နိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်တင်းရန် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တခုဖြစ်သည့် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ဆိုလာပါဝါ စီမံကိန်းများ အတွက် တင်ဒါခေါ်ယူသည့် အချိန်သည် ၁ လသာ သတ်မှတ်ထားသဖြင့် ရင်းနှီးမြှုပ်နှံလိုသူများအတွက် အခက်အခဲ ဖြစ်နေကြောင်း လုပ်ငန်းရှင်များထံ သိရသည်။
Sun Shine Yangon ကုမ္ပဏီ၏ ဒါရိုက်တာ ဦးလှဝင်းရွှေက “ တင်ဒါထဲမှာ သူတို့(ဝန်ကြီးဌာန)တောင်းထားတဲ့ အချက်အလက်တွေက ဘာမှတော့ အများကြီးမပါဘူး။ အဓိက ပြဿနာက မြေယာပြဿနာရယ် ကိုဗစ်ကြောင့် ကျနော်တို့က အဲဒီစီမံကိန်းလုပ်ရမယ့် နေရာတွေကို သွားလို့မရဘူးဖြစ်နေတယ် ဒီကိစ္စတွေမှာ အချိန် ၁ လနဲ့ မလုံလောက်နိုင်တာပဲ ” ဟု ဆိုသည်။
လျှပ်စစ်ဓာတ်အား ၁၀၆၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ဆိုလာပါဝါ စက်ရုံပေါင်း ၃၀ တည်ဆောက်ရန်အတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက မေလ ၁၈ ရက်နေ့တွင် တင်ဒါစခေါ်ခဲ့ပြီး နောက်ဆုံးလျှောက်ထားရမည့် အချိန်ကို ဇွန်လ ၁၈ ရက်နေ့အထိ အချိန် ၁ လသာ ပေးထားသည်။
သို့ဖြစ်ရာ လက်ရှိအချိန်တွင် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ ဖြစ်ပွားနေခြင်းကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် တခုခုသို့ ခရီးသွားလာခွင့် အကန့်အသတ်ရှိနေပြီး စီမံကိန်းအတွက် လိုအပ်သည့် မြေပြင်ကွင်းဆင်းလေ့လာမှုများအတွက် ပြည်တွင်းက ရင်းနှီးမြှုပ်နှံလိုသူများပင် အခက်အခဲရှိနေကြောင်း၊ မြန်မာနိုင်ငံသို့ နိုင်ငံတကာလေကြောင်းများ ပုံမှန် ပြေးဆွဲခြင်းမရှိသေးကြောင့်လည်း ပြည်ပရင်းနှီးမြှုပ်နှံလိုသူများအတွက်လည်း များစွာ အခက်အခဲရှိနေကြောင်း သိရသည်။
စီမံကိန်းများအတွက် မြေပြင်အကြို လေ့လာဆန်းစစ်မှု လုပ်ဆောင်ရန် နှင့် မြေယာပြဿနာများ ဖြေရှင်းနိုင်ရန် တင်ဒါလျှောက်ထားရမည့် အချိန်ကို အနည်းဆုံး ၄၅ ရက်နေ့ မှ ၂ လ အထိ သတ်မှတ်ပေးပါက ရင်းနှီးမြှုပ်နှံသူများအတွက် ပိုမိုအဆင်ပြေနိုင်ကြောင်း Sun Shine Yangon ကုမ္ပဏီ၏ ဒါရိုက်တာ ဦးလှဝင်းရွှေက ဆိုသည်။
၎င်းကုမ္ပဏီသည် နေပြည်တော်၊ ပဲခူး နှင့် မကွေးတိုင်းဒေသကြီး တို့တွင် တည်ဆောက်မည့် ဆိုလာပါဝါ စီမံကိန်း ၃ ခုခန့်ကို တင်ဒါယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် ကုမ္ပဏီတခု ဖြစ်သည်။
ထို ဆိုလာပါဝါစက်ရုံတခုသည် အနည်းဆုံး လျှပ်စစ်မဂ္ဂါဝပ် ၃၀ မှ ၅၀ အထိ ထုတ်လုပ်မည်ဖြစ်ပြီး ဧရာဝတီတိုင်း တွင် ၄ခု ၊ ပဲခူးတိုင်းတွင် ၇ခု ၊ မကွေး တိုင်းတွင် ၆ခု ၊ မန္တလေးတွင် ၅ခု၊ စစ်ကိုင်းတိုင်းတွင် ၄ခု ၊ နေပြည်တော် တွင် ၃ခု နှင့် ရန်ကုန်တိုင်းတွင် ၁ခု တည်ဆောက်သွားမည်ဖြစ်သည်။
ယခုလို အချိန်ကာလ ၁ လသာ သတ်မှတ်ရခြင်းသည် လာမည့်နှစ်တွင် အများပြည်သူအသုံးပြုရန် လိုအပ်လာမည့် လျှပ်စစ်ဓာတ်အားကို အချိန်မှီပြည့်မီရန်အတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၏ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ဧရာဝတီသို့ ပြောသည်။
အမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က “အဓိက ပြည်သူလိုအပ်ချက် ဖြည့်ဖို့အတွက် အချိန်ကို ရအောင်ယူရတာပေါ့။ လာမယ့် နှစ်အတွက် ပြည်သူလိုအပ်ချက်ကို မျှော်မှန်းပြီး ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ တင်ဒါကိုလည်း ပွင့်လင်းမြင်သာစွာ ခေါ်ထားတာဖြစ်ပါတယ်” ဟု ဆိုသည်။
တင်ဒါအောင်မြင်ပြီး ၆ လအတွင်း လုပ်ငန်းအကောင်အထည်ဖော်ရမည့် ကိစ္စတွင်လည်း လက်ရှိအချိန်၌ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများသည် နှေးကွေးတုံ့ဆိုင်းနေခြင်းကြောင့် အနောက်နိုင်ငံများမှ တင်သွင်းရမည့် ဆိုလာပါဝါထုတ်လုပ်ရန် လိုအပ်သော စက်ပစ္စည်းကိရိယာများလည်း အချိန်မှီ မရရှိမည်ကိုလည်း လုပ်ငန်းရှင်များက စိုးရိမ်လျက်ရှိကြသည်။
တင်ဒါဝင်ရောက်ယှဉ်ပြိုင်မည့် အမေရိကန်ကုမ္ပဏီ Quasar Resources LLC ၏ မန်နေးဂျင်းဒါရိုက်တာ ဦးလင်းထွန်းက “ အခုချိန်မှာ လေယာဉ်ပျံကွင်းတောင် မဖွင့်ဘူးဆိုတော့ ဒီအချိန် ၁ လထဲက အခက်အခဲရှိတာပေါ့။ လုပ်လို့မရတာတော့ မဟုတ်ဘူး။ ဒါပေမယ့် လုပ်ရကိုင်ရမှာတော့ နည်းနည်းကြပ်သွားတာပေါ့ ” ဟု ဧရာဝတီသို့ ပြောသည်။
နိုင်ငံ၏ လိုအပ်ချက်ရှိနေသော လျှပ်စစ်ဓာတ်အားအတွက် ယခုလို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အစိုးရက ဦးစားပေးရွေးချယ် လုပ်ဆောင်ခြင်းကို ကြိုဆိုရမည်ဖြစ်ပြီး ထိုစီမံကိန်းများသည် အခြားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းများထက် ကုန်ကျစရိတ်နည်းပါးခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရရှိခြင်း နှင့် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်မည်ဖြစ်ခြင်းကြောင့် နိုင်ငံအတွက် များစွာအကျိုးရှိစေ မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဦးလင်းထွန်းက “ဆိုလာက Green အပိုင်းက တပိုင်းပေါ့ အခုက ဈေးနှုန်းတွေကလည်း ကျနေတဲ့ အခြေအနေလည်းဖြစ်တယ်။ သူ့မှာက ညဘက်ဆိုရင် မရတာ တခုကအပ တခြားအကျိုးအမြတ်ရရှိမှုတွေက အများကြီးပါ” ဟု သုံးသပ်သည်။
အဆိုပါ ဆိုလာပါဝါ စီမံကိန်းများသည် ရင်းနှီးမြှုပ်နှံမှု အနေဖြင့် ဆိုလာပါဝါထုတ်လုပ်ရေးစက်ရုံတခုကို အမေရိကန်ဒေါ်လာ သန်း ၂၀ ခန့် ရင်းနှီးမြှုပ်နှံရမည်ဖြစ်ပြီး စီးပွားဖြစ် စတင်ထုတ်လုပ်နိုင်သည့် ရက်မှ နှစ် ၂၀ လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ နိုင်ငံ၏ လျှပ်စစ် သုံးစွဲမှုနှုန်း ခန့်မှန်းချက် အရ ၂၀၂၀- ၂၀၂၁ ခုနှစ်တွင် မဂ္ဂါဝပ် ၆၀၀၀ ခန့် လိုအပ်မည် ဖြစ်ကာ ယခင်ကတည်းက ပုံမှန်ထုတ်လုပ်နေသော စီမံကိန်းများသည် ၃၀၀၀ မဂ္ဂါဝပ်သာရှိနေခြင်းကြောင့် ရေတိုအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်သည့် LNG to Power ၅နှစ် စီမံကိန်းများနှင့် နေရောင်ခြည်စွမ်း အင်သုံး ဆိုလာပါဝါ စီမံကိန်းများကို အကောင်အထည်ဖော်လာခြင်းလည်း ဖြစ်သည်။
မြန်မာနိုင်ငံအတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် လေအား နှင့် ဆိုလာပါဝါဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးများသည် လိုဆောင်သင့်သည် အရာများဖြစ်သော်လည်း တင်ဒါခေါ်ယူသည့် အချိန်ကို ၁ လသာသတ်မှတ်ထားခြင်းနှင့် တင်ဒါအောင်မြင်သည့် ၆ လအတွင်း အကောင်အထည်ဖော်ခိုင်းသည့် ကိစ္စရပ်သည် မကောင်းကြောင်း လျှပ်စစ်ပညာရှင် ဦးအေးကျော်ကျော်က ဧရာဝတီသို့ ပြောသည်။
၎င်းက “ ဒီဟာတွေက ရိုးရိုးစီမံကိန်းတွေလို အစိုးရက ပိုက်ဆံပေးပြီး ကန်ထရိုက်တာတွေက ဝင်လုပ်ရသလို မဟုတ်ဘူး။ ဒါက ဓာတ်အားအရောင်းအဝယ်လုပ်ရတာဟာလေ ရေရှည်လုပ်ရမှာဆိုတော့ အခုလို တက်သုတ်ရိုက်လုပ်တာမျိုး မဟုတ်ဘဲ စနစ်တကျ ဖြစ်စေချင်တယ် ” ဟု ထောက်ပြသည်။
စီးပွားရေး အရောင်းအဝယ်အသွင်ဖြစ်သည့်အတွက် နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင်မည့် အကျိုးအမြတ် ဖြစ်နိုင်မည့် ပုံစံမျိုးကို ရွေးချယ်လုပ်ဆောင်သင့်ကြောင်း၊ ယခုလို အချိန်အပြည့်အဝ မပေးခြင်းကြောင့် အရည်အသွေးပိုင်း အတွက်လည်း စိုးရိမ်စရာရှိကြောင်း ဦးအေးကျော်ကျော်က သုံးသပ်သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်(NLD)အစိုးရသည် ယခုနှစ်နွေရာသီတွင် လျှပ်စစ်မီး ပုံမှန်ရရှိရန်အတွက် ရန်ကုန်တိုင်း အလုံ၊ သန်လျင်၊ သာကေတ၊ ရခိုင်ပြည်နယ် ကျောက်ဖြူ၊ မကွေးတိုင်း ကွန်းချောင်းတို့ကို တရုတ် ကုမ္ပဏီ များနှင့် ပူးပေါင်းပြီး မီဂ္ဂါဝပ် ၁၀၀၀ ကျော်ကို နိုင်ငံခြားမှ တင်သွင်းလာသော သဘာဝဓါတ်ငွေ့ရည်မှ လျှပ်စစ်စွမ်းအင်သို့ ပြောင်းလဲနိုင်သည့် (LNG to Power) စီမံကိန်းများဖြင့် ယခုနှစ်နွေရာသီ ကာလတွင် လျှပ်စစ်မီးပုံမှန်ပေးရန် ကြိုးပမ်းခဲ့သော်လည်း စီမံကိန်းများသည် သတ်မှတ်ချိန်အတွင်း မပြီးစီးခြင်းကြောင့် ဧပြီလ နှင့် မေလအစပိုင်းတွင် လျှပ်စစ်ဓာတ်အားများ မကြာခဏ ပြတ်တောက်ခဲ့သည်။
ယင်းသို့ လျှပ်စစ်ဓာတ်အား မကြာခဏပြတ်တောက်မှုရှိခဲ့သော်လည်း ပြီးခဲ့သည့် နွေရာသီ ကဲ့သို့ အလှည့်ကျ လျှပ်စစ်ဓာတ်အားပေးခဲ့ရသည့် ပုံစံမျိုးအထိတော့ မဖြစ်ပေါ်ခဲ့ပေ။ ယင်းမှာ တရုတ်ကုမ္ပဏီများ၏ LNG to Power စီမံကိန်းများ သတ်မှတ်ချိန်တွင် ပြီးစီးမှုနောက်ကျခဲ့သော်လည်း ရေအားလျှပ်စစ်ဓာတ်အား အဓိက ထုတ်လုပ်ပေးသော ရဲရွှာရေအားလျှပ်စစ်စီမံကိန်းကဲ့သို့ စီမံကိန်းများသည် ယခုနှစ်၌ သတ်မှတ် ရေရှရှိမှု ပြည့်မီခဲ့ခြင်းကြောင့် ဖြစ်သည်။
အဆိုပါ LNG to Power စီမံကိန်းများကို၂၀၁၉ ခုနှစ်၊ ဇွန်လတွင် တင်ဒါခေါ်စဉ်ကလည်း ၅ နှစ်အတွင်း အမြတ်ရအောင် ဆောင်ရွက်ခိုင်းခြင်း၊ တည်ဆောက်မှု ကာလကို ၇ လ သာ ခွင့်ပြုခြင်းနှင့် လျှပ်စစ်ဓာတ်အားကို မြန်မာကျပ်ငွေဖြင့်သာ ဝယ်ယူမည်ဟု ဆိုသဖြင့် ဝေဖန်မှုများ ရှိခဲ့သည်။
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်က မြန်မာ့ပထမဆုံးသော နေရောင်ခြည် စွမ်းအင်သုံး ဆိုလာပါဝါလျှပ်စစ်ဓာတ်အားပေးစက်ရုံကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်ပြီး ၂၀၁၉ခုနှစ် ဇွန်လပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပထမအဆင့်အနေဖြင့် ၄၀ မဂ္ဂါဝပ် ထုတ်လုပ်လျက်ရှိကာ မန္တလေး-အမ်း မဟာဓာတ်အားလိုင်းကို ချိတ်ဆက် ပို့လွှတ်ပေးလျက်ရှိသည်။
မြန်မာနိုင်ငံ၏ လက်ရှိ စွမ်းအင် ထုတ်လုပ်မှုတွင် ရေအားလျှပ်စစ်မှ ၃၈ ရာခိုင်နှုန်း၊ ဓါတ်ငွေ့သုံးလျှပ်စစ်မှ ၂၀ ရာခိုင်နှုန်း၊ ကျန်သည့် ၉ ရာခိုင်နှုန်းမှာ နေရောင်ခြည်နှင့် ကျောက်မီးသွေးမှ ၁ ရာခိုင်နှုန်း ထုတ်လုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။
လတ်တလော၌ နိုင်ငံရှိ အိမ်ထောင်စုပေါင်း ၁၀ သန်းကျော် ရှိသည့် အနက် ၄ သန်းကျော်ကို ဓာတ်အား ဖြန့်ဖြူး ပေးနေရသဖြင့် ရာခိုင်နှုန်းအရ တွက်ချက်ပါက ၃၈ ဒသမ ၅ ရာခိုင်နှုန်းသာ လျှပ်စစ်မီး ရရှိနေခြင်း ဖြစ်ပြီး နှစ်စဉ် လျှပ်စစ် လိုအပ်ချက်မှာ ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လျက် ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
တရုတ်ကုမ္ပဏီများ အားကိုးဖြင့် နွေရာသီ လျှပ်စစ်မီး ပိုရရှိရေး ကြိုးပမ်းမှု အောင်မြင်မှု နည်း
LNG လျှပ်စစ်မီး စီမံကိန်း တကယ် အလုပ်ဖြစ်မလား
အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း ၂၀၂၂ တွင် အပြီးဆောင်ရွက်မည်