ရန်ကုန်မြစ် အနောက်ဘက်ကမ်းတွင် အငြင်းပွားဖွယ်ရာ ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည် ဖော်မည့် ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ်က COVID-19 ကပ်ရောဂါကြောင့် မြန်မာနှင့် တရုတ်နိုင်ငံတို့၏ စီးပွားရေးများ သိသိသာသာ နှေးကွေးသွားခြင်းနှင့် ရင်ဆိုင်နေရသည့်တိုင် စီမံကိန်းကို ယခုနှစ်တွင် စတင်နိုင်မည်ဟု မျှော်လင့်ကြောင်းနှင့် စီမံကိန်း အစီအစဉ်များတွင် ပြောင်းလဲမှု ရှိလိမ့်မည်မဟုတ်ဟု ယုံကြည်ကြောင်း ပြောကြားလိုက်သည်။
ရန်ကုန်မြို့သစ် တည်ဆောက်ရေး ကုမ္ပဏီ (NYDC) ၏ အမှုဆောင်အရာရှိချုပ် ဦးသိမ်းဝေခေါ် Mr. Serge Pun က ” (စီမံကိန်းနဲ့ပတ်သက်လို့) အစိုးရက ဘယ်လို ဆုံးဖြတ်ချက်ချသည်ဖြစ်စေ၊ စီမံကိန်းအတိုင်းအတာက ကြီးမားသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ စီမံကိန်းကို ဆက်လက်ဆောင်ရွက်ရမယ်လို့ ကျနော် ထင်ပါတယ်” ဟု ပြောသည်။
“မြန်မာအစိုးရရဲ့ COVID-19 စီးပွားရေးကုစားမှု အစီအစဉ် (CERP) ကို ကြည့်ခြင်းအားဖြင့် ဒီစီမံကိန်းက ရှေ့ဆက်သွားလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်” ဟု သူ ကပြောသည်။
ရန်ကုန်တိုင်း အစိုးရက ကျောထောက်နောက်ခံပေးထားသော NYDC က အခြေခံအဆောက်အဦး စီမံကိန်းအတွက် အဆိုပြုလွှာတခု ရေးဆွဲရန် ဘေဂျင်း အခြေစိုက် China Communication Construction Company, Ltd. (CCCC) နှင့် ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ တန် မူဘောင် သဘောတူညီချက် တခုကို လက်မှတ်ရေးထိုးခဲ့သည်။ ဧက ၂၀၀၀၀ ကျယ်ဝန်းသော ရန်ကုန်မြို့သစ် စီမံကိန်းသည် စင်ကာပူထက် အရွယ်အစား ၂ ဆကြီးမားပြီး တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကြီးသော Belt and Road Initiative (BRI) ၏ လက်အောက်မှ စီမံကိန်းတခုဖြစ်သည်။
သို့သော်လည်း စီမံကိန်းတည်နေရာသည် ရေလွှမ်းမိုးမှု ခံရနိုင်သည့် နေရာဖြစ်နေခြင်း အပြင် CCCC ၏ ပါဝင်ပတ်သက်မှုကြောင့် အငြင်းပွားဖွယ်ရာ အရင်းအမြစ် တခု ဖြစ်ခဲ့ရသည်။ ဟောင်ကောင်တွင် မှတ်ပုံတင်ထားသော တရုတ်အစိုးရပိုင် ကုမ္ပဏီ တခုဖြစ်သည့် CCCC သည် ဖိလစ်ပိုင်နှင့် ဘင်္ဂလားဒေ့ရှ်မှသည် တန်ဇန်းနီးယားအထိ အာဖရိကနှင့် အာရှရှိ နိုင်ငံ အနည်းဆုံး ၁၀ ခုတွင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သဘောတူညီချက်များ ပြုလုပ်ရာ၌ အကျင့်ပျက်ခြစားမှုများနှင့် လာဘ်ပေး လာဘ်ယူမှုများတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု စွပ်စွဲခံနေရကြောင်း နိုင်ငံတကာမီဒီယာများ၏ အဆိုအရ သိရသည်။
မေလ ၂၂ ရက် နေ့က သူ၏ Facebook စာမျက်နှာမှ တိုက်ရိုက်ထုတ်လွှင့်မှု တခုတွင် Mr. Serge Pun က COVID-19 ကြောင့် မြန်မာနိုင်ငံမှာ BRI စီမံကိန်းများ နှောင့်နှေးခြင်း ရှိ မရှိနှင့် ပတ်သက်၍ မေးခွန်းများကို ဖြေကြားရာတွင် BRI အောက်မှ အခြေခံ အဆောက်အဦး စီမံကိန်းများ ဆက်လက်ရှိနေမည် ဆိုသည်ကို သံသယဖြစ်စရာ မလိုကြောင်း ပြောကြားခဲ့သည်။ CERP ၏ COVID-19 သက်ရောက်မှုများ လျော့ပါးစေရေး အကြီးစား အခြေခံ အဆောက်အဦး စီမံကိန်းများ က အထောက်အပံ့ပေးသောကြောင့် အရှိန်ပင် မြင့်တက်လာနိုင်သည်ဟု သူက ထပ်ပြောသည်။
ပြန်လည်ကုစားရေး အစီအစဉ်ကို ဖတ်ပြီးနောက် “ဒီအကြီးစားအခြေခံအဆောက်အဦး (BRI) စီမံကိန်း အချို့က ဆက်လက် လုပ်ဆောင်သွားလိမ့်မယ်ဆိုတာကို ကျနော် ပိုလို့တောင် ယုံကြည်ပါတယ်” ဟု Mr. Serge Pun က ပြောသည်။
မေလ အစောပိုင်းတွင် စတင်ခဲ့သည့် CERP က အစီအမံအသစ်များနှင့် တုန့်ပြန်မှုအစီအစဉ်များကို အကောင်အထည်ဖော်ခြင်းအားဖြင့် ကူးစက်ရောဂါ၏ စီးပွားရေးဆိုင်ရာ သက်ရောက်မှုများကို လျှော့ချရန် ကြိုးစားခြင်းဖြစ်သည်။ ထိုအစီအစဉ်များထဲ ဗျူဟာမြောက်သည့် အခြေခံအဆောက်အဦး စီမံကိန်းများ အကောင်အထည်ဖော်ခြင်းအား အရှိန်မြှင့်ရန် ခြေလှမ်းများနှင့် လက်ရှိတွင် နှောင့်နှေးမှုများ ကြုံတွေ့ရသည့် ဂုဏ်သိက္ခာရှိ နိုင်ငံတကာကုမ္ပဏီများ၏ ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများကို အတည်ပြုရန်နှင့် ထုတ်ဖော်ရန်အတွက် မြန်ဆန်သော လုပ်ထုံးလုပ်နည်းများကို အသုံးပြုရန် ဆောင်ရွက်မှုများ ပါဝင်သည်။
CERP စတင်ပြီး များမကြာမီ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Chen Hai က စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင်နှင့် တွေ့ဆုံ၍ CERP ကို အခြေပြုကာ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကြီးသော စီမံကိန်းများ အကောင်အထည်ဖော်ရေး မည်သို့ ရှေ့ဆက်သွားမည် ဆိုသည်ကို ဆွေးနွေးခဲ့သည်။ ဆွေးနွေးခဲ့သည့် စီမံကိန်းများထဲတွင် ရန်ကုန်မြို့သစ်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်၊ တရုတ် – မြန်မာ နယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တို့ ပါဝင်သည်။
ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့က သမ္မတ ဦးဝင်းမြင့်နှင့် တယ်လီဖုန်းမှတဆင့် ဆွေးနွေးခဲ့ရာတွင် တရုတ်သမ္မတ Xi Jinping ကလည်း ၂ နိုင်ငံ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု သူက မျှော်လင့်ကြောင်းနှင့် ယခုနှစ် အစောပိုင်းက မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အတွင်း သဘောတူခဲ့သည့် BRI အောက်မှ စီမံကိန်းများ အကောင်အထည်ဖော်ခြင်းကို အရှိန်မြှင့်တင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
Xi Jinping ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ကျောက်ဖြူအထူးစီးပွားရေးဇုန် လုပ်ကိုင်ခွင့်နှင့် ရှယ်ယာပိုင်ဆိုင်မှု သဘောတူညီချက်တခု၊ ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် စာလွှာတခုနှင့် ရွှေလီ-မူဆယ် နယ်စပ်ဖြတ်ကျော် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်နှင့် ပတ်သက်၍ စေ့စပ်ညှိနှိုင်းမှုကို အရှိန်မြှင့်ရန် နားလည်မှု စာချွန်လွှာတခုတို့ကို ၂ ဘက် လက်မှတ်ရေးထိုးခဲ့သည်။
COVID-19 ကြောင့် ဖေဖော်ဝါရီလနှောင်းပိုင်းမှစ၍ မြန်မာနိုင်ငံ၏ စီးပွားရေးက သိသိသာသာ နှေးကွေးသွားခဲ့သည်။ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အပါအဝင် ခရီးသွားလုပ်ငန်းနှင့် အထည်ချုပ် စက်ရုံများနှင့် ကုမ္ပဏီများ ပိတ်သွား ခြင်းကြောင့် ထောင်နှင့်ချီသော ပြည်သူများ အလုပ်ပြုတ်ခဲ့ကြသည်။ မတ်လနှောင်းပိုင်း မှစ၍ ထိုင်း၊ မလေးရှားနှင့် တရုတ်နိုင်ငံများမှ အလုပ်လက်မဲ့ဖြစ်သွားသော မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ ပြန်လာခဲ့ကြသည်။
“(BRI စီမံကိန်းများနှင့်အတူ) ရှေ့ဆက်ဖို့က အရမ်း အရေးကြီးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ COVID-19 နောက်ပိုင်းမှာ ကျနော်တို့ ရင်ဆိုင်ရမယ့် အဓိကအခက်အခဲ တွေထဲက တခုက အလုပ်လက်မဲ့ ပြဿနာပါ” ဟု Mr.Serge Pun က ပြောသည်။
“ဒီအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ အထိရောက်ဆုံးနည်းလမ်းကတော့ အလုပ်အကိုင်တွေ ဖန်တီးဖို့ပါပဲ။ ဒီလို အခြေအနေမျိုးမှာ အလုပ်အကိုင်ဖန်တီးဖို့ အထိရောက်ဆုံးနည်းလမ်းက အကြီးစား အခြေခံအဆောက်အဦး စီမံကိန်းတွေ စ တင်ဖို့ ဖြစ်ပါတယ်” ဟု သူက ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် BRI မှ အကြီးစား အခြေခံ အဆောက်အဦး စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် ပတ်သက်၍ သတိထားသင့်ကြောင်း ကျွမ်းကျင်သူများက မကြာသေးမီက သတိပေးခဲ့ကြသည်။ COVID-19 ကြောင့် ထိခိုက်နစ်နာခဲ့ရသော စီးပွားရေး ပြန်လည်ရှင်သန်ရန် ကြိုးပမ်းနေရပြီး တချိန်တည်းမှာပင် ကျန်းမာရေးစောင့်ရှောက်မှုစနစ်များကို အဆင့်မြှင့်တင်နေရခြင်းကြောင့် နိုင်ငံ၏ ဘတ်ဂျက်က တတ်နိုင်သည်ထက် ပိုနေခဲ့ပြီး ဖြစ်နေသည်။
BRI စီမံကိန်းများအတွက် ကြီးမားသောရင်းနှီးမြှုပ်နှံမှုများ လိုအပ်သောကြောင့် တိုင်းပြည်သည် မတည်ငြိမ်သော ကြွေးမြီ ထောင်ချောက်ထဲသို့ COVID-19 ၏ စီးပွားရေးသက်ရောက်မှုများကြောင့် အလွယ်တကူ ကျရောက်နိုင်သည်ဟု ကျွမ်းကျင်သူများက သတိပေးခဲ့ကြသည်။
သို့သော်လည်း Mr.Serge Pun က ရန်ကုန်မြို့သစ်စီမံကိန်းသည် လူထောင်ပေါင်းများစွာကို အလုပ်အကိုင်အခွင့်အလမ်းများ ပေးခြင်းဖြင့် အကျိုးရှိ စေလိမ့်မည်ဟု ပြောသည်။
“(အလုပ်သမားတွေ) က စီမံကိန်းကို စတင်ကြမယ်။ သူတို့တွေက ကျနော်တို့ကို ကူညီဖို့နဲ့ COVID-19 ရဲ့ ဆိုးကျိုးသက်ရောက်မှုတွေကို လျှော့ချဖို့ အဓိက အထောက်အပံ့ သွင်းအားစုတွေထဲက တခု ဖြစ်လာလိမ့်မယ်လို့ ကျနော် တကယ်ကို မျှော်လင့်မိပါတယ်” ဟု သူက ဆိုသည်။
(Nan Lwin ၏ NYDC CEO Says New Yangon City Project Will Move Forward ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
စီးပွားရေးမှာ အစိုးရ ဦးဆောင်ဖို့ လိုတယ်
မြန်မာ့စီးပွားရေး ကုစားရန် GDP ၏ ၅ ရာခိုင်နှုန်းအထိ ငွေကြေး သုံးစွဲမည်
IMF ထံမှ ဒေါ်လာ သန်း ၇၀၀ ချေးငွေရရန် လွှတ်တော်အတည်ပြု