အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှု မူဝါဒ အပြောင်းအလဲ မြန်ဆန်ခြင်းကြောင့် ယခုနှစ် မြန်မာ့ပဲ တင်သွင်းမှုမှာ သတ်မှတ်တန်ချိန် မပြည့်မီနိုင်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ဧရာဝတီသို့ ပြော သည်။
၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ် အတွက် မြန်မာက အိန္ဒိယသို့ မတ်ပဲတန်ချိန် ၄သိန်း ၂၀၂၁ ခုနှစ် မတ်လတွင် အပြီးတင်သွင်း ခွင့် ရထားသော်လည်း ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့ကမူ အိန္ဒိယအစိုးရက ၃လအတွင်း အပြီးတင်သွင်းရန် ပြောင်းလဲ သတ်မှတ်သဖြင့် သတ်မှတ်ထားသည့် တန်ချိန် ၄သိန်းကို ပြည့်မီနိုင်မည် မဟုတ်တော့ကြောင်း သိရသည်။
ဦးမင်းကိုဦးက “သူတို့ ပြောသလို တန်ချိန် ၄ သိန်းကို အခု သြဂုတ်လကုန်မှာ မတ်ပဲ ပတ်သက်ပြီးတော့ အပြီး တင်သွင်းရ မယ်ဆိုရင် မဖြစ်နိုင်ဘူးလို့ပဲ သုံးသပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းမှာ လက်ကျန်က ကျနော်တို့မှန်းတာ အများ ဆုံးကျန် တန်ချိန်၂ သိန်းခွဲ ၃ သိန်းလောက်ပဲ ရှိမယ်လို့ မှန်းတယ်။ ဒါကြောင့် တန်ချိန် ၄ သိန်းက မပြည့်နိုင်ဘူး”ဟု ပြော သည်။
ယခင် အိန္ဒိယက ချမှတ်ထားသည့် မူဝါဒအတိုင်း ၂၀၂၁ ခုနှစ် မတ်လအထိဆိုပါက အသစ်ပေါ်မည့် ပဲတင်သွင်းမည့် တန်ချိန် ပမာဏမှာ ပြည့်မီနိုင်သည်ဟု ၎င်းက ပြောသည်။
“သြဂုတ်လ အထိက ပဲစိုက်ပျိုးတဲ့ ရာသီလည်း မဟုတ်ဘူး။ စက်တင်ဘာ၊ အောက်တိုဘာလလောက်မှ ဆောင်းသီးနှံအဖြစ် ပြန်စိုက်မှာ ဖြစ်တာကြောင့် ပဲတန်ချိန် အပြည့်အထိ မရှိနိုင်ဘူးလို့ သုံးသပ်ပါတယ်” ဟု ဦးမင်းကိုဦး က ရှင်းပြသည်။
ပြီးခဲ့သည့်၂၀၁၇ ခုနှစ်မှ စ၍ ကိုတာစနစ်ဖြင့် တင်သွင်းခွင့်ပြုသည့် နောက်ပိုင်း အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းခွင့် မူဝါဒ အပြောင်းအလဲများမှာ မြန်ဆန်လာကြောင်း ကုန်သည်များထံက သိရသည်။
ယခုကဲ့သို့ ၃ လအတွင်း ပဲတင်သွင်းခွင့် မူဝါဒထပ်မံ ပြောင်းလဲလိုက်ခြင်းမှာ အိန္ဒိယ အစိုးရအနေနှင့် ၎င်းတို့နိုင်ငံမှ ကုမ္ပဏီ များ ပဲတင်သွင်းမှု မြန်ဆန်လာစေရေးနှင့် လာမည့် စက်တင်ဘာတွင် အိန္ဒိယတွင် ပဲသစ်များပေါ်မည့် ကာလဖြစ်၍ တောင်သူများ ထိခိုက်နစ်နာမှု မရှိစေရန်အတွက် ကန့်သတ်လိုက်ခြင်း ဖြစ်နိုင်ကြောင်း ဦးမင်းကိုဦးက သုံးသပ် ပြောဆို သည်။
ယင်းကန့်သတ်ချက်သည့် မြန်မာနိုင်ငံအတွက်မူ နစ်နာမှု ရှိကြောင်း၊ မြန်မာနိုင်ငံ၌ လက်ရှိတွင် မတ် ပဲလက်ကျန် တန်ချိန် ၂ သိန်းခွဲမှ သုံးသိန်း ဝန်းကျင်တွင်သာ ရှိသဖြင့် ပဲတင်သွင်းခွင့် အချိန် အပြောင်းအလဲလုပ်လိုက် ခြင်းကြောင့် ကုန်သည်များ၊ တောင်သူများကို ထိခိုက်စေသည်ဟု ၎င်းက ရှင်းပြသည်။
မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အကြံပေး ဦးစိုးဝင်းမောင်က “သူတို့ဘက်ကတော့ လိုအပ်သလို ညိုနှိုင်း ပြီးတော့ ဆုံးဖြတ်တာတွေက သွက်သွက်လက်လက် မြန်မြန်ဆန်ဆန် ဖြစ်ကြတယ်။ ကျနော်တို့ကလည်း ကိုယ့်နိုင်ငံဘက် က ပို့တာပြုတာတွေ အခက်အခဲတွေကို ဆိုင်တဲ့သူတွေ အကုန်လုံး ညိုနှိုင်းပြီး လုပ်ဖို့ သင့်တယ်”ဟု ဧရာဝတီသို့ ပြော သည်။
ယခုအချိန်သည် COVID-19 ရောဂါဖြစ်ပွားစဉ် ကာလလည်း ဖြစ်သည့်အတွက် စိုက်ပျိုးရေးထွက်ကုန် လိုအပ်ချက်များမှာ ပို၍ များနိုင်သဖြင့် ဖြစ်ပေါ်လာနိုင်သော အခက်အခဲများကိုလည်း ကြိုတင် ပြင်ဆင်သင့်ကြောင်း ၎င်းက ထောက်ပြသည်။
ဆက်လက်၍ ဦးစိုးဝင်းမောင်က “ကျနော်တို့နိုင်ငံရဲ့ ပဲဈေးကွက်က အိန္ဒိယနိုင်ငံပေါ်မှာ မူတည်နေတယ်။ ၈၀ ရာခိုင်နှုန်းက အိန္ဒိယကို သွားတယ် ဆိုတော့ ကိုယ့်ရဲ့ ဈေးကွက် အကြီးစားကြီး ဖြစ်နေတာ။ အဲဒီတော့ သူတို့ဘက်က တခုခု လှုပ်ရှား တိုင်း ကျနော်တို့ဆီမှာ လာ ဂယက်ရိုက်တာမျိုး ဖြစ်တယ်” ဟု ပြောပြသည်။
ပဲစားသုံးမှုသည် အိန္ဒိယနိုင်ငံ၏ အဓိက နေ့စဉ် စားသုံးမှု တခုဖြစ်သောကြောင့် တင်သွင်းမှု ကန့်သတ်ချက်များကိုလည်း ရေရှည်တွင် ဆက်လက် လုပ်ဆောင်မည်ဟု ခန့်မှန်းရကြောင်း ၎င်းက ပြောသည်။
အကယ်၍ အိန္ဒိယ၏ မူဝါဒအရ သတ်မှတ်ကာလအတွင်း တန်ချိန် ၄ သိန်းမပြည့်မီပါက ရှိသလောက်သာ တင်သွင်းခွင့်ရ မည်ဖြစ်သဖြင့် ပဲထွက်ရှိချိန်၌ ထပ်မံ၍ တင်သွင်းခွင့် ရ မရမှာ မသေချာတော့ကြောင်း သိရသည်။
ထို့ပြင် လတ်တလော၌ မြန်မာနိုင်ငံမှ တင်ပို့သော ပဲတန်ချိန် ၁၄၀ ကျော်မှာ ပိုးမွှား ကင်းစင်ကြောင်း သက်သေခံထုတ်ပေး သည့် လက်မှတ် (Phytosanitary Certificate) လုပ်ငန်းရှင်က အတုအပ ပြုလုပ်ပြီး အိန္ဒိယ ဆိပ်ကမ်းတွင် သောင်တင်နေ သဖြင့်လည်း ညိုနှိုင်းနေရကြောင်း ဦးမင်းကိုဦးက ပြောပြသည်။
“ဒါနဲ့ ပတ်သက်ပြီးတော့ လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာနကို လိုအပ်တဲ့ အကူအညီအသင်းက တောင်း နေပါတယ်။ အခု မူဝါဒ ပြောင်းတာကတော့ ဒီလက်မှတ်တု ကိစ္စနဲ့ မသက်ဆိုင်ပါဘူး” ဟု ၎င်းက ဆိုသည်။
ယင်းဖြစ်စဉ်မျိုးက ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တုန်းကလည်း ဖြစ်ခဲ့ဖူးကြောင်း အိန္ဒိယဘက်မှ မေးမြန်းမှုကို မြန်မာဘက်က Phytosanitary Certificate လက်မှတ် ထုတ်ပေးသည့်ရုံးမှ ပြန်လည် ဖြေပေးမှု အဆင်ပြေလျှင် ပြေလည်သွားကြောင်း သိရသည်။
လက်ရှိ ပြည်တွင်း ဈေးကွက်တွင် မတ်ပဲ ၁ တန်လျှင် ကျပ် ၉ သိန်း ၆ သောင်းမှ ၉ သိန်း ၇ သောင်းအထိရှိပြီး ပဲစင်းငုံ တတန်လျှင် ကျပ် ၇ သိန်း ၇ သောင်းနှင့် ပဲတီစိမ်း တတန်လျှင် ကျပ် ၁၁ သိန်း ကနေ ကျပ် ၁၃ သိန်း ကြားအထိ အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။
လက်ရှိ အခြေအနေသည် အိန္ဒိယဘက်မှ မူဝါဒ အပြောင်းအလဲများကို မျက်ခြေမပြတ် စောင့်ကြည့်ရမည် ဖြစ်ကြောင်း အိန္ဒိယ အစိုးရ၏ ယခုအစီအစဉ်အရ ၎င်းနိုင်ငံ မိုးရာသီတွင် စိုက်ပျိုးသည့် မတ်ပဲ အသစ်ထွက်ချိန်အပေါ် မူတည်ပြီး ဈေး ကွက် အပြောင်းအလဲများ ထပ်မံဖြစ်လာနိုင်သည်ဟု ပဲကုန်သည်များက ခန့်မှန်းထားသည်။
မြန်မာ့လယ်ယာ ထွက်ကုန်ကဏ္ဍတွင် ပဲသီးနှံမှာ ဒုတိယ အများဆုံး စိုက်ပျိုး ထုတ်လုပ်နေခြင်းဖြစ်ပြီး မြန်မာ့ပဲမျိုးစုံ စိုက်ပျိုး မှုကို ဧက အနေဖြင့် တွက်ချက်မည် ဆိုပါက လယ်ယာထွက် သီးနှံစိုက်ပျိုးမှု၏ ၂၁ ရာခိုင်နှုန်းကျော်အထိ ရှိနေကြောင်း စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန(စီးပွား/ကူးသန်း) က သိရသည်။
ယခုသတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်။
ဆက်စပ်ဖတ်ရှုရန်
အိန္ဒိယ၏ ပဲအဝယ် မတည်ငြိမ်မှု မြန်မာ စိုးရိမ်