တရုတ်နိုင်ငံပိုင်လုပ်ငန်းတခု၏ သြစတြေးလျ အခြေစိုက်လုပ်ငန်းအား မြန်မာနိုင်ငံမြောက်ပိုင်း စစ်ကိုင်းတိုင်းရှိ စင်္ကာပူနိုင်ငံအရွယ်မျှ ကျယ်ဝန်းသော မြေနေရာတွင် ကြေးနီနှင့်ရွှေ ရှာဖွေခွင့် ပေးလိုက်ကြောင်းသိရသည်။ စစ်ကိုင်းတိုင်းသည် တရုတ်လုပ်ငန်းများက ကြီးမားသည့် ကြေးနီစီမံကိန်းများလုပ်ဆောင်နေပြီးဖြစ်သည့် ဒေသဖြစ်သည်။
စစ်ကိုင်းတိုင်းရှိ ဝန်းသို တောင်တန်းဒေသမှ မြေ ၁၈၅၀၀၀ ဧကထက် မနည်းသော မြေပေါ်တွင် ကြေးနီနှင့်ရွှေ ရှာဖွေရန် နေပြည်တော်ရှိ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန(MONREC)က PanAust အမည်ရှိ ထိုလုပ်ငန်းကို ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့က ခွင့်ပြုချက်ပေးလိုက်ခြင်းဖြစ်သည်။
PanAust ကို Guangdong Rising Assets Management Co. Ltd (GRAM) က အပြည့်အဝပိုင်ဆိုင်သည့် လုပ်ငန်းခွဲဖြစ်သော သြစတြေးလျ အခြေစိုက် Guangdong Rising H.K. Ltd က ပိုင်ဆိုင်သည်။ Guangdong Rising Assets Management Co. Ltd (GRAM) သည် တရုတ်နိုင်ငံ ကွမ်တုံ ပြည်နယ်အခြေစိုက် တရုတ်နိုင်ငံပိုင်လုပ်ငန်းဖြစ်ပြီး တွင်းထွက်သယံဇာတထုတ်လုပ်မှု၊ အီလက်ထရွန်းနစ်၊ စက်မှုစွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု၊ အိမ်ခြံမြေနှင့် ဘဏ္ဍာရေး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတခုဖြစ်သည်။
မြန်မာနိုင်ငံတွင် PanAust သည် အထက်ပါစီမံကိန်းကို လုပ်ကိုင်ရန် Wuntho Resources Company Limited (WRCL) အမည်ရှိ ဖက်စပ်လုပ်ငန်းတခုကို Myanmar Energy Resources Group International Company Ltd (MERG) နှင့် ပူးပေါင်းထူထောင်ထားသည်။ PanAust က WRCL ၏ ၉၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး MERG က ကျန် ၁၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်သည်။
လက်ရှိတွင် WRCL သည် အထက်ပါဒေသတွင် စုစုပေါင်းမြေဧက ၃၇၀၀၀၀ ကျော် ကျယ်ဝန်းသည့် သတ္တုရှာဖွေတူးဖော်ခွင့် လိုင်စင် ၇ ခုရရှိထားကြောင်း PanAust ၏ အဆိုအရ သိရသည်။
၂၀၁၈ ခုနှစ်က ထိုလုပ်ငန်းသည် ဝန်းသိုတောင်တန်းရှိ တုန်ကျောင်း၊ တောင်ကုန်းနှင့် နောက်ဖတ် လုပ်ကွက်များရှိ မြေဧက၁၃၈၀၀၀ တွင် ရှာဖွေတူးဖော်ခွင့်လိုင်စင်များရခဲ့သည်။ ၂၀၁၆ ခုနှစ်ကလည်း WRCL သည် စစ်ကိုင်းတိုင်း ဟယ်ချိန်း၊ ပင်ဟင်ခ နှင့် နမ်အောလုပ်ကွက် ၃ ခုရှိ မြေ ၅၂၆၀၀ ဧကတွင် ရှာဖွေတူးဖော်ခွင့်လိုင်စင်ရခဲ့သည်။
ပြည်ပကျောထောက်နောက်ခံပြု လုပ်ငန်းတခုသို့ ကြီးမားကျယ်ပြန်ံသည့် လိုင်စင်များ ချထားပေးရန် အစိုးရက ဆုံးဖြတ်လိုက်သောကြောင့် ဒေသခံ အသေးစား သတ္တုတူးဖော်ရှာဖွေသူများ ကလက်မခံနိုင်ဖြစ်လိမ့်မည်ဖြစ်ကြောင်း ဝန်းသိုမြို့နယ်ကို ကိုယ်စားပြုသည့် စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စာလှယ် ဦးဇော်လင်းဦး ပြောသည်။
“ဒီဆုံးဖြတ်ချက်က ပြည်ထောင်စုအဆင့်က လာတာ။ ဒါပေမယ့် သတ္တု ရှာဖွေတူးဖော်ဖို့ မြေတွေအားလုံးက နိုင်ငံခြားလုပ်ငန်းတွေ လက်ကိုရောက်သွားလို့ ဒေသခံတွေက သူတို့အသက်မွေးဝမ်းကြောင်းအတွက် ဘာလုပ်စားရမယ်ဆိုတာကို စိတ်ပူနေကြပြီ”ဟု ဦးဇော်လင်းဦး ပြောသည်။
“ကျနော်တို့က တိုင်းဒေသအဆင့်ပဲရှိတော့ ပြည်ထောင်စုအဆင့်က လုပ်တာကို ဝင်ရောက်စွက်ဖက်လို့မရဘူး။ ဒါပေမယ့် ဒေသခံတွေက လက်ခံမှာမဟုတ်ဘူး။ လိုင်စင်ချထားပေးတဲ့နေရာက အရမ်းကို ကျယ်တော့ ဒေသခံတွေက ကျေနပ်မှာ မဟုတ်ဘူး” ဟု သူပြောသည်။
စစ်ကိုင်းတိုင်းသည် အငြင်းပွားဖွယ်ရာ စပယ်တောင်နှင့်ကြေးစင်တောင် စီမံကိန်း(S&K) နှင့် လက်ပတောင်းစီမံကိန်းများအပါအဝင် တရုတ်လုပ်ငန်းများ၏ ကြီးမားလှသော ကြေးနီစီမံကိန်းများ ရှိရာဒေသဖြစ်သည်။ S&K ကိုလုပ်ကိုင်နေသည့် မြန်မာယန်စီလုပ်ငန်းက မြို့နယ် ၃ မြို့နယ်မှ ကျေးရွာပေါင်း ၁၂၀ ပါဝင်သည့် ဝါးစိမ်းတောင်ဒေသတွင် သတ္တုရှာဖွေတူးဖေါ်ရန် လွန်ခဲ့သောနှစ်က အဆိုပြုသောကြောင့် ဒေသခံများ ဆန့်ကျင်ကန့်ကွက်ခဲ့သည်။ ထိုစီမံကိန်း၏ သဘာဝပတ်ဝန်းကျင်နှင့်လူမှု ထိခိုက်မှုများကို ဒေသခံများ စိုးရိမ်သောကြောင့် လေ့လာရှာဖွေရေးလုပ်ငန်းများကို ဆိုင်းငံ့ခဲ့ရသည်။
လက်ပတောင်းစီမံကိန်းကို Myanmar Wanbao Mining Copper Ltd (MWMCL) ကလုပ်ကိုင်နေသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်ပြီး မြေယာအငြင်းပွားမှုများနှင့် ဒေသခံ ဆန့်ကျင်သူများကို အကြမ်းဖက်နှိမ်နင်းမှုများကြောင့် သတင်းများတွင် ဖေါ်ပြခံနေရသည်။ အသက်မွေးဝမ်းကြောင်းဆုံးရှုံးခြင်းနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းမှ စွန့်ပစ်ပစ္စည်များကြောင့် ရေ အရင်းအမြစ်များထိခိုက်ပျက်စီးခြင်းအပါအဝင် ထိုသတ္တုတူးဖော်ရေး လုပ်ငန်း၏ ဆိုးရွားလှသော လူမှုထိခိုက်မှုများကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အစီရင်ခံစာနှစ်စောင်တွင် ကျယ်ကျယ်ပြန့်ပြန့် ဖေါ်ပြထားသည်။ ထိုစီမံကိန်းကိုဆန့်ကျင်သည် ဒေသခံများကို တနိုင်ငံလုံးက ထောက်ခံကြသည်။
သတ္တုတူးဖော်ရေးလုပ်ငန်းများကြောင့် စစ်ကိုင်းတိုင်းသည် ကြီးမားသည့် သဘာဝပတ်ဝန်းကျင်နှင့်လူမှု ထိခိုက်မှုများကိုခံနေရပြီးဖြစ်ကြောင်း ဦးဇော်လင်းဦးပြောသည်။
“ခုချိန်အထိတော့ အဲဒီလုပ်ငန်းက ကိုယ်စားလှယ်တွေက ဒီစီမံကိန်းအကြောင်း ကျနော်တို့ကို လာရှင်းပြတာ မရှိသေးဘူး။ ဒီကိုလာတဲ့ လုပ်ငန်းတွေက အားလုံးအတူတူပဲ။ ကျနော်တို့ကို မဆက်သွယ်ကြဘူး။ ပြည်ထောင်စုအဆင့်က ခွင့်ပြုချက်ရပြီးလို့ ကျနော်တို့နဲ့ ဆက်ဆံဖို့မလိုဘူးလို့ ထင်နေကြတာနေမှာ” ဟုလည်း သူပြောသည်။
၎င်းတို့၏ လုပ်ငန်းသည် ကြေးနီနှင့် ရွှေ ထုတ်လုပ်ရောင်းချရာတွင် ရေရှည်တည်တံ့သော စီးပွားရေး ပုံစံနှင့် ထုတ်လုပ်ရေးရည်မှန်းချက် ပြည့်၀ရေးနှင့် ထက်မြက်တာဝန်သိသော တိုးတက်မှုကို အာရုံစိုက်ကြောင်း PanAust ၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
PanAust သည် ၎င်းတို့လုပ်ကိုင်သောဒေသများတွင် ကျန်းမာရေး၊ ပညာရေးနှင့် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံများ သိသိသာသာတိုးတက်စေခဲ့ကြောင်း PanAust ၏ အမှုဆောင် ဥက္ကဌ Qun Yang ကပြောသည်။
“မြန်မာနိုင်ငံ ရှာဖွေထုတ်လုပ်ရေး လုပ်ငန်းတွေကို လုပ်ကိုင်ရာမှာ ကျနော်တို့လုပ်ငန်းရဲ့ လုပ်ကိုင်မှုတွေဟာ အလုပ်အကိုင်ဖန်တီးမှုအပါအဝင် နိုင်ငံရဲ့ ရေရှည် စီးပွားတိုးတက်အောင်မြင်မှုကို အကျိုးပြုနိုင်အောင်လို့ ရေရှည်တည်တံ့ရေးအလေ့အထကောင်းတွေကို ကျင့်သုံးသွားမှာဖြစ်တယ်” ဟုလည်း သူပြောသည်။
PanAust သည် ပါပူဝါ နယူးဂီနီ၊ ချီလီနှင့်လာအိုနိုင်ငံများမှ ကြေးနီနှင့် ရွှေတူးဖေါ်သည့် လုပ်ငန်းများကိုလည်း လုပ်ကိုင်နေသည်။ PanAust ၏ လုပ်ငန်းခွဲ Frieda River Ltd သည် ပါပူဝါ နယူးဂီနီတွင် Frieda River စီမံကိန်းဟု ခေါ်သည့် ကမ္ဘာ့အကြီးမားဆုံး ရွှေနှင့်ကြေးနီတူးဖေါ်ထုတ်လုပ်သည့် လုပ်ငန်းကို လုပ်ကိုင်နေသည်။ ထိုစီမံကိန်းသည် မြစ်ချောင်းစနစ်ကို ပျက်စီးစေပြီး ငါးများကို အဆိပ်သင့်စေကာ အကြမ်းဖက်သည့် မတည်ငြိမ်မှုများဖြစ်စေကြောင်း Jubilee Australia သုတေသနဌာန၏ အစီရင်ခံစာကို အခြေခံပြီး Guardain သတင်းစာက ဖေါ်ပြခဲ့သည်။
( Nan Lwin ၏ Chinese-Backed Firm Granted Massive Copper and Gold Exploration Permit in Myanmar ကို ဘာသာပြန်ဆိုသည်။ )
You may also like these stories:
ကိုဗစ်-၁၉ ကြောင့် ချင်းပြည်နယ် ပထမဆုံးလေယာဉ်ကွင်း ဖွင့်ရန် နှောင့်နှေးနေ
ဝေဖန်ခံနေရသော ဆိုလာပါဝါစီမံကိန်း တင်ဒါ အချိန်ထပ်တိုးပေး
ကိုဗစ်အလွန်ကာလ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ဖို့ ကြိုတင်ပြင်ဆင်နေပါတယ်