ပြီးခဲ့သည့် လများအတွင်းက ပြည်တွင်း စက်သုံးဆီဈေးနှုန်းများမှာ ၁ လီတာလျှင် ကျပ် ၃၀၀ အောက်အထိ စံချိန်တင် ကျဆင်းခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း တဖြည်းဖြည်း ပြန်လည် မြင့်တက်လျက် ရှိကြောင်း စက်သုံးဆီဈေးကွက် အတွင်းမှ စုံစမ်း သိရသည်။
ယခုကဲ့သို့ ပြည်တွင်းစက်သုံးဆီ ဈေးနှုန်း ပြန်လည်မြင့်တက်လာခြင်းမှာ ကိုဗစ်- ၁၉ ရိုက်ခတ်မှုကြောင့် ကျဆင်းခဲ့ရသည့် ကမ္ဘာ့ရေနံဈေးနှုန်း ပြန်လည်မြင့်တက်လာခြင်း၊ စင်ကာပူမှ တင်သွင်းသည့် စက်သုံးဆီဈေး ပြန်လည်တက်သွားခြင်းတို့ ကြောင့် ဖြစ်ကြောင်း မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေး အသင်း၏ ရုံးအဖွဲ့မှူး ဦးဝင်းမြင့်က ဧရာဝတီသို့ ပြောသည်။
၎င်းက “ အခုနောက်ပိုင်းဆိုရင် MOPS ဈေးတောင် ကြည့်လို့မရတော့ဘူး သက်ဆိုင်ရာ ပြည်ပက တင်သွင်းလာ တဲ့ ကုမ္ပဏီတွေရဲ့ ဝယ်ဈေးရောင်းဈေးအပေါ်မူတည်ပြီး ဈေးနှုန်းတက်လိုက်တာပါ။ တခြားအကြောင်းတော့ မရှိပါဘူး။ နိုင်ငံခြားက ဈေးလေး နည်းနည်းပြန်တက်လာရင် ဒီမှာလည်း ဈေးနည်းနည်းလိုက်တက်တဲ့ သဘောပါ ” ဟု ဆိုသည်။
ပြီးခဲ့သည့် မေလ အစပိုင်းတွင် အောက်တိန်း ၉၂ တလီတာလျှင် ကျပ် ၂၉၀ ခန့်၊ အောက်တိန်း ၉၅ တလီတာ လျှင် ကျပ် ၄၃၀၊ ဒီဇယ် (500ppm) တလီတာလျှင် ကျပ် ၄၃၀ နှင့် ပရီမီယံဒီဇယ် တလီတာလျှင် ကျပ် ၄၄၀ သာရှိခဲ့ပြီး ယခုမေလ ၁၃ ရက်နေ့ ဈေးနှုန်းများအရ အောက်တိန်း ၉၂ တလီတာသည် ကျပ် ၆၀ ခန့် ပြန်လည် မြင့်တက်လျက် ရှိကာ ကျန်စက်သုံး ဆီအမျိုးအစားများသည် ကျပ် ၃၀ မှ ၅၀ ဝန်းကျင်အထိ ဈေးနှုန်း ပြန်လည် မြင့်တက်လျက်ရှိသည်။
မေလ ၁၃ ရက်နေ့ ပြည်တွင်းစက်သုံးဆီဆိုင်များ၏ ဈေးနှုန်းများအရ အောက်တိန်း ၉၂ တလီတာလျှင် ကျပ် ၃၆၀၊ အောက်တိန်း ၉၅ တလီတာလျှင် ကျပ် ၄၈၀၊ ဒီဇယ် (500ppm) တလီတာလျှင် ကျပ် ၄၅၀ နှင့် ပရီမီယံ ဒီဇယ်တလီတာလျှင် ကျပ် ၄၆၀ အထိ ဈေးနှုန်းပြန်လည် မြင့်တက်လာလျက်ရှိသည်။
ယခုဖော်ပြသော ဈေးနှုန်းများသည် ရန်ကုြန်မို့ရှိ စက်သုံးဆီဆိုင်တချို့၏ ဈေးနှုန်းများဖြစ်သည်။
စက်သုံးဆီ ဈေးနှုန်း မှန်ကန်ရေး ရည်ရွယ်ချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဖွင့်လှစ်ထား သော Yangon Petrol စက်သုံးဆီဆိုင်၏ မေလ ၁၃ ရက်နေ့ ဈေးနှုန်းများမှာ အောက်တိန်း ၉၂ တလီတာကို ကျပ် ၃၂၀၊ အောက်တိန်း ၉၅ တလီတာကို ကျပ် ၄၆၀၊ ဒီဇယ် (500ppm) တလီတာကို ၄၂၀ နှင့် ပရီမီယံ ဒီဇယ် တလီတာကို ကျပ် ၄၃၀ ရှိကြောင်း သိရသည်။
ဧပြီလအတွင်း ကမ္ဘာ့ရေနံဈေးကွက်တွင် ၁ စည်ကို အမေရိကန်ဒေါ်လာ ၁၅ ဒေါ်လာအောက် အထိ ကျဆင်း ခဲ့သော ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းသည် ယခုမေလ အစပိုင်းမှ စတင်ကာ အမေရိကန်ဒေါ်လာ ၂၅ ဒေါ်လာ အထိ တဖြည်းဖြည်း ပြန်လည်မြင့်တက်လာသည်။
ယခုသတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်။
ဆက်စပ်လင့် –
စက်သုံးဆီအရောင်းဆိုင်များ မီးဘေးကြိုတင်ကာကွယ်မှု လွှတ်တော်တွင် မေးခွန်းထုတ်
ကျနော်တို့ တိုင်းပြည်က ဓာတ်ဆီဆိုင်တွေ သည်လည်း မျှမျှတတ ယှဉ်ပြိုင်ဖို့ လိုတယ်