ကိုဗစ်-၁၉ ကြောင့် ပိတ်ထားသော ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့် မြို့နယ်ရှိ လက်ကားဈေးကြီး ၅ ခုနှင့် ရန်ကုန်ရွှေဈေးကွက်တို့မှာ မေလ ၁၆ ရက်မှ စတင်၍ ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် အညီ ပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်တွင် ဈေးရောင်းဈေးဝယ် အရမ်းများသည့် အတွက် ရောဂါပြန့်ပွားမှု မရှိစေရန်အတွက် လူသုံးကုန်၊ ဆေးဝါး၊ အထည်အလိပ် စသည့် ပစ္စည်းများ လက်ကား ရောင်းချပေးနေသော ယုဇနပလာဇာ၊ မင်္ဂလာမွန်ဈေး၊ ရွှေမင်္ဂလာဈေး၊ မင်္ဂလာဈေး၊ ရွှေပြည့်စုံဈေးများကို မတ်လ ၃၁ ရက်မှ မေလ ၁၅ ရက်အထိ ယာယီ ကန့်သတ် ပိတ်ထားခဲ့ခြင်းဖြစ်သည်။
မင်္ဂလာတောင်ညွှန့်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဋ္ဌေးက “ညွှန်ကြားချက်တွေကို စောင့်ဆိုင်းပြီးတော့ အချိန်ကာလတခု စောင့်ဆိုင်းခဲ့တယ်။ အခု မေလ ၁၅ ရက်ဆိုတဲ့ ကာလမှာ ပထမညွှန်ကြားချက်တွေကလည်း သူ့ရဲ့ ရက်စွဲကာလ ပြီးတဲ့ အချိန်တခု ဖြစ်တယ်။ နောက်တခုက ဈေးသူဈေးသားတွေရဲ့ စီးပွားရေး အကျပ်အတည်း ဖြစ်လာမှာ ဆိုးတဲ့အတွက်ကြောင့် ၁၆ ရက်နေ့မှာ ကျန်တဲ့ ဆိုင်ခန်းတွေကို ဝင်ရောက် ရောင်းချပေးဖို့ စီစဉ်ထားတယ်”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဈေးများပြန်လည်ဖွင့်လှစ်ရန်အတွက် ဈေးသာယာရေးအဖွဲ့၊ တောင်ပိုင်းခရိုင် ဈေးတာဝန်ခံများ ခေါ်ယူ၍ အချက် ၁၄ ချက် သတ်မှတ်ပြီး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ယင်းအချက်များမှာ ဈေးဝယ်သူ၊ ရောင်းချသူများအနေနှင့် Mask ကို တပ်ဆင်ရမည်ဖြစ်ပြီး Mask မပါပါက မည်သူတဦး တယောက်ကိုမျှ ဈေးအတွင်းသို့ ဝင်ခွင့်မပြုရန်၊ ဈေးရောင်းချိန်ကို ယခင် မနက် ၇ နာရီမှ ည ၇ နာရီအထိ ရောင်းချ ရာမှ ယခု မနက် ၈ နာရီမှ ညနေ ၄ နာရီ အထိသာ ရောင်းချခွင့်ပြုမည်ဖြစ်ပြီး ညနေ ၄ နာရီ ထိုးသည်နှင့် ဈေးသူ ဈေးသားများ အနေနှင့် ဆိုင်တံခါးပိတ်၍ ဈေးအတွင်းမှ ထွက်ခွာပေးရမည်ဖြစ်ကြောင်း သိရသည်။
ဈေးရောင်းချသည့် အခါတွင်လည်း ဆိုင် ၁ ဆိုင်တွင် ဆိုင်ရှင်နှင့် ဝန်ထမ်း ၂ ယောက်သာ ရောင်းချခွင့်ရှိမည် ဖြစ်ပြီး ဈေးရောင်းချရာတွင် ကိုယ့်ဆိုင်နေရာတွင်သာ နေရမည်ဖြစ်ကာ အခြားဆိုင်သို့ ကူးလူးသွားလာ၊ စုဝေးခြင်း မပြုရ၊ ဈေး၏ လူသွားလမ်းများတွင်လည်း မည်သည့် ပစ္စည်းကိုမျှ ချထားခွင့်မပြုကြောင်း၊ ဆိုင်တိုင်းတွင် လက်သန့် ဆေးရည် ထားရှိမည် စသည့်အချက်များကို ချမှတ်ထားသည်။
ဦးလှဋ္ဌေးက “ဒါ့အပြင် ဈေးဝယ်သူကိုလည်း အကုန်စုပြုံမရောင်းပဲ တဦးချင်းဝယ်၊ တဦးချင်း ရောင်းဖို့ ဈေးရောင်းသူတွေ အနေနဲ့ စီစဉ်ဆောင်ရွက်ပေးရမယ်။ နောက်ပြီး အရင်ကလို ဆိုင်တွေရှေ့မှာ မော်တော်ကားတွေ ရပ်ထားတွေကို အခု တစီးမှ ရပ်ခွင့်မပေးပဲနဲ့ ရှင်းပေးရမယ်။ ကုန်တင်ကုန်ချ အလုပ်သမားတွေက အစ အုပ်စုဖွဲ့ မနေရဘူး။ ဓာတ်လှေကားရှိတဲ့ ဈေးတွေမှာ ဓာတ်လှေကား လုံးဝ ပေးမသုံးဘူး။ စက်လှေကားနဲ့ပဲ ပစ္စည်းအတင်အချ ကအစ လုပ်ရမယ်”ဟု သတ်မှတ်ချက်များကို ရှင်းပြသည်။
အထက်ပါ အချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ရမည် ဖြစ်ပြီး အကယ်၍ လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက ဈေးများဌာန ဥပဒေအရ ဆိုင်များကို ယခုကာလတွင် ယာယီပိတ်သိမ်းခြင်းအထိ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောပြသည်။
COVID-19 ကူးစက်မြန်ရောဂါ ကာကွယ် ထိန်းချုပ်သည့် အနေဖြင့် လုပ်ဆောင်ခြင်းဖြစ်သောကြောင့် ဈေးသူ ဈေးသားများ အနေနှင့် လိုက်နာဆောင်ရွက်သင့်ကြောင်း စည်းမျည်းစည်းကမ်းကို မလိုက်နာနိုင်သည့် ဆိုင်သည် ပိတ်ကို ပိတ်သိမ်းရမည် ဖြစ်ကြောင်း သိရသည်။
ယင်းဈေးကြီးများသည် ရန်ကုန်မြို့ တမြို့လုံးရှိ လူပေါင်းစုံ လာရောက် ရောင်းဝယ်ဖောက်ကားသည့် ဈေးကြီးများ ဖြစ်ပြီး တရက်လျှင် လူဦးရေ ၂ သောင်းမှ ၂ သောင်းခွဲဝန်းကျင်အထိ လာရောက်သူ ရှိသည်။
ထို့အတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အနယ်နယ်အရပ်ရပ်မှ ရွှေပွဲစားများ စုဝေးရာဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းရုံးရှိ ဈေးကွက်သည်လည်း ဧပြီလမှ မေလ ၁၅ ရက်အထိ ပိတ်ထားရာ ၁၆ ရက်တွင် ဈေးကွက် ပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ဧရာဝတီသို့ ပြောသည်။
“လမ်းညွှန်ချက်နဲ့ အညီ ပြန်လည်ဖွင့်လှစ် စီစဉ်ခြင်းဖြစ်ပါတယ်။ ဖွင့်လှစ်တဲ့အခါမှာ ထွေအုပ်ကနေ ညွှန်ကြားထားတဲ့ ညွှန်ကြားချက်ရှိပါတယ်။ နောက်ပြီး အထူးစုံစမ်း စစ်ဆေးရေးဌာနကနေလည်း ဈေးနှုန်းနဲ့ ပတ်သက်လို့ ဈေးနှုန်းတွေ ဆွဲမတင်ဖို့ အရောင်းအဝယ်မှန်ကန်ဖို့ ဒါတွေကို အသင်းသားတွေကို တင်ပြပါမယ်”ဟု ၎င်းက ရှင်းပြသည်။
ရွှေဈေးကွက် ပြန်လည်ဖွင့်လှစ်ရာတွင်လည်း ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ဖွင့်လှစ်သွားမည်ဖြစ် ပြီး ငွေကြေးပိုင်းတွင်လည်း အရူပ်အရှင်းကင်းစေရန် ချက်ချင်း ရောင်းနိုင် ဝယ်နိုင်သည့် သူများကို ဦးစားပေး စီစဉ်သွားမည် ဖြစ်ကြောင်း ဈေးကွက် အခြေအနေကို ရှင်းပြသည်။
ကုန်သည်ပွဲစားတဦးက “မင်္ဂလာဈေးတို့ ရွှေပွဲစားတန်းတို့ဆိုတာ လူအရမ်းရူပ်တဲ့ နေရာတွေဖြစ်တယ်။ အခုက ရောဂါကို ကာကွယ်ဆေး၊ ကုသဆေးလည်းမရှိ ကူးစက်မှုကလည်း အရမ်းမြန်တော့ ကျနော်တို့ကတော့ ကြောက်တယ်။ ဒါကြောင့် ပြန်ဖွင့်မယ်ဆိုရင်တော့ သွားဖို့က တော်တော်ကြီးစဉ်းစားရမှာ။ အခြေအနေကိုတော့ စောင့်ကြည့်ရမှာပဲ”ဟု ပြောသည်။
ဆက်စပ်လင့်
သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များကို အွန်လိုင်းမှ ရောင်း/ဝယ်ရန် စီစဉ်
ဝယ်လိုအား မရှိ၍ ငါးဖမ်းရာသီ တလစော ပိတ်သိမ်း
ပြည်တွင်း စက်သုံးဆီဈေးနှုန်း ပြန်လည်မြင့်တက်လာ