တရုတ်နိုင်ငံမှ Ant Financial Services Group က မြန်မာနိုင်ငံ၏ ထိပ်တန်း မိုဘိုင်းငွေကြေးကုမ္ပဏီဖြစ်သော Wave Money တွင် အမေရိကန်ဒေါ်လာ ၇၃.၅ သန်း (၁၀၃.၂ ဘီလီယံကျပ်) ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားကြောင်း သိရသည်။ Alibaba Group မှ ပိုင်ဆိုင်သော Hangzhou အခြေစိုက် Ant Financial Services Group သည် အွန်လိုင်းငွေပေးချေရေး ဝန်ဆောင်မှု လုပ်ငန်း ဖြစ်သည့် Alipay ၏ အော်ပရေတာဖြစ်သည်။
Wave Money သည် Telenor Group နှင့် Yoma Strategic တို့၏ ဖက်စပ်ကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံရှိမြို့နယ်ပေါင်း ၃၃၀ အနက် ၂၉၅ ခုတွင် ကိုယ်စားလှယ် ၅၇၀၀၀ ကျော်ရှိသော ကွန်ရက်ကို တည်ထောင်ထားကာ နိုင်ငံ၏ ၈၉ ရာခိုင်နှုန်းကို လွှမ်းခြုံထားသည်။ မေလ ၁၈ ရက်နေ့က ထုတ်ပြန်သည့် ကြေငြာချက်တခုတွင် Yoma Strategic က ထိုရင်းနှီးမြှုပ်နှံမှုသည် မြန်မာနိုင်ငံမှ ပြည်သူများအတွက် ဘဏ္ဍာရေး ဝန်ဆောင်မှု ရရှိနိုင်မှုကို တိုးမြှင့်ပေးလိမ့်မည် ဖြစ်သလို နိုင်ငံ၏ မိုဘိုင်းဘဏ္ဍာရေး ဝန်ဆောင်မှုများ၏ နည်းပညာစွမ်းရည်နှင့် လုံခြုံရေးကို မြှင့်တင်ပေးလိမ့်မည် ဖြစ်သည်ဟု ပြောကြားခဲ့သည်။
လူဦးရေ ၂၁ သန်းကျော်က Wave Pay အပါအဝင် Wave Money ၏ ဝန်ဆောင်မှုများကို ငွေလွှဲခြင်း၊ ဝန်ဆောင်မှု စရိတ်များ ပေးချေခြင်း၊ ဖုန်း ငွေဖြည့်ခြင်းနှင့် ဒစ်ဂျစ်တယ်ငွေပေးချေခြင်းများအတွက် အသုံးပြုခဲ့ကြကြောင်း ကုမ္ပဏီ၏ အဆိုအရ သိရသည်။
သတင်းထုတ်ပြန်ချက်တွင် Wave Money သည် ဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းမှု၏ တစိတ်တပိုင်းအနေဖြင့် ၎င်း၏ ဒစ်ဂျစ်တယ်အရည်အချင်း၊ စွမ်းဆောင်ရည်နှင့် ဝန်ဆောင်မှုများကို မြှင့်တင်ရေးအတွက် Ant Group ၏ မိုဘိုင်း ငွေပေးချေမှု ပလက်ဖောင်းများ တည်ဆောက်ခြင်း အတွေ့အကြုံကို အခွင့်ကောင်းယူနိုင်လ်ိမ့်မည်ဟု ဖော်ပြထားသည်။
Yoma Strategic ၏ အမှုဆောင်အရာရှိချုပ် Melvyn Pun က“ COVID-19 အခြေအနေက ငွေသားမဲ့ လူ့အဖွဲ့အစည်းဆီ ဦးတည်တဲ့ လမ်းကြောင်းကို အရှိန်မြှင့့် ပေးပြီး e-commerce ဖွံ့ဖြိုး တိုးတက်မှုကို မောင်းနှင်ပေးနေပါတယ်။ Wave Money ရဲ့ စွမ်းဆောင်ရည်က ဒီလမ်းကြောင်းတွေကို အထောက်အကူပြုဖို့ ဒီပူးပေါင်းမှုက ကြီးမားစွာ မြှင့်တင်ပေးလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့့်ပါတယ်” ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ်တွင် Wave Money ၏ လွှဲပြောင်းငွေ ပမာဏက ၎င်း၏ ရှေ့နှစ်ကထက် ၃ ဆကျော် ပိုမိုများပြားခဲ့ပြီး ပြည်တွင်းလွှဲပြောင်းငွေက ကျပ် ၆.၄ ထရီလီယံ အထိရောက်ရှိခဲ့ကြောင်း ကုမ္ပဏီ၏ အဆိုအရ သိရသည်။
“Fintech 2019: The Fears of Myanmar’s Unbanked” အမည်ရှိ အစီရင်ခံစာအရ မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများထဲတွင် “ငွေရေးကြေးရေး အလုံးစုံပါဝင်မှု (ငွေရေးကြေးရေး ဝန်ဆောင်မှုကို ရယူနိုင်သည့် လူဦးရေနှင့် တိုင်းပြည် လူဦးရေ၏ အချိုး) ” အရ ကြည့်လျှင် အဆင့်အနိမ့်ဆုံး ဖြစ်နေသည်။ ထိုပြဿနာကို ဖြေရှင်းရန်အတွက် မြန်မာနိုင်ငံက ၂၀၁၃ ခုနှစ် တွင် ၎င်း၏ ငွေရေးကြေးရေး အလုံးစုံပါဝင်မှု (Financial Inclusion) လမ်းပြမြေပုံကို စတင်ခဲ့သည်။ ငွေရေး ကြေးရေး အလုံးစုံပါဝင်မှု (Financial Inclusion) ကို လက်ရှိ ၄၈ ရာခိုင်နှုန်း မှ ၂၀၂၂ ခုနှစ်တွင် ၆၀ ရာခိုင်နှုန်းသို့ တိုးမြှင့်ရန် အစိုးရက စီစဉ်နေသည်။
(Nan Lwin ၏ Operator of China’s Alipay to Invest Over US$73 Million in Myanmar’s Wave Money ကို ဘာသာပြန်သည်။)
ယခုသတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်။
You may also like these stories:
စီးပွားရေးစင်္ကြံစီမံကိန်း အရှိန်အဟုန်မပြတ် ဆောင်ရွက်ရန် တရုတ် တွန်းအားပေး
တရုတ်ကုမ္ပဏီများ အားကိုးဖြင့် နွေရာသီ လျှပ်စစ်မီး ပိုရရှိရေး ကြိုးပမ်းမှု အောင်မြင်မှု နည်း
ပြန်လည်ရောင်းချသူ များနေသော်လည်း ရွှေဈေး တက်