ပြည်တွင်း ရွှေဈေးကွက်အတွင်း ပြန်လည် ရောင်းချနေမှုများ ရှိသော်လည်း ကမ္ဘာ့ရွှေဈေးမြင့်တက်ခြင်းကြောင့် မြန်မာ့ ရွှေ ဈေးလည်း မြင့်တက်နေကြောင်း ဈေးကွက်အတွင်းက စုံစမ်း သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က “မေ ၁၈ ရက် မနက် ဈေးကွက် စဖွင့် တော့ ကမာ္ဘ့ရွှေ တအောင်စ ၄၅၀၀ နဲ့ မြန်မာ့ရွှေ ၁ ကျပ်သား ၁၂ သိန်း ၄ ထောင် ၅ ရာကျပ်နဲ့ စဖွင့်ပါတယ်။ တက်လာ တာကတော့ နိုင်ငံတကာ ရွှေဈေးကွက်မှာ တက်လာလို့ ဖြစ်ပါတယ်။ ပြည်တွင်းမှာတော့ ရွှေက ရောင်းလိုအား များတယ်။ ဒါကြောင့်လည်း နည်းနည်းလောက် ညနေပိုင်းမှာ ပြန်ကျသွားတာ ဖြစ်တယ်။ ဒါပေမယ့် ဈေးကတော့ မြင့်နေသေးတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မေလ ၁၉ ရက် မနက်ပိုင်းတွင် ကမ္ဘာ့ရွှေ ၁ အောင်စ အမေရိကန် ဒေါ်လာ ၁၇၃၈ နှင့် မြန်မာ့ အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ်သား ကျပ် ၁၂ သိန်း ၂ သောင်းကျော်နှင့် ဈေးကွက် စဖွင့်ထားကြောင်း အသင်းရုံး စားရင်းများအရ သိရသည်။
COVID-19 ကြောင့် မြန်မာ့ရွှေဈေး မပိတ်မီ မတ်လ ၂၇ ရက်က ကမ္ဘာ့ရွှေ ၁ အောင်စ အမေရိကန် ၁၆၁၈ ဒေါ်လာ ရှိခဲ့ပြီး မြန်မာ့ အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ်သား ကျပ် ၁၁ သိန်း ၆ သောင်းကျော် ရှိခဲ့ရာမှ ယခု ရွှေဈေးကွက် ဖွင့်ချိန်တွင် ဈေး ပြန်တက်ခဲ့နေခြင်း ဖြစ်သည်။
ယခု တပတ်ကျော်အတွင်း၌ ရွှေ ၁ ကျပ်သားလျှင် ကျပ် ၅ သောင်းမှ ၆ သောင်းအထိ ဈေးတက်လာပြီး ပြန်လည် ရောင်းချ သူများလည်း များနေသည်ဟု ဦးဝင်းမြင့်က ပြောသည်။
လတ်တလောတွင် ပြည်တွင်း ရွှေဈေးကွက်အတွင်း ဝယ်ယူလိုသူ နည်းပါးပြီး ရောင်းလိုအား များနေသောကြောင့် ရွှေဈေး ကျနိုင်သည်ဟု ခန့်မှန်းထားကြသော်လည်း ကမ္ဘာ့ရွှေဈေးမှာ မြင့်တက်နေခြင်းကြောင့် မြန်မာ့ရွှေဈေး ကျပ် ၁၂ သိန်း အကျော်တွင်သာ ရှိနေနိုင်သေးကြောင်း ရွှေလုပ်ငန်းရှင်များက သုံးသပ်ထားသည်။
တိတ်စိန် ရွှေဆိုင်ပိုင်ရှင် ကိုဇော်အောင်က “မနေ့ကတော့ တော်တော် တက်တယ်။ ကျပ် ၁၂ သိန်း ၃ သောင်းကျော်အထိ ရှိတယ်။ ဒီနေ့ကတော့ ၁၂ သိန်းနဲ့ ၂ သောင်းကျော် ရှိတယ်။ ကျပ် ၁ သောင်းလောက်တော့ ပြန်ကျတယ်။ ကမ္ဘာ့ရွှေဈေး က လည်း ပြန်ကျလို့ဖြစ်တယ်။ ဒါကတော့ ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေ ပေါ်မှာ မူတယ်။ ပြည်တွင်းမှာကတော့ လိုက် ရောင်းတဲ့သူများတယ်။ ဝယ်တဲ့သူ သိပ်မရှိပါဘူး။ အခုဈေးကတော့ အမြင့်ဈေးလို့ ပြောလို့ ရတယ်”ဟု လက်ရှိ အခြေ အနေကို ရှင်းပြသည်။
ဈေးကွက်အတွင်း၌ ငွေလို၍ လာရောက် ရောင်းချသူများ အများအပြား ရှိပြီး ၁၅ ပဲရည် လက်ဝတ်ရတနာ အထည်ဈေးမှာ ကျပ် ၁၁ သိန်း ၃ သောင်း ဝန်းကျင်တွင် အရောင်းအဝယ် ဖြစ်နေကြောင်း ၎င်းက ပြောသည်။
ယခုအချိန်တွင် ငွေလို၍ ရောင်းသည့်သူမှ လွဲ၍ အရောင်းအဝယ် မလုပ်သင့်သေးကြောင်း ၎င်းက ဆိုသည်။
မန္တလေးမြို့ အောင်သမာဓိ ရွှေဆိုင်မှ မမဇင်က “မန္တလေးဈေးက အနည်းဆုံး ကျပ် ၁၀၀၀ နဲ့ ကျပ် ၁၅၀၀ လောက်တော့ ရန်ကုန် ဈေးထက် နိမ့်တယ်။ အရောင်းအဝယ်ကတော့ ဈေးနည်းနည်း တက်တယ်။ ရောင်းဈေးက ကျပ် ၁၂ သိန်း ၃ သောင်းအထက်နဲ့ ဝယ်ဈေးကတော့ ကျပ် ၁၂ သိန်း ၃ အောက်မှာ ရှိတယ်။ အသွင်း များပါတယ်” ဟု ဧရာဝတီသို့ ပြော သည်။
ကမာ္ဘ့ရွှေဈေး တက်သဖြင့် မြန်မာ့ရွှေဈေး မြင့်နေပြီး လက်ရှိ ဈေးကွက်အတွင်း ရွှေဝင်ရောက်မှုလည်း များနေကြောင်း ၎င်းက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေအသင်းရုံး ရွှေကုန်စည်ဒိုင်ကို မတ်လ ၂၉ ရက်က စတင်၍ ပိတ်ထားခဲ့ခြင်း ဖြစ်ပြီး ယခု ပြန်လည် ဖွင့်လှစ်သည့် အချိန်တွင်လည်း ကျန်းမာရေးနှင့် ပတ်သက်သော လမ်းညွှန်ချက်များ လိုက်နာရန်၊ အလုပ်ချိန် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ သတ်မှတ်ခြင်း၊ ရွှေဝယ်သည့် အခါတွင်လည်း လက်ငင်းငွေချေသည့် စနစ်ကို အသုံးပြုရန် စသည့် အချက်များကို သတ်မှတ်ထားပြီး ယင်းစည်းကမ်းချက်များ မလိုက်နာလျှင် တလ အသင်းရုံးခန်းဝင်ခွင့် ရပ်ဆိုင်းခြင်း ခံရမည် ဖြစ်ကြောင်း သိရသည်။
You may also like these stories:
ကိုဗစ်ကာလ မြန်မာ့ရေထွက်ကုန်တင်ပို့မှု ယခင်နှစ်ထက် ပိုတိုးတက်လာ
ဝယ်လိုအားများ၍ ဧရာဝတီတိုင်း၌ စပါးဈေးကောင်း
ပြည်တွင်း စက်သုံးဆီဈေးနှုန်း ပြန်လည်မြင့်တက်လာ