COVID-19 ကြောင့် ထိခိုက်ခဲ့သော အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) အတွက် ကျပ် ၆၄ ဘီလီယံ ခန့် ထုတ်ချေးသွားမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှု ဝန်ကြီးဌာနထံမှ သိရသည်။
ထို ချေးငွေသည် JICA SME နှစ်ဆင့်ချေးငွေ၏ ဒုတိယအဆင့် စီမံကိန်းဖြစ်ပြီး လုပ်ငန်းတခုလျှင် ကျပ်သန်း ၃၀၀ အထိ ထုတ်ချေးသွားမည်ဖြစ်ပြီး အပေါင်ပစ္စည်း ပေးအပ်နိုင်မှုအပေါ် မူတည်ကာ တနှစ်အတိုးနှုန်းသည် ၅ ဒသမ ၅ ရာခိုင်နှုန်း မှ ၁၀ ရာခိုင်နှုန်း ကောက်ခံသွားမည်ဖြစ်သည်။
ယင်းအပြင် သက်တမ်း ၃ နှစ်အောက် ချေးငွေများကို ဆိုင်းငံ့ကာလ ၆ လ သတ်မှတ်ထားပေးပြီး ချေးငွေ သက်တမ်း ၃ နှစ်မှ ၅ နှစ်ချေးငွေများကို ဆိုင်းငံ့ကာလ ၁ နှစ် ပေးသွားမည်ဖြစ်ကြောင်း အသေးစား အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဗဟိုဌာနထံမှ သိရသည်။
ဌာနညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက “ဒီကာလမှာ လူတွေရဲ့ သုံးစွဲမှုက လျော့ကျသွားတာဖြစ်တဲ့ MSME လုပ်ငန်းတော်တော်များက ထိခိုက်ခဲ့ပြီး အကုန်ကျတာပေါ့။ အဲဒီတော့ ဒီချေးငွေကို ကျမတို့ ဒီဇွန်လထဲမှာပဲ ထုတ်ချေး သွားနိုင်အောင် လုပ်ဆောင်နေပါတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းအပြင် ကိုဗစ်ကြောင့် ပြောင်းလဲသော စီးပွားရေးပုံစံများကြောင့် အသေးစားအလတ်စားလုပ်ငန်းများ အနေဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်လာနိုင်ရေး နှင့် Smart Manufacturing လုပ်ငန်းများ ဖြစ်ပေါ်လာနိုင်ရေးအတွက် အသိပညာနှင့် နည်းပညာအကူအညီပေးရေး အစီအစဉ်များကိုလည်း လုပ်ဆောင်သွားရန် ရှိကြောင်းလည်း ၎င်းက ရှင်းပြသည်။
ယခုကဲ့သို့သော အခြေအနေမျိုးတွင် အသေးစား၊ အလတ်စားလုပ်ငန်းများ၏ ချေးငွေလျှောက်ထားမှုကို အပေါင် ပစ္စည်းကိုသာ အဓိက ဦးစားပေးကြည့်မနေသင့်ကြောင်း လုပ်ငန်းရှင်များက ထောက်ပြကြသည်။
JICA ၏ နှစ်ဆင့်ချေးငွေကို လျှောက်ထားခဲ့ဘူးသည့် လုပ်ငန်းရှင် ဦးကျော်သူက “အခုက ကိုဗစ်ကာလ ဖြစ်နေတာ ရိုးရိုး သာမန် အခြေအနေတုန်းက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ဆိုရင် SME လုပ်ငန်းတွေ အတွက် ချေးငွေ ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ဘူး။ အစိုးရက ထုတ်ချေးတဲ့ အပေါင်ပစ္စည်း မလိုတဲ့ ဘီလီယံ ၁၀၀ ချေးငွေတောင် ရဖို့ ခက်ခဲနေတာ” ဟု ရှင်းပြသည်။
ချေးငွေ လျှောက်ထားရာတွင် လိုအပ်သည့် အပေါင်ပစ္စည်း၊ စီးပွားရေးဖော်ဆောင်မည့် အစီအစဉ် (Business Plan)၊ ငွေစာရင်းရှင်းတမ်းများ၊ တရားဝင် အမြတ်ခွန် ဆောင်ထားသော စာရွက်စာတမ်းများ စသည့် လိုအပ်ချက်များကို အသေးစားအလတ်စား လုပ်ငန်း အများစုမှာ အပြည့်အစုံတင်ပြနိုင်ရန် အခက်အခဲရှိနေကြပြီး ယင်းအတွက်ကြောင့် SME ချေးငွေများကို မြို့ပြ အခြေစိုက် အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းအများစုသာ ရရှိလျက်ရှိ ကြောင်း ကော်ဖီစိုက်ပျိုး ထုတ်လုပ်သည့် လုပ်ငန်းရှင် ၁ ဦးက ဧရာဝတီသို့ ပြောသည်။
“ငွေချေးဖို့က အဓိက အပေါင်ပစ္စည်းပြဿနာပဲ၊ ဘဏ်တွေဘက်က မြို့ပေါ်က အိမ်တွေ မြေတွေ ထားမယ်ဆိုရင် ချေးငွေ မြန်မြန်ရနိုင်တယ်။ ချေးငွေလျှောက်ထားတဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်း ဖြေလျှော့ပေးသင့်တယ်။ ပြီးတော့ ငွေချေးဖို့ လိုအပ်ချက်တွေကို ပိုမိုသိရှိဖို့ ဘဏ်တွေနဲ့ ပူးပေါင်းပြီး အသေးစား အလတ်စားလုပ်ငန်းရှင်တွေကို အသိပညာ ပေးသင့်တယ်။” ဟု ယင်းလုပ်ငန်းရှင်က ထောက်ပြသည်။
လုပ်ငန်းရှင်များအနေဖြင့် အဆိုပါ ချေးငွေကို မြန်မာ့စီးပွားရေးဘဏ်၊ သမဝါယမဘဏ် (CB Bank)၊ ဧရာဝတီဘဏ် (AYA Bank)၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ် (MOB) အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုး ရေးဘဏ်၊ ပထမပုဂ္ဂလိကဘဏ် (FPB)၊ ယူအေဘီဘဏ် (UAB)၊ ကမ္ဘောဇဘဏ်(KBZ) နှင့် မြန်မာ့ရှေ့ဆောင် ဘဏ် (MAB) တို့တွင် လျှောက်ထားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများကို ၂၀၁၅ ခုနှစ်မှ စတင်ကာ JICA SME နှစ်ဆင့်ချေးငွေကို ပထမအဆင့် စီမံကိန်းအနေဖြင့် ကျပ် ၆၀ ဘီလီယံကျော်အထိ ထုတ်ချေးပေးထားလျက်ရှိကြောင်း သိရသည်။
ယခုသတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်”
ဆက်စပ်လင့်
စီးပွားရေး လုပ်ငန်း ၁ ထောင်ကျော်ကို အစိုးရ ကျပ် ၃၆ ဘီလီယံကျော် ထုတ်ချေး
စတုတ္တအကြိမ်မြောက် အစိုးရချေးငွေ တိုင်းနှင့်ပြည်နယ် လုပ်ငန်းရှင်များကို ဦးစားပေးမည်
လုပ်ငန်း ၁၁၁ ခုကို တတိယ အသုတ်အဖြစ် အစိုးရ ချေးငွေ ထုတ်ပေး