COVID-19 ကပ်ရောဂါ၏ သက်ရောက်မှုများကြောင့် ၂ နိုင်ငံလုံး ၏ စီးပွားရေး သိသိသာသာ နှေးကွေးနေ သော်လည်း တရုတ်အစိုးရအတွက် အဓိကကျသော မြန်မာနိုင်ငံမှ အခြေခံအဆောက်အဦ စီမံကိန်းများ အကောင်အထည်ဖော် ခြင်းကို အရှိန် မြှင့်ရန်အတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက မေလ ၆ ရက် နေ့တွင် တွန်းအားပေးခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ဟိုင်း Chen Hai နှင့် မြန်မာနိုင်ငံ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင်တို့သည် ဇန်နဝါရီလအတွင်းက တရုတ်သမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်မှ ရလဒ်များ အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ အသေးစိတ်ဆွေးနွေးမှုများပြုလုပ်ရန် မေလ ၆ ရက်နေ့တွင် တွေ့ဆုံခဲ့ကြကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၏ အဆိုအရ သိရသည်။
မြန်မာအစိုးရ၏ COVID-19 စီးပွားရေးကုစားမှု အစီအစဉ် (CERP) နှင့်ပေါင်းစပ် အခြေခံ၍ မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကြီးသော စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို မည်သို့ ရှေ့ဆက် အကောင်အထည် ဖော်ရမည်ကို ၂ ဘက် ဆွေးနွေးခဲ့ကြကြောင်း တရုတ်သံရုံးက ပြောသည်။ ဆွေးနွေးခဲ့သည့် စီမံကိန်းများတွင် ရန်ကုန်မြို့သစ်စီမံကိန်း၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်၊ တရုတ်- မြန်မာ နယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်တို့ ပါဝင်သည်။
ပြီးခဲ့သည့်အပတ်တွင် စတင်ခဲ့ သော CERP က အစီအစဉ်သစ်များနှင့် တုန့်ပြန်မှုအစီအစဉ်များကို အကောင်အထည် ဖော်ခြင်းအားဖြင့် ကူးစက်ရောဂါ၏ စီးပွားရေးသက်ရောက်မှုများကို လျော့ပါးစေရန် ရည်ရွယ်ထားသည်။ အကောင်အထည်ဖော်မှုများထဲတွင် ဗျူဟာကျသော အခြေခံအဆောက်အဦစီမံကိန်းများ မြန်ဆန်စွာ ပြီးမြောက်စေရေးနှင့် လက်ရှိအချိန်တွင် နှောင့်နှေးမှုများ တွေ့ကြုံနေရသည့် ဂုဏ်သိက္ခာရှိသော နိုင်ငံတကာကုမ္ပဏီများမှ ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများကို ပိုမို မြန်ဆန်သော လုပ်ထုံးလုပ်နည်းများမှတဆင့် အတည်ပြုရေးနှင့် ထုတ်ဖော်ရေး လုပ်ဆောင်ချက်များ ပါဝင်သည်။
Institute for Strategy and Policy (ISP) မှ တရုတ်နိုင်ငံဆိုင်ရာ ဌာနအကြီးအကဲ ဒေါ်ခင်ခင်ကျော်ကြီးက ထို စီမံကိန်း ၃ ခု သည် ရှီကျင့်ဖျင် မြန်မာနိုင်ငံသို့ ရောက်ခဲ့ချိန်က ဦးစားပေးမည့် အဓိက အစီအစဉ်ထဲ၌ ပါဝင်သည်ဟု ဧရာဝတီသို့ ပြောသည်။ အဘယ်ကြောင့်ဆိုသော် ထိုစီမံကိန်းများသည် တရုတ်နိုင်ငံအတွက် မဟာဗျူဟာအရ အရေးကြီးသောကြောင့် ဖြစ်ပြီး သူ၏ ခရီးစဉ်မှ သဘောတူညီချက်များကို အမှန်တကယ် အကောင်အထည်ဖော်ရေးသည် တရုတ်နိုင်ငံ ၏ ပုံရိပ်အတွက် အရေးကြီးသည် ဟု ဆိုသည်။
“CERP က ရောဂါဖြစ်ပွားနေစဉ် အတွင်းမှာရော COVID-19 ကာလ နောက်ပိုင်းမှာပါ နိုင်ငံအတွက် လမ်းပြမြေပုံ တခုလို့ ယူဆရပါတယ်။ တကယ်လို့ ဒီစီမံကိန်းတွေကို CERP ထဲမှာ ထည့်သွင်းလိုက်မယ်ဆိုရင် သူတို့က (အ ကောင်အထည်ဖော်ရေး) ဦးစားပေးစီမံကိန်းတွေအဖြစ် သတ်မှတ်လို့ ရနိုင်ပါတယ်။ တရုတ်နိုင်ငံက သူတို့ရဲ့ စီမံကိန်း တွေကို CERP နဲ့ ချိတ်ဆက်ချင်တဲ့ အကြောင်းရင်းက အဲဒါပါပဲ” ဟု ဒေါ်ခင်ခင်ကျော်ကြီး ပြောသည်။
ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ထိုစီမံကိန်းများသည် တရုတ်နိုင်ငံ၏ Belt and Road Initiative (BRI) ၏ အစိတ်အပိုင်းဖြစ်သော တရုတ်- မြန်မာစီးပွားရေးစင်္ကြံ (CMEC) ၏ အဓိက ထောက်တိုင် ၃ ခု အဖြစ် တံဆိပ်တပ်ခဲ့ သည်။ ၂ ဘက်လုံးက ရလဒ် အပေါ် အခြေခံသည့် Belt and Road ပူးပေါင်း ဆောင်ရွက်မှုကို ပိုမို နက်ရှိုင်း စေရန်နှင့် CMEC တည် ဆောက်ခြင်းကို “ အယူအဆအဆင့်မှ တိကျသော စီမံကိန်းရေးဆွဲခြင်း နှင့်အကောင်အထည်ဖော်ခြင်း အဆင့်သို့ ” ပြောင်းရန် ရှီကျင့်ဖျင်က တောင်းဆိုခဲ့သည်။
ဇန်နဝါရီလ အတွင်း ရှီကျင့်ဖျင်၏ ခရီးစဉ်တွင် တရုတ်သမ္မတနှင့် မြန်မာခေါင်းဆောင်များက ကျောက်ဖြူ အထူး စီးပွားရေးဇုန် (SEZ) အတွက် သဘောတူညီချက် တခု နှင့် ရှယ်ယာ ပိုင်ဆိုင်မှု သဘောတူညီချက်၊ ရန်ကုန်မြို့ တော် မြို့ပြ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရည်ညွှန်းချက်စာလွှာနှင့် ရွှေလီ-မူဆယ် နယ်စပ်ဖြတ်ကျော် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဇုန်နှင့်ပတ်သက်၍ စေ့စပ်ညှိနှိုင်းမှုအား အရှိန်မြှင့်ရန် နားလည်မှုစာချွန်လွှာ တခုကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ကူးစက် ကပ်ရောဂါက ကမာ္ဘနှင့် ဒေသတွင်း စီးပွားရေးကို ရုတ်တရက် ကျဆင်းသွားစေသည်နှင့် အမျှ တရုတ်နိုင်ငံ နှင့် မြန်မာနိုင်ငံ တို့က စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူတို့၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်မှု အတွက် CMEC ကို မြှင့်တင်နိုင်ရန် ပူးပေါင်း ဆောင်ရွက်မှု ခိုင်မာ အားကောင်းအောင် ဆောင်ရွက်ရမည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ပြောသည်။
ကူးစက် ကပ်ရောဂါကြောင့် လက်ရှိ ဘဏ္ဍာ ရေးနှစ်တွင် မြန်မာနိုင်ငံ၏ GDP တိုးတက်မှုနှုန်းသည် ၂ ရာခိုင်နှုန်း မှ ၃ ရာခိုင်နှုန်း အထိ နှေးကွေးသွားဖွယ်ရှိပြီး တိုင်းပြည်အတွင်းရှိ ဆင်းရဲနွမ်းပါး၍ အားနည်း ထိခိုက်လွယ်သော အိမ်ထောင်စု များကို အပြင်းထန်ဆုံး ထိခိုက် စေလိမ့်မည်ဟု ကမာ္ဘ့ဘဏ်က သတိပေးခဲ့သည်။
BRI သည် ရှီကျင့်ဖျင်၏ အမှတ်တံဆိပ် နိုင်ငံခြားရေးမူဝါဒ စီမံကိန်း ဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် စတင်ထုတ် ဖော် ပြသခဲ့ပြီး ပိုးလမ်းမ စီးပွားရေးခါးပတ်နှင့် ၂၁ ရာစု ပင်လယ် ရေကြောင်းပိုးလမ်းမ ဟုလည်း လူသိများသည်။ ဤစီမံကိန်းသည် တရုတ် နိုင်ငံမှသည် ဥရောပသို့ အနည်းဆုံး နိုင်ငံ ၇၀ ကိုဆက်သွယ်၍ ဗဟို အာရှ၊ အရှေ့အလယ်ပိုင်း နှင့်ရုရှားကို ဖြတ်ကာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်မည့် လမ်းများ၊ ရထားလမ်းများနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ပါဝင်သော ကွန်ရက်တခု တည်ဆောက်ရန် ရည်ရွယ်ထားသည်။
CMEC ကိုတည်ထောင်ရန် နားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံက ၂၀၁၈ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ကီလိုမီတာ ၁၇၀၀ ရှိသောစင်္ကြံသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် မြို့တော် ကူမင်းနှင့် မြန်မာနိုင်ငံ၏ အဓိက စီးပွားရေး အချက်အချာနေရာများ (ပထမဆုံး မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့ သို့ ၊ ထို့နောက် တောင်ဘက်ရှိ ရန်ကုန်နှင့် အနောက်ဘက်ရှိ ရခိုင်ပြည်နယ် အနောက်ပိုင်း အထူးစီးပွားရေးဇုန် ရှိသော ကျောက်ဖြူ သို့) ကိုဆက်သွယ် ပေးမည် ဖြစ်သည်။
ရည်မှန်းချက်ကြီးမားသည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် အတွက် မူဘောင်သဘောတူညီချက်ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် လက်မှတ် ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံက စီမံကိန်းတွင် အစုရှယ်ယာ ၃၀ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။ ထို စီမံကိန်း က ကုန်းတွင်းပိတ် ယူနန်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်နှင့် ၎င်း၏ရေနံတင်သွင်းမှုတွင် မလက္ကာရေလက်ကြားကို ရှောင်ကွင်း၍ အိန္ဒိယသမုဒ္ဒရာကို တိုက်ရိုက် ဝင်ခွင့်ရရှိရန် မျှော်လင့်ထားသည်။
ရန်ကုန်မြို့သစ်သည် ၂၀၁၈ ခုနှစ် တွင် အစိုးရပိုင် ရန်ကုန်မြို့သစ် တည်ဆောက်ရေး ကုမ္ပဏီ (NYDC) မှ တဆင့် ရန်ကုန်တိုင်း အစိုးရက စတင်ခဲ့သည့် အငြင်းပွားဖွယ်ရာ စီမံကိန်းတခုဖြစ်ပြီး လက်ရှိမြို့တော်မှ ရန်ကုန်မြစ် တဘက်ကမ်းတွင် မြို့သစ်တခု တည်ဆောက်ရန် ရည်ရွယ်သည်။ အကောင်အထည်ဖော်မည့် မြို့သစ်က စင်ကာပူ၏ ၂ ဆ ရှိလိမ့်မည်ဖြစ်သည်။
NYDC က တံတား ၂ ခု၊ လမ်းများ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ ရေနှင့်ရေဆိုးသန့်စင်စက်ရုံများနှင့် ၁၀ စတုရန်း ကီလိုမီတာ ရှိသော စက်မှုဇုန်တခု အပါအဝင် အဆင့် ၁ အခြေခံ အဆောက်အဦ စီမံကိန်းများအတွက် China Communication Construction Co. , Ltd (CCCC) နှင့် မူဘောင် သဘောတူညီချက် တခုကို လက်မှတ် ရေးထိုးခဲ့သည်။
NYDC က စီမံကိန်း အကောင်အထည်ဖော်ရန် အစီအစဉ်များကို ကြေငြာပြီးသည့်အချိန်က စ၍ မြို့သစ် စီမံကိန်းက အငြင်းပွားစရာ အရင်းအမြစ်တခု ဖြစ်လာခဲ့သည်။ မြို့ပြ စီမံကိန်းရေးဆွဲသူများက စီမံကိန်းတည် ဆောက်မည့် နေရာ သည် ရေလွှမ်းမိုးမှုခံရနိုင်သည့် နေရာ ဖြစ်ကြောင်း သတိပေးခဲ့ကြသည်။ ရန်ကုန်တိုင်း အစိုးရက တိုင်းလွှတ်တော်၏ ကြိုတင်ခွင့်ပြုချက်မရှိဘဲ စီမံကိန်းတွင် ကျပ် ၁၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇.၂ သန်း) ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် အာ ဏာကို အလွဲသုံးစားလုပ်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။ ထို့ပြင် တရုတ်ကုမ္ပဏီ CCCC က ဖွံ့ဖြိုးရေးစီမံကိန်းများ အကောင်အထည်ဖော်သည့် အခြားနိုင်ငံ အများအပြား၌ လိမ်လည်မှု၊ အကျင့်ပျက်ခြစားမှုနှင့် လာဘ်ပေးလာဘ်ယူမှုများတွင် ပါဝင်ခဲ့ကြောင်း အငြင်းပွားဖွယ်ရာ အချက်များစွာ ရှိနေခဲ့သည်။
ထို့ပြင် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်နယ်စပ် တလျှောက် နယ်စပ်ဖြတ်ကျော် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များ ထူထောင်ရန် သဘောတူညီချက်များသည် ၂၀၁၇ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦး ဆောင်သော အစိုးရနှင့် တရုတ်နိုင်ငံတို့ ကြားမှ ပထမဆုံး သော သဘောတူညီချက်များထဲတွင် ပါဝင် နေသည်။
အတည်ပြုပြီးသောဇုန် ၃ ခုမှာ ရှမ်းပြည်နယ် မူဆယ်မြို့နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အစိတ်အပိုင်း တခု ဖြစ်သော ရှမ်းပြည်နယ် လောက်ကိုင်မြို့နယ်နှင့် လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် မဟာမိတ်ပြုလုပ်ထားသော နယ်ခြား စောင့် တပ်ဖွဲ့တခု ဖြစ်သည့် ကချင်ဒီမိုကရက်တစ်တပ်မတော်သစ်၏ ထိန်းချုပ်မှု အောက်တွင်ရှိသော ကချင်ပြည်နယ် အထူးဒေသ-၁ ရှိ ကန်ပိုက်တီး မြို့ တို့ ဖြစ်သည်။
ဤအတောအတွင်းတွင် မြန်မာအစိုးရက မူဆယ်မှ ဇုန် အတွက် မူဘောင်သဘောတူညီချက် တခုကို လက်မှတ် ရေးထိုးရန် စီစဉ် နေပြီး အဆိုပါသဘောတူညီချက်က လက်တွေ့အကောင်အထည်ဖော်ရေး လမ်းခင်း ပေးလိမ့်မည် ဖြစ်သည်။
(Nan Lwin ၏ China Pushes BRI Projects As Myanmar Rolls Out COVID-19 Economic Relief Plan ကို ဘာသာပြန်ဆိုသည်။)
ဆက်စပ်လင့်
Covid-19 တုံ့ပြန်မှုသည် မြန်မာနိုင်ငံ အနာဂတ်ကို ပြန်လည်စိတ်ကူး ပုံဖေါ်ရန်ဖြစ်လာ
Covid-19 ကာလ နိုင်ငံ့စီးပွားကုစားရေး အစီအစဉ် အစိုးရ ထုတ်ပြန်
တရုတ်ရာဇဝတ်ဂိုဏ်းများနှင့် မြန်မာလက်နက်ကိုင်များ လုပ်ဖော်ကိုင်ဘက်တွေ ဖြစ်လာနေသည်