ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို တားဆီးရန်အတွက် မတ်လနှောင်းပိုင်းတွင် စားသောက်ဆိုင်များနှင့်ဆံပင်အလှပြင်ဆိုင်များ ကဲ့သို့သော လုပ်ငန်းများကို ကန့်သတ်ပိတ်ပင်ပြီးနောက် ပြန်လည်ဖွင့်လှစ်လိုက်သော်လည်း ဘန်ကောက်မြို့တော်ရှိ လမ်းများသည် ပုံမှန်အတိုင်း ဖြစ်မလာသေးပေ။
“ဘတ်စ်ကားတွေ၊ ရထားတွေနဲ့ ခရီးသွားတဲ့သူတွေ စားချင်ရင်စားလို့ရအောင် ဆိုင်ထိုင်စားတဲ့ ဝန်ဆောင်မှုကို ဒီနေ့ ပြန်လည် စတင်ဖို့ ကျမတို့ ဆုံးဖြတ်လိုက်တယ်” ဟု ခရူရာ ကမ်ရိုင် သောင် ထိုင်းခေါက်ဆွဲပြုတ်ဆိုင်ပိုင်ရှင် ဝိုရန်နပ်ချ် ရပ်ချိုင်ယာဖမ် ပြောသည်။
သူ၏ ဆိုင်သည် ဘန်ကောက်မြို့လယ်ရှိ အောင်ပွဲ အထိမ်းအမှတ် ကျောက်တိုင် Victory monument မိုးပျံရထားလမ်း ဘူတာအနီးတွင် တည်ရှိသည်။ အနီးအနားတွင် ပြေးဆွဲနေသော ဘတ်စ်ကား အများအပြားလည်း ရှိသည်။ ထိုနေရာသည် ထိုင်းနိုင်ငံသားများအတွက် အရေးပါသော လမ်းဆုံ ၁ ခုလည်း ဖြစ်သည်။
သူ၏ဆိုင်ရှေ့တွင် စားပွဲ ၅ လုံးချထားပြီး စားပွဲ ၁ ခုစီကို ပလပ်စတစ်ပိုက်နှင့် ကော်ပြားများဖြင့် ထူးခြားစွာ အခန်း ကန့်ထားသည်။ “ဒီလိုအကန့်လေးတွေ လုပ်ပေးဖို့ ဘတ် ၁၅၀၀ (၄၆ ဒေါ်လာ) လောက် ကျမတို့ သုံးလိုက်ရတယ်” ဟု အသက် ၄၃ နှစ်အရွယ် ထိုဆိုင်ပိုင်ရှင်က ပြောသည်။
ထိုင်းနိုင်ငံသည် မတ်လ ၂၆ ရက်နေ့က အရေးပေါ်အခြေအနေ ကြေညာသောအခါ ပိတ်ပစ်လိုက်ရသည့် စားသောက်ဆိုင်များနှင့် ဆံပင်အလှပြင်ဆိုင်များ အပါအဝင် စီးပွားရေးလုပ်ငန်း အချို့ကို တနင်္ဂနွေနေ့တွင် ပြန်လည် ဖွင့်လှစ်ခွင့်ပြုခဲ့သည်။ ထိုင်းနိုင်ငံသည် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ခြင်းကို အဆင့် ၄ ဆင့်ဖြင့် လုပ်ဆောင်ရန် ပြင်ဆင်နေပြီး ထပ်မံ ဖြေလျှော့သောအခါ ကုန်တိုက်များနှင့် အားကစားလေ့ကျင့်ရုံ Gym များ ပါဝင်လာဖွယ်ရှိသည်။ နိုက်ကလပ်များကိုမူ နောက်ဆုံးမှသာ ဖွင့်လှစ်ဖွယ် ရှိနေသည်။

ပြန်လည်ဖွင့်လှစ်သော စီးပွားရေးလုပ်ငန်းများသည် ကိုရိုနာဗိုင်းရပ်စ် ပြန်လည်ခေါင်းထောင်ထ မလာစေရေး တင်းကျပ်သည့် လုံခြုံရေးစည်းမျဉ်းသစ်များကို လိုက်နာကြရသည်။ ထိုင်းနိုင်ငံတွင် တနင်္ဂနွေနေ့က ကိုဗစ်-၁၉ ဖြစ်ပွားမှု အသစ် ၃ ခုရှိပြီး မတ်လ ၁၀ ရက်နေ့နောက်ပိုင်းတွင် အနိမ့်ဆုံးဖြစ်သည်။ ထိုင်းနိုင်ငံတွင် ရောဂါဖြစ်ပွားမှု အသစ် ဆယ်ဂဏန်းအောက်တွင်သာ ရှိနေသည်မှာ ၇ ရက်ဆက်တိုက်ရှိပြီ ဖြစ်သည်။
လုံခြုံရေးဆိုင်ရာ လမ်းညွန်များတွင် စားသောက်ဆိုင်များအနေဖြင့် စားသုံးသူများကို ၁ မီတာမှ ၁ မီတာခွဲအထိ ခြားထားရန် သို့မဟုတ် စားသုံးသူများအကြား အကာအရံများ ပြုလုပ်ထားရန် လိုသည်။
မွန်းလွဲ ၁၂ ခွဲခန့်တွင် ခရူရာ ကမ်ရိုင် သောင်သို့ အစိုးရအရာရှိ ၁ ဦးရောက်ရှိလာပြီး စနစ်တကျ ကာကွယ်ထားခြင်းရှိ၊ မရှိ လာရောက်စစ်ဆေးသည်။ အဆင်ပြေသည်။ “အကာအရံတွေ လုပ်ထားတော့ စားပွဲတလုံးမှာ လူ ၄ ယောက် ထိုင်ခွင့်ရတယ်။ အကာအရံတွေမပါရင် စားပွဲတလုံးမှာ လူ ၂ ယောက်ပဲထိုင်ခွင့်ရှိတော့ ငွေရှာရတာခက်တယ်” ဟု ဝိုရန်နပ်ချ် က ပြောသည်။
ခေါက်ဆွဲပြုတ် ၁ ပွဲလျှင် ဘတ် ၄၀ ဖြင့်ရောင်းချသည့် ဆိုင် ၁ ဆိုင်အတွက် အရင်းအနှီးသည် သိပ်မသေးလှပေ။ စားသုံးသူ အလာနည်းသောကြောင့် အရင်းအနှီးကို ကာမိခြင်း မရှိမည်ကို အချို့က စိုးရိမ်နေကြောင်း အခြားဆိုင်တဆိုင်က ပြောသည်။
ထိုင်းနိုင်ငံသည် ဝန်ကြီးချုပ်ပရာယွဒ်ချန်အိုချာ အစိုးရက ထုတ်ပြန်ထားသည့် အရေးပေါ်အခြေအနေအောက်တွင်သာ ရှိနေသေးပြီး ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကလည်း ရှိနေသေးသည်။
ဆိုင်များတွင် အခန်းကန့်ထားရန် ပစ္စည်းများလည်း ပြတ်လပ်နေပြီး စားသောက်ဆိုင်များအတွက် အခက်အခဲများ ဖြစ်စေသည်။
ဘန်ကောက်မြို့လယ်ရှိ သန်နီယလမ်းဟု ခေါ်သောနေရာတွင်လည်း အခြေအနေမှာ အလားတူပင်ဖြစ်သည်။ ထိုလမ်းတွင် ဂျပန်စားသောက်ဆိုင်များ၊ ကာရာအိုကေဆိုင်များနှင့် နိုက်ကလပ်များရှိသည်။ ထိုစားသောက်ဆိုင်အများစုသည် ပါဆယ်သာ ရောင်းချနေကြသေးသည်။
ကန့်သတ်ချက်များ ဖြေလျှော့လိုက်သော်လည်း နိုင်ငံတကာလေကြောင်းလိုင်းများအား ပိတ်ပင်ထားခြင်းကို အစိုးရက မေလ ၃၁ ရက်နေ့အထိ တိုးချဲ့ထားသောကြောင့် ယခင်က ကမ္ဘာလှည့်ခရီးသည်များဖြင့် ပြည့်ကျပ်နေသော နေရာများသည် ပြန်လည်သက်ဝင်လာခြင်း မရှိခဲ့ပါ။
ပြည်ပမှ ကိုရိုနာဗိုင်းရပ်စ် ဝင်ရောက်လာခြင်းကို တားဆီးရန် အားထုတ်မှုများသည် ကမ္ဘာလှည့် ခရီးသည် ဝင်ရောက်ခြင်းကို လုံးဝနီးပါး ရပ်စဲသွားစေသည်။
ဘန်ကောက်မြောက်ပိုင်းရှိ နာမည်ကျော် ချာတူချက် စနေ၊ တနင်္ဂနွေဈေးတွင် အဝတ်အထည်ဆိုင် အသေးစားများ၊ အမှတ်တရ ပစ္စည်း ဆိုင်များနှင့် အနုပညာပစ္စည်းဆိုင်ပေါင်း ရာနှင့်ချီရှိသည်။ ကမ္ဘာလှည့် ခရီးသည်များ အကြိုက်နှစ်သက်ဆုံးသော နေရာ ဖြစ်ခဲ့သည်။ လေဟာပြင် ဈေးများတွင် စနစ်ကျသော စစ်ဆေးမှုနှင့် ခပ်ခွာခွာနေထိုင်ခြင်းဖြင့် အစိုးရက ဖွင့်ခွင့် ပေးထားသော်လည်း ဈေးကို ပိတ်ထားဆဲဖြစ်သည်။

ကျောပိုးတလုံးဖြင့် ခရီးသွားသူများအကြိုက် ခေါက်စန်လမ်းတွင် ကမ္ဘာလှည့်ခရီးသည်နှင့် ဆိုင်ရှင်အရေအတွက်ထက် ပြုပြင်ထိန်းသိမ်းရေးလုပ်နေသော ဆောက်လုပ်ရေးလုပ်သားအရေအတွက်က ပိုမိုများပြားနေသည်။ ထိုနေရာမှ စားသောက်ဆိုင်နှင့် ဆိုင်အချို့သာ ပြန်လည်ဖွင့်လှစ်ကြသည်။
သို့သော်ကန့်သတ်ချက်များ ဖြေလျှော့လိုက်သောကြောင့် စည်ကားလာသောနေရာများလည်း ရှိနေသည်။ သန်နီယလမ်းရှိ ဒေးဗစ် ဆံပင်ညှပ်ဆိုင်တွင် နံနက် ၁၁ နာရီအချိန်တွင်ပင် လူ ၇ ဦးခန့် တန်းစီနေရသည်။ ဆံပင်ညှပ်ဆိုင်များနှင့် ဆံပင် အလှပြင်ဆိုင်များက တနင်္ဂနွေနေ့က ပြန်လည်ဖွင့်လှစ် ခွင့်ပြုခဲ့သည်။
၎င်းတို့အနေဖြင့် ဆံပင်ညှပ်နိုင်သည်။ ခေါင်းလျှော်နိုင်သည်။ အခြောက်ခံနိုင်သည်။ ဆေးဆိုးခြင်းနှင့် ဆံပင်ပုံသွင်းခြင်းကိုမူ ခွင့်ပြုထားခြင်း မရှိပေ။ ထိုဆိုင်များသည် ဆိုင်ကို သန့်ရှင်းရေး လုပ်ဆောင်ရပြီး ကိရိယာများ ပရိဘောဂများကို အနည်းဆုံး နှစ်နာရီ တခါ ပိုးသတ်ရသည်။
ဒေးဗစ် ဆံပင်ညှပ်ဆိုင်သည် တင်းကျပ်လှသော စည်းကမ်းချက်များအောက်တွင် ဆိုင်ဖွင့်ရန် ဆုံးဖြတ်ခဲ့သည့် ထိုရပ်ကွက်မှ ဆိုင်အနည်းငယ်တွင် ပါဝင်သည်။ ဆံပင်ညှပ်သူများသည် နှာခေါင်းစည်းများနှင့် မျက်နှာအကာကွယ်များ ဝတ်ဆင် ထားကြသည်။ “ဆံပင်နောက်ဆုံးအညှပ်ခံခဲ့တာ ဖေဖော်ဝါရီလ နှောင်းပိုင်းကပဲ။ ထိုင်းနိုင်ငံရာသီဥတုနဲ့ဆို ကျနော့်ဆံပင်က အရမ်းရှည်နေပြီ” ဟု ဗြိတိန်နိုင်ငံသား ဖောက်သည် တဦးက အွန်လိုင်းတွင် ရေးသားသည်။
ဧပြီနှင့် မေလများသည် ထိုင်းနိုင်ငံတွင် အပူလောင်ဆုံးလများဖြစ်သည်။
အိမ်မွေးတိရိစ္ဆာန် သန့်စင်ပြုပြင်ရေးဆိုင်များ၊ အများပြည်သူပန်းခြံများ၊ အချို့အားကစားရုံများ၊ ဂေါက်ကွင်းများနှင့် ဂေါက်သီးရိုက် လေ့ကျင့်ကွင်းများ ပိတ်ပင်ထားခြင်းကိုလည်း ပြန်လည်ရုတ်သိမ်းသည်။
ထိုင်းနိုင်ငံသည် အရက်ရောင်းချမှု ပိတ်ပင်ခြင်းကိုလည်း တနင်္ဂနွေနေ့တွင် ပြန်လည်ရုတ်သိမ်းလိုက်သဖြင့် စူပါမားကတ်များတွင် လူအုံနေသည်။ လက်ငင်းငွေချေ လုပ်ငန်းစုကြီးဖြစ်သော Makro တွင် ဈေးဝယ်သူများသည် ဘီယာအပြည့်တင်လာ သော လှည်းများကို တွန်းနေကြသည်။ ဝယ်ယူသူ တဦးဆိုလျှင် တသေတ္တာလျှင် ၆၂၀ မီလီလီတာပါသည့် ဘီယာဘူး ၁၂ ဘူးပါသည့် သေတ္တာ ၂၀ ကို ဝယ်ယူလာသည်။
တနင်္ဂနွေနေ့က ဖြေလျှော့သည့် အစီအစဉ်များသည် အဆင့် ၄ ဆင့်အနက် ပထမဆင့်ဖြစ်ကြောင်း ထိုင်းအစိုးရက ဖော်ပြသည်။ နောက်အဆင့်များတွင် မည်သည့်လုပ်ငန်းများပါဝင်မည်ကို အစိုးရက ထုတ်ဖော် ပြောကြားခြင်း မရှိပေ။ ဈေးဝယ်စင်တာများ၊ ဂီတခန်းမများနှင့် အားကစားရုံများသည် ဆက်လက်ပိတ်ပင်ထားသော စီးပွားရေးလုပ်ငန်းများတွင် ပါဝင်နေသည်။
ထိုင်းနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ အဓိကဒေသ ဝူဟန်မှ ဧည့်သည်များ အများဆုံး လည်ပတ်ရာနေရာ ဖြစ်သောကြောင့် ဒေသတွင်းတွင် ကိုဗစ်-၁၉ ကြောင့် အထိခိုက်နိုင်ဆုံး နိုင်ငံအဖြစ် မြင်ခဲ့ကြသည်။ အစိုးရသည် ထိုအချိန်မှ စတင်ပြီး ကာကွယ်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ကာ အထူးသဖြင့် ပြည်ပမှ ကိုရိုနာဗိုင်းရပ်စ် တင်သွင်းခြင်းနှင့် လူစုလူဝေးကို ထိန်းချုပ်ခြင်းဖြင့် ပြည်တွင်းပျံ့နှံ့မှုကို ထိန်းချုပ်ရန် ကြိုးစားသည်။ အချို့သော လုပ်ဆောင်မှုများသည် ဒီမိုကရေစီနည်းလမ်းမကျသော်လည်း ထိရောက်မှုရှိခဲ့သည်။
လေထုညစ်ညမ်းချိန်တွင် ကာကွယ်ရေး နှာခေါင်းစည်းများ ဝတ်ဆင်လေ့ရှိသော ထိုင်းနိုင်ငံသားများ၏ အလေ့အထသည် နိုင်ငံတွင်းကူးစက်မှုကို ကန့်သတ်ရာတွင် အထောက်အကူပြုကြောင်း ပြည်တွင်းသတင်းအချို့က ဆိုသည်။ လက်ဆွဲ နှုတ်ဆက်ခြင်း၊ ပွေ့ဖက်ခြင်းနှင့် နမ်းခြင်းတို့ကဲ့သို့သော အလေ့အထ မရှိဘဲ တဦးနှင့်တဦး လက်အုပ်ချီ နှုတ်ဆက်သော အလေ့အထကြောင့်လည်း အထောက်အကူ ပြုသည်ဟု ဆိုသည်။ ထိုင်းနိုင်ငံသည် နေအိမ်မှ အလုပ်လုပ်ကိုင်သည့် အလေ့အထများကို ကျင့်သုံးရာတွင်လည်း လွန်စွာလျှင်မြန်သည်ဟု ဆိုသည်။
သို့သော် အခြားသော နိုင်ငံအများအပြားကဲ့သို့ပင် ထိုင်းနိုင်ငံသည် ပြည်တွင်းတွင် ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ရန် လွယ်ကူသော အဖြေကို ရှာနိုင်ခြင်း မရှိခဲ့ပေ။ လူမှုနေ့စဉ်ဘဝတွင် ခပ်ခွာခွာ နေထိုင်ခြင်းနှင့် သွားလာနေထိုင်မှု ကန့်သတ်ခြင်းသည် အဓိက ထိရောက်သော နည်းလမ်းများဖြစ်သည်။ နောက်အဆင့် ၁ ဆင့် ထပ်မံဖြည်လျှော့ရန် ကိုရိုနာဗိုင်းရပ်စ် အခြေအနေကို ၂ ပါတ်စောင့်ကြည့်မည်ဟု ထိုင်းအစိုးရကပြောသည်။
ကိုးကား။ ။ Nikkei Asian Review
You may also like these stories:
ဝယ်လိုအားများ၍ ဧရာဝတီတိုင်း၌ စပါးဈေးကောင်း
တရုတ် တင်ပို့ခွင့် ပိတ်သဖြင့် ရွှေလီမြစ်ထဲ ပြောင်းတန်ချိန် ရာနှင့်ချီ စွန့်ပစ်နေရ
COVID-19 စီးပွားရေး စီမံမည့် မြန်မာကို BRI စီမံကိန်းများအတွက် တရုတ်က တွန်းလာနေ