တန်ဖိုးနည်း လေကြောင်းလိုင်းတခုဖြစ်သော AirAsia သည် လာမည့်ရက်အတွင်း ဒေသတွင်း လေကြောင်း ခရီးစဉ်များပြန်လည်စတင်သောအခါ ၎င်း၏ဝန်ထမ်းများဝတ်ဆင်ရန် ပိုးမွှားကာကွယ်ရေး ဝတ်စုံ (PPE) အသစ်များကို စတင်အသုံးပြုတော့မည်ဖြစ်သည်။
ဖိလစ်ပိုင် ဖက်ရှင်ဒီဇိုင်းဆရာ Puey Quinones နှင့် ပူးပေါင်းထုတ်လုပ်ထားသော ထိုပိုးမွှားကာကွယ်ရေး ဝတ်စုံများကို လွန်ခဲ့သော ဧပြီလ ၂၄ ရက်က ဘန်ကောက်မှ မနီလာသို့ ပျံသန်းသည့် လမ်းကြောင်းပြောင်းထားရသော လေကြောင်းခရီးစဉ်အတွင်း ထုတ်ဖေါ်ပြသခဲ့သည်။ ထို ပိုးမွှားကာကွယ်ရေး ဝတ်စုံသည် AirAsia လေကြောင်းလိုင်း၏ သင်္ကေတဖြစ်သော အနီရောင်တောက်ပနေပြီး ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာန အတည်ပြုထားသော ဝတ်စုံဖြစ်ကြောင်းသိရသည်။
Quinones ၏ အင်စတာဂရမ် အကောင့်တွင် ဖေါ်ပြချက်အရ လော့စ်အိန်ဂျယ်လိတွင် အခြေစိုက်သော သူသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနောက်ပိုင်း ဆေးရုံများနှင့် AirAsia ကဲ့သို့သော ကုန်အမှတ်တံဆိပ်များအတွက် ပိုးမွှားကာကွယ်ရေး ဝတ်စုံများကို ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ပေးနေသည်ဟု သိရသည်။
လေယာဉ်မောင်မယ်များသည် ထိုလေကြောင်းလိုင်း၏ ပြည်တွင်းနှင့် နိုင်ငံတကာ ခရီးစဉ်များအားလုံးတွင် ပိုးမွှားကာကွယ်ရေး ဝတ်စုံများ ဝတ်ဆင်ရန်လိုမည်ဖြစ်သည်။
လေကြောင်းလိုင်းများသည် ကမ္ဘာတဝန်း ကူးစက်ရောဂါကြောင့် အထိအနာဆုံး လုပ်ငန်းများတွင် ပါဝင်သည်။ ဇွန်လကုန်အထိ စီစဉ်ထားသော လေကြောင်းခရီးစဉ်များ၏ ၉၆ ရာခိုင်နှုန်းကို ဖျက်သိမ်းရကြောင်း စင်္ကာပူလေကြောင်းလိုင်းက မကြာသေးမီက ထုတ်ပြန်ကြေညာခဲ့ပြီး ရစ်ချတ်ဘရန်ဆန်သည် အစိုးရ အကူအညီ စင်္ကာပူဒေါ်လာ သန်း ၈၈၀ ရရှိရန် ကြိုးစားရင်း Virgin Atlantic Airways ကို ဝယ်ယူမည့်သူအား ရှာဖွေနေသည်ဟုလည်း သတင်းများကဆိုသည်။
AirAsia က မလေးရှား ပြည်တွင်း ခရီးစဉ်များကို ဧပြီလ ၂၉ ရက်နေ့တွင် ပြန်လည်စတင်ပြီးနောက် မေလ ၁ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မေလ ၄ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ မေလ ၇ ရက်နေ့တွင် အင်ဒိုနီးရှားနှင့် မေလ ၁၆ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံများသို့ ပျံသန်းမည်ဟု ဧပြီလ ၁၇ ရက်နေ့ကကြေညာထားသော်လည်း အာဏာပိုင်များ၏ခွင့်ပြုချက်ရမှသာ ထိုအစီအစဉ်အတိုင်း လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ကိုးကား။ ။ The Straits Times
You may also like these stories:
ကိုဗစ် ဆုံချက်နှင့် ရန်ကုန် အကြပ်အတည်း
ပုဂ္ဂလိကသို့ ငှားထားသည့် အစိုးရပိုင် ဟိုတယ်များ ငှားခ ၆ လ ဆိုင်းငံ့ပေးထား
အလုပ်လက်မဲ့ ဖြစ်ပွားနိုင်ခြေက ရန်ကုန် တမြို့တည်း ဦးရေ သိန်းနဲ့ ချီရှိလာနိုင်တယ်