အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုပေါင်း ၁၂၅ ၀၀၀ ကျော်ရှိနေပြီး ထိုကူးစက်မှုများ၏ ၇၀ ရာခိုင်နှုန်းမှာ ယခုအလအတွင်း တွေ့ရှိသည့် ကူးစက်မှုများဖြစ်နေသည်။ ထို့ကြောင့် ဝန်ကြီးချုပ် နာရင်ဒရာမိုဒီအစိုးရသည် ရောဂါဖြစ်ပွားမှု ထိန်းချုပ်ရေး သေနင်္ဂဗျူဟာကို ပြန်လည်သုံးသပ်နေရစဉ် မူလကပင် နှေးကွေးနေသော စီးပွားရေးမှာ ရောဂါဖြစ်ပွားမှုကြောင့် ဖရိုဖရဲဖြစ်ပြီး အလုပ်လက်မဲ့ပြဿနာနှင့် စိတ်ဓါတ်ကျဆင်းမှုများကို ပိုမိုဆိုးရွားစေသည်။
ရောဂါဖြစ်ပွားမှုနှင့်သေဆုံးမှုနှုန်း အမြင့်မားဆုံးပြည်နယ်များတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု စီမံခန့်ခွဲရေးနှင့် ကုသရေးတို့ကို ကျန်းမာရေးဝန်ကြီး ဟာ့ရှ်ဘာဒန် ကမကထပြုသည့် အဆင့်မြင့်ဝန်ကြီးအဆင့် စည်းဝေးပွဲတွင် အဓိက ထားဆွေးနွေးသည်ဟု သိရသည်။ ထိုရောဂါကို ကုသရာတွင် ကူးစက်မှုကို အချိန်မီသိရှိခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း အစိုးရ၏ ကြေညာချက်တွင် ဖေါ်ပြထားသည်။
ထို့ကြောင့် အစိုးရသည် မြို့တော် ဒေလီ၊ အနောက်ပိုင်းပြည်နယ်များဖြစ်သော မဟာသျှတ္တရနှင့် မိုဒီ၏ ဂူဂျာရတ်ပြည်နယ် အပါအဝင် အိန္ဒိယနိုင်ငံမှ ရောဂါကူးစက်မှု ၈၀ ရာခိုင်နှုန်းရှိသော မြူနီစပါယ်အုပ်ချုပ်ရေး ဒေသ ၃၀ ကို အနီးကပ်စောင့်ကြည့်နေရသည်။
တနိုင်ငံလုံးကို မတ်လ မှ စတင် lockdown ချထားပြီး ဖြစ်သည်။ နေအိမ်တွင်နေထိုင်ရန် အမိန့်များကို သက်တမ်းတိုးရသည်မှာ ၃ ကြိမ်ရှိပြီဖြစ်ပြီး နောက်ဆုံးသက်တမ်းတိုးခဲ့သည်မှာ မေလ ၃၁ ရက်နေ့ကဖြစ်သည်။ အချို့သော ဒေသများတွင်မူ အများပြည်သူ သယ်ယူပို့ဆောင်ရေးကို အကန့်အသတ်ဖြင့် ခွင့်ပြုခြင်းအပါအဝင် တစိတ်တပိုင်းပြန်လည်ဖွင့်လှစ်ခွင့် ပေးထားသည်။
နယူးဒေလီအာဏာပိုင်များသည် ယုံကြည်မအပြည့်ရှိနေပုံရသည်။ “ရောဂါကူးစက်မှုတွေကို တားဆီးကာကွယ်ထိန်းချုပ်ဖို့ အားထုတ်မှုတွေအများအပြား ကျနော်တို့လုပ်ထားတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာန တွဲဖက်အတွင်းဝန်က မကြာသေးမီကပြောသည်။ တကမ္ဘာလုံးတွင် လူတသိန်းတွင် ရောဂါကူးစက်မှု ၆၂ မှု ရှိသော်လည်း နယူးဒေလီတွင် ၈ ဦးနှုန်းခန့်သာရှိကြောင်းလည်း သူပြောသည်။ “အလားတူပဲ ကမ္ဘာမှာ လူတသိန်းမှာ သေဆုံးမှုနှုန်းက ၄.၂ ရာခိုင်နှုန်းရှိပေမယ့် အိန္ဒိယမှာ ၀.၂ ရာခိုင်နှုန်းပဲရှိတယ်” ဟု သူပြောသည်။
အမေရိကန်နှင့်ဗြိတိန်အပါအဝင် ရောဂါကူးစက်မှု အမြင့်မားဆုံး နိုင်ငံ ၁၅ နိုင်ငံတွင် လူဦးရေ ၁.၄၂ ဘီလျံရှိပြီး ရောဂါကူးစက်မှု ၃.၆ သန်းရှိကာ သေဆုံးမှု ၂၇၀ ၀၀၀ ဦးရှိကြောင်း အိန္ဒိယနိုင်ငံတွင် လူဦးရေ ၁.၃၇ ဘီလျှံရှိပြီး ကူးစက် တသိန်းကျော်နှင့်သေဆုံးမှု ၃၃၀၀ သာရှိကြောင်းလည်း သူပြောသည်။
အိန္ဒိယမှ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ဇန်နဝါရီလ ၃၀ ရက်နေ့တွင် စတင်တွေ့ရှိပြီးနောက် ဆေးရုံနှင့် ကျန်းမာရေး စောင့်ရှောက်မှုဌာနပေါင်း ၁၀၀၀၀ ကို ကိုဗစ်-၁၉ ကုသရန်အတွက် အသင့်ပြင်ထားပြီး ဓါတ်ခွဲခန်းအရေအတွက်ကိုလည်း ၅၅၅ ခုအထိမြှင့်တင်ထားသည်။ ဗိုင်းရပ်စ်ကာကွယ်ရေးပစ္စည်းများထုတ်လုပ်မှု တိုးမြှင့်ပြီး နေ့စဉ် ပိုးမွှားကာကွယ်ရေး ဝတ်စုံနှင့် N95 နှာခေါင်းစည်း ၂၀၀၀၀၀ ထုတ်လုပ်နေသည်။
သို့သော် ထိုသို့ယုံကြည်မှု မမြင့်မားသူ အများအပြားလည်းရှိနေသည်။ “နောက် ၄ လ ၅ လကြာလို့ ဗိုင်းရပ်စ်က လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းကို ကူးစက်သွားရင် ရှိတဲ့ရင်းမြစ်တွေနဲ့ အခြေအနေကို ကိုင်တွယ်နိုင်မှာ မဟုတ်တော့ဘူး” ဟု လေဒီဟာဒင်းဂျ် ဆေးကောလိပ်မှ ဆေးပညာဌာနပါမောက္ခ ဂန်ရှရန် ပန်တေးပြောသည်။ ထိုအခြေအနေကို ရှောင်ရှားရန် ကာကွယ်ဆေး အမြန်ဆုံး ဖေါ်ထုတ်ရန် လိုကြောင်းသူပြောသည်။
“တသက်လုံးပိတ်ပြီး နေလို့မရဘူး။ အလယ်အလတ်လမ်းကို လိုက်ပြီး ဖြစ်နိုင်တဲ့အခါတိုင်းမှာ လူတွေသွားလာဖို့၊ စီးပွားရေးလုပ်ငန်းတွေလုပ်ဖို့ ခွင့်ပြုရမယ်။ အဆိုးရွားဆုံးကူးစက်တဲ့ ဒေသတွေမှာတော့ ရောဂါထိန်းချုပ်ရေး သေနင်္ဂဗျူဟာတွေ အကောင်အထည်ဖေါ်ရမယ်” ဟု သူပြောသည်။
ဗိုင်းရပ်စ်ကြောင့် ထိခိုက်မှုများ မဖြစ်မီကပင် ကျဆင်းနေသော စီးပွားရေးကို ပြန်လည်အသက်သွင်းရန် မိုဒီသည် နိုင်ငံ၏ စုစုပေါင်း ကုန်ထုတ်လုပ်မှု၏ ၁၀ ရာခိုင်နှုန်းနှင့်ညီမျှသော ဒေါ်လာ ၂၆၅ ဘီလျံတန်သော စီးပွားရေး အကူအညီများကို မေလ ၁၂ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။ ထိုအကူအညီများသည် အသေးစား စီးပွားရေးလုပ်ငန်းများ၊ အလုပ်သမားများ၊ လယ်သမားများနှင့် လူလတ်တန်းစာများကို ကူညီရန် ရည်ရွယ်ကြောင်း မိုဒီပြောသည်။
ထိုအကူအညီသည် ငွေကြေးထောက်ပံ့ရေးနှင့် အသေးစား အလတ်စားလုပ်ငန်းများနှင့် ဘဏ်မဟုတ်သော ဘဏ္ဍာရေးလုပ်ငန်းများသို့ ချေးငွေအာမခံရေးကို အာရုံစိုက်ကြောင်း Capital Economics သုတေသနလုပ်ငန်းက ပြောသည်။ သို့သော် ထိုအစီအစဉ်တွင် အမှန်တကယ် ဝယ်လိုအားကို မြှင့်တင်ပေးသည့် အစီအမံများ အနည်းငယ်သာပါသည်ဟု ထိုအဖွဲ့ဆိုသည်။ “ပိတ်ဆို့မှုကို ထပ်တိုးလိုက်တော့ ဒီနှစ်အတွက် ထုတ်ကုန်အကြီးအကျယ်ကျဆင်းဖို့ သေချာသွားပြီ” ဟုလည်း ထိုအဖွဲ့က ဆိုသည်။
အိန္ဒိယစီးပွားရေးသည် လွန်ခဲ့သောသုံးလပတ်ကထက် ဧပြီမှဇွန်လအထိ သုံးလအတွင် ၄၅ ရာခိုင်နှုန်းအထိ အကြီးအကျယ် ကျုံ့သွားနိုင်ကြောင်း ၂၀၂၁ ခုနှစ် မတ်လတွင်ကုန်ဆုံးမည့် ယခုဘဏ္ဍာရေးနှစ်ကုန်တွင် ၅ ရာခိုင်နှုန်းအထိ ကျုံ့သွားနိုင်ကြောင်း Goldman Sachs က ခန့်မှန်းထားသည်။ “၂၀၂၁ ခုနှစ် မတ်လအထိ ကျနော်တို့ခန့်မှန်းထားတဲ့ တိုးတက်မှုနှုန်း အနှုတ် ၅ ရာခိုင်နှုန်းဆိုတာ အိန္ဒိယနိုင်ငံမှာ ကြုံဖူးသမျှ စီးပွားပျက်ကပ်တွေထဲ ပိုမိုဆိုးရွားတဲ့ အခြေအနေဖြစ်တယ်” ဟု Goldman Sachs ၏ မေလ ၁၇ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။
အခြေအနေကို ပိုမိုဆိုးရွားစေသည်မှာ အလုပ်လက်မဲ့ကြီးထွားနေခြင်းဖြစ်ပြီး နေ့စားလုပ်သားများမှာ အခြေအနေအဆိုးဆုံး ဖြစ်နေသည်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်များ ပိတ်လိုက်သောအခါ ၎င်းတို့သည် အလုပ်အကိုင်များ စတင်ဆုံးရှုံးကုန်ပြီး သောင်းနှင့်ချီသော ထိုအလုပ်သမားများသည် မြို့ကြီးများမှ ၎င်းတို့ ဇာတိကျေးရွာများသို့ လမ်းလျှောက်ပြန်ကြရသည်။ အချို့သောသူများသည် ငွေမရှိ အများပြည်သူသယ်ယူပို့ဆောင်ရေးမရှိဘဲ ကီလိုမီတာထောင်ချီအထိ လမ်းလျှောက်ပြန်ကြရသဖြင့် ၎င်းတို့၏ စိတ်ဓါတ်ကျဆင်းမှုကို ထင်ဟတ်နေသည်။
အသေးစားကုန်သည်များနှင့် နေ့စားလုပ်သားအများစုပါဝင်သော အိန္ဒိယမှ အလုပ်သမား သန်း ၁၂၀ သည် လွန်ခဲ့သောလက အလုပ်လက်မဲ့ဖြစ်ခဲ့ကြသည်ဟု မွမ်ဘိုင်းအခြေစိုက် Centre for Monitoring Indian Economy သုတေသနလုပ်ငန်းကဆိုသည်။ အလုပ်လက်မဲ့နှုန်းသည် မတ်လက ၈.၇ ရာခိုင်နှုန်းသာရှိရာမှ ဧပြီလတွင် ၂၃.၅ ရာခိုင်နှုန်းသို့ ခုန်တက်သွားကြောင်းလည်း ဆိုသည်။
ဒေလီရှိ အဆင့်မြင့်ဆံသဆိုင်မှ အလုပ်သမား ဗန်နု ဒါရီဝယ်က သူ၏အလုပ်သည် ပိတ်ဆို့မှုမစတင်မီ ရက်အနည်းငယ်အလိုကပင် ပိတ်လိုက်ရပြီး မည်သည့်အချိန်တွင် ပြန်ဖွင့်မည်ကို မသိကြောင်း သူပြောသည်။
“မတ်လအတွက် လစာအပြည်မရဘူး။ ဧပြီလအတွက် လုံးဝမရဘူး” ဟု ဇနီး၊ ကလေးတဦး၊ မိဘများ၊ ညီတဦးနှင့်အတူနေသော ဗန်နုပြောသည်။ “အိမ်မှာ ကျနော်တယောက်ပဲ ဝင်ငွေရှိတယ်။ အိမ်လခကလည်း တလကို ရူပီး ၁၆၀၀၀ ပေးရတယ်။ ဒီထက်ပိုကြာအောင် အလုပ်မရှိရင်တော့ မိသားစုကို ဘယ်လိုစီမံရမယ်ဆိုတာ မသိတော့ဘူး” ဟု သူပြောသည်။
တချိန်တည်းတွင် အိန္ဒိယနိုင်ငံမှ ပိတ်ဆို့မှုသည် သီးနှံ၊ ဆေးဝါးနှင့် လောင်စာကဲ့သို့ အခြေခံကုန်စည်များအတွက် အိန္ဒိယကို မှီခိုနေရသည့် သေးငယ်သော အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘူတန်၊ နီပေါနှင့် မော်လဒိုက်နိုင်ငံများကိုလည်း ထိခိုက်စေသည်။ ထိုနိုင်ငံများတွင် အိန္ဒိယသည် တရုတ်နှင့်အပြိုင် သြဇာလွှမ်းမိုးနိုင်ရန် ပြိုင်ဆိုင်နေရသည်။
ထို့အပြင် အိန္ဒိယသည် အရှေ့အလယ်ပိုင်းသို့ နိုင်ငံသား ၉ သန်းကို စေလွှတ်ပြီး ရွှေ့ပြောင်းလုပ်သား အများဆုံး စေလွှတ်သော နိုင်ငံလည်းဖြစ်နေသည်။ ကိုဗစ်-၁၉ ကို ထိန်းချုပ်နိုင်ခြင်မရှိက ပင်လယ်ကွေ့နိုင်ငံများသည် အိန္ဒိယမှ လုပ်အားရနိုင်တော့မည် မဟုတ်ပေ။
အိန္ဒိယနိုင်ငံအတွက် နည်းလမ်းတခုမှာ ကူးစက်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေး အပြောင်းအလဲဖြစ်သည်ကို အခွင့်ကောင်းယူပြီး အလုပ်အကိုင် ဖန်တီးရန်ဖြစ်ကြောင်း India Ratings and Research မှ သုတေသီ ဆန်နေးကူးမား ဆင်ဟာပြောသည်။ “တရုတ်နိုင်ငံမှာ လည်ပတ်နေတဲ့ လုပ်ငန်းအများစုက နေရာပြောင်းဖို့စဉ်းစားနေကြတယ်။ အိန္ဒိယဟာ အတန်အသင့် ဆွဲဆောင်မှုရှိတဲ့နေရာပဲ” ဟု သူပြောသည်။
“အစိုးရက ဒီလုပ်ငန်းတွေကို ကြိုဆိုပြီး အိန္ဒိယကို ကုန်ထုတ်လုပ်ရေး ဗဟိုချက်လုပ်ဖို့ ဘယ်လောက်မြန်မြန်လုပ်နိုင်သလဲဆိုတာအပေါ် မူတည်နေတယ်” ဟု သူပြောသည်။ ထိုသို့လုပ်ဆောင်လျှင် အနာဂါတ်အလုပ်အကိုင်သာမက ကုန်ထုတ်လုပ်မှုကို နိုင်ငံ၏စုစုပေါင်း ထုတ်လုပ်မှု၏ လက်ရှိ ၁၈ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းသို့မြှင့်တင်ရန် ရည်မှန်းချက်လည်း အောင်မြင်မည်ဟုသူပြောသည်။
ကိုးကား။. ။ Nikkei Asian Review မှ Modi buried under avalanche of COVID-19 cases and 120m jobless
You may also like these stories:
အိန္ဒိယ- မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်များ မေလကုန်ထိ ပိတ်မည်
COVID-19 နှင့် ယှဉ်တွဲ နေထိုင်ခြင်း