများ ရောင်းချသည့် ဆိုင်များမှာ ၆၀ ရာခိုင်နှုန်းခန့် ပိတ်ထားမှု ရှိကြောင်း အထက်ပါ မြန်မာပလာဇာ တာဝန် ရှိသူက ပြောဆိုသည်။
ရန်ကုန်မြို့တွင် ဈေးဝယ်စင်တာပေါင်း ၃၀ ဝန်းကျင်ရှိပြီး လူသုံးကုန် အသုံးအဆောင်ပစ္စည်း ရောင်းချသည့် လက်လီဆိုင် ခန်း များမှာ သောင်းဂဏန်း ဝန်းကျင်ရှိကာ မြန်မာနိုင်ငံ လက်လီ လုပ်ငန်းရှင်များ အသင်းသို့ အသင်းဝင်ထားသည်မှာ ထောင်ဂဏန်း ဝန်းကျင်ရှိကြောင်း သိရှိရသည်။
You may also like these stories:
အစိုးရက စစ်ဆေးပြီး စက်ရုံ ၁၂၀၀ ကျော် ပြန်လည်ဖွင့်လှစ်