နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း အတွင်းရှိ မြို့နယ်နှင့် ကျေးရွာများတွင် လျှပ်စစ် ဓာတ်အား သုံးစွဲခကို ဇူလိုင်လမှ စတင်ကာ အွန်လိုင်းမှ တဆင့် ပေးဆောင်နိုင်တော့မည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက သိရသည်။
ဧရာဝတီဘဏ်၏ အွန်လိုင်း ငွေချေစနစ်များ ဖြစ်သော AYA iBanking၊ AYA mBanking၊ AYA Pay တို့ဖြင့် ငွေသွင်းနိုင် သည့်စနစ် အကောင်အထည်ဖော်ရန် ဇွန်လ ၅ ရက်က ရန်ကုန်မြို့တွင် ဧရာဝတီ ဘဏ်နှင့် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။
ယခု စနစ်ကြောင့် မီတာခကို ရန်ကုန်တိုင်းအတွင်းရှိ ကျေးရွာများတွင်လည်း နီးစပ်ရာ AYA Pay အေးဂျင့်ရှိသော စတိုးဆိုင် ကဲ့သို့ နေရာများသို့ သွားရောက် ပေးဆောင်နိုင်မည် ဖြစ်ကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်း (YESC)မှ အထွေထွေ မန်နေဂျာ ဦးကျော်သူက ပြောသည်။
ဦးကျော်သူက “ရွာသမားတွေ ဆိုရင် ရွာကနေ ငွေသွင်းလို့ရမှာပေါ့။ မြို့ပေါ် သမားတွေကတော့ AYA အကောင့်နဲ့ တိုက် ရိုက်ချိတ်ပြီး ငွေသွင်းလို့ရတာပေါ့။ ကျနော်တို့ ဌာနအနေနဲ့ ကျတော့လည်း ရုံးမှာလာပြီး လူတွေတန်းစီတဲ့ကိစ္စ လျော့သွား မယ်။ ရုံးအတွက်လည်း အဆင်ပြေမယ်၊ မီးသုံးစွဲသူတွေ အတွက်လည်း အဆင်ပြေမယ် ဆိုတာမျိုးပေါ့” ဟု ပြောသည်။
သို့သော် ပေးဆောင်ရမည့် နောက်ဆုံး သတ်မှတ်ရက် ကျော်လွန်သော မီတာဘေလ်များအတွက်မူ ဒဏ်ကြေး ဆောင်ရ မည့် ကိစ္စရပ်များ ပါရှိလာသောကြောင့် ရက်ကျော် မီတာဘေလ်များကို အွန်လိုင်းစနစ်ဖြင့်ဆောင်၍ မရဘဲ မူလဆောင် သည့် လျှပ်စစ်ရုံးများတွင်သာ သွားရောက် ပေးဆောင်ရမည်ဟု YECS ၏ အမှုဆောင် အင်ဂျင်နီယာချုပ် ဦးအောင် ကျော်ဦး က ဇွန်လ ၈ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၏ သတင်းစာ ရှင်းလင်းပွဲ၌ ပြောသည်။
ဦးအောင်ကျော်ဦးက “ဘဏ်တွေမှာ ရက်ကျော်ကြေး ဆောင်လို့ မရပါဘူး။ တကယ်လို့ ပေးဆောင်ရမယ့် နောက်ဆုံးရက် ကို ကျော်သွားပြီဆိုရင် ကျနော်တို့ရုံးမှာ အဲဒီလူက လာပြီးတော့ ဆောင်ရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ယခုစနစ်မှာ လျှပ်စစ်မီးသုံးစွဲသူများက လျှပ်စစ်ဓာတ်အား သုံးစွဲခ မီတာဘေလ် ပေးဆောင်ရမည့် နောက်ဆုံးရက်များကို သတ်မှတ်ထားပြီး ထိုရက် မတိုင်ခင်တွင် လျှပ်စစ်ဌာနမှ မီးသုံးစွဲသူများ၏ အချက်အလက်များကို ဘဏ်သို့ ပေးလိုက်မည် ဖြစ်ကာ ဘဏ်က ၎င်းတို့၏ နည်းပညာဖြင့် အွန်လိုင်းမှတဆင့် ကျသင့်ငွေ ပေးဆောင်နိုင်ရန် ပြုလုပ်ပေးသည့် စနစ် ဖြစ် ကြောင်း ၎င်းက ရှင်းပြသည်။
ဧရာဝတီဘဏ်မှ ဒီဂျစ်တယ်နှင့် အီလက်ထရောနစ် ငွေပေးချေရေး ဌာန၏ ဌာနမှူး ဦးမျိုးဝင်းရီက “ကျနော်တို့ရဲ့ mBanking စနစ်ကိုသုံးပြီး ဘယ်လောက်ကျမယ် ဆိုတာကို စစ်လို့ရမယ်။ ပြီးရင် တခါတည်း ပေးလို့ရမယ်။ သုံးစွဲသူအနေ နဲ့က မီတာစာရွက်မရှိလည်း mBaking သုံးပြီးတော့ ပြန်ကြည့်လို့ ရမယ်။ နောက်လတွေ ရောက်ရင် ပြီးခဲ့တဲ့ လတွေက ဘယ်လောက် ပေးထားလဲ၊ ဘယ်လောက် တက်သွားလည်း ဆိုတာတွေကို ပြန်စစ်လို့ရမယ်” ဟု ပြောသည်။
ထို့ပြင် ဇူလိုင်အတွင်း စတင်ပြုလုပ်တော့မည့် အွန်လိုင်းငွေချေ စနစ်တွင် ရက်ကျော် မီတာဘေလ်များ ပေးဆောင်၍ မရ သေးသော်လည်း နောက်လာမည့် လများတွင် ရက်ကျော် မီတာဘေလ်များကိုလည်း ယင်းစနစ်တွင် ထည့်သွင်းနိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် ညှိနှိုင်းနေသည်ဟု ဧရာဝတီဘဏ်မှ သိရသည်။
လျှပ်စစ်ဓာတ်အား သုံးစွဲခကို မြို့နယ်လျှစ်စစ်ရုံးများထိ သွားရောက် ပေးဆောင်ရသောကြောင့် သွားလာစရိတ်အပြင်၊ တန်းစီ စောင့်ဆိုင်းရသဖြင့် အချိန်ကုန်ပြီး ယခု COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလ၌ လူစုလူဝေးဖြစ်လာမှုကိုလည်း ရှောင်ရှားနိုင်သောကြောင့် ယခု အသုံးပြုမည့် စနစ်မှာ ပို၍အဆင်ပြေနိုင်ကြောင်း သန်လျင်မြို့နယ်တွင် နေထိုင်သူ ကိုချမ်း ငြိမ်းက ပြောသည်။
ကိုချမ်းငြိမ်းက “အချိန်ကုန် သက်သာမယ်။ လူစုလူဝေးလည်း မဖြစ်တော့ဘူး။ လက်ရှိ အနေအထားနဲ့ဆို ကောင်းတာပေါ့။ ကိုဗစ်ကာလ ကျော်သွားရင်လည်း ဒီပုံစံက အချိန်ကုန် သက်သာတဲ့အတွက် ပိုဆင်ပြေမယ်။ မီတာရုံးသွားလို့ရှိရင် တန်းစီ ရတာနဲ့ ဘာနဲ့ ဘေလ်ဆောင်ရမယ့် ရက်ရောက်လာပြီဆိုရင် လူအရမ်းများတယ်။ အချိန်ကြာတော့ နှောင့်နှေးမှုတွေ ရှိ တယ်” ဟု ဆိုသည်။
တိုက်ခန်းများတွင် ငှားရမ်း နေထိုင်သူများမှာမူ မြေရှင်/အခန်းပိုင်ရှင်က လာရောက် စုစည်း ကောက်ခံပြီး သက်ဆိုင်ရာ လျှပ်စစ်ရုံးသို့ သွားရောက် ပေးချေသည့် ဝန်ဆောင်မှု ရှိသောကြောင့် တိုက်ခန်းတွင် ငှားရမ်းနေထိုင်သူများမှာ မီတာခ ဆောင်ရန် အခက်အခဲ မရှိကြောင်းနှင့် တချို့ တိုက်ခန်းများမှာမူ ငှားရမ်း နေထိုင်သူ ကိုယ်တိုင် သွားရောက် ပေးဆောင် ရမှုများလည်း ရှိကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် တိုက်ခန်း ငှားရမ်းနေထိုင်သူ မဝတ်ရည်ထွန်းက “လကုန်ရင် မြေရှင်က မီတာစာရွက်တွေ ဘယ်လောက်ကျတယ် ဆိုပြီး လာပြောတာပဲ။ စာရွက်မှာ ဘယ်လောက်ကျတယ် ဆိုတာကြည့်ပြီး ပိုက်ဆံ ၅၀၀ လောက် ပိုပေးလိုက်ရင် ရပြီ”ဟု ပြောသည်။
ယခုပြုလုပ်မည့် စနစ်တွင် မီတာဘေလ် တစောင်လျှင် သုံးစွဲသည့် မီတာခအပြင် ဝန်ဆောင်ခ ၂၀၀ ကျပ်ကို သုံးစွဲသူက ကျခံရမည် ဖြစ်ပြီး ယင်းစနစ် စတင် လည်ပတ်သည့် ပထမလအတွက် အရောင်းမြှင့်တင်ရေး အစီစဉ်များဖြင့် သုံးစွဲသူ ကိုယ်စား ဝန်ဆောင်မှုပေးသည့် ဘဏ်က ကျခံပေးရန် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
လာမည့် ဇူလိုင်တွင် စတင် လည်ပတ်တော့မည့် ထိုအွန်လိုင်းစနစ် အတွင်းတွင် ယခု သတ်မှတ်ထားသည့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတိုင်းတို့သာ ပါဝင်မည်ဖြစ်ပြီး နောက်လများတွင်လည်း အခြားတိုင်းနှင့်ပြည်နယ်များ အတွက်ပါ ဝန် ဆောင်မှု ပေးနိုင်ရန် ပြင်ဆင်နေကြောင်း ဧရာဝတီဘဏ်က သိရသည်။
ယခုသတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်
ဆက်စပ်ဖတ်ရှုရန်
မီတာခ တိုးကောက်သော်လည်း ဓါတ်အား ထုတ်လုပ်စရိတ် ကျပ်ဘီလီယံနှင့် ချီ၍ ရှုံးနေဆဲ ဖြစ်