ရန်ကုန်မြို့တွင် တည်ဆောက်နေသော သဘာဝဓာတ်ငွေ့ရည်မှ လျှပ်စစ်ဓာတ်အား ပြောင်းလဲထုတ်လုပ်မည့် (LNG to Power) စီမံကိန်းများအတွက် လိုအပ်သော သဘာဝဓာတ်ငွေ့ရည်များ တင်ဆောင်လာသော MV-CNTIC V Power Global သဘောင်္သည် သီလဝါဆိပ်ကမ်းသို့ ပြီးခဲ့သည့် ဇွန် ၆ ရက်နေ့ က ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ထိုသင်္ဘောသည် ရန်ကုန်မြို့ သာကေတ ရှိ ၄၀၀ မဂ္ဂါဝပ် ဓာတ်အားထုတ်လုပ်မည့် LNG to Power စီမံကိန်း အတွက် လျှပ်စစ်ဓာတ်အား ၂၀၀ မဂ္ဂါဝပ်ကို ၁၄ ရက်ကြာ ထုတ်လုပ်နိုင်မည့် တန်ချိန် ၃၆၀၀၀ ခန့်ရှိသော LNG ပမာဏကို တင်ဆောင်လာသည့် သင်္ဘောဖြစ်သည်။
အဆိုပါ သင်္ဘောဆိုက်ကပ်နိုင်ရန် ယာယီဆိပ်ခံ (Temporary Jetty) အဖြစ် အသုံးပြုမည့် Mobile Filling Platform (MFP) ကို စင်ကာပူနိုင်ငံတွင် တည်ဆောက်ပြီး သီလဝါဆိပ်ကမ်း၌ တပ်ဆင်ခဲ့သည်။
သို့သော် ယခုဆိုက်ကပ်ထားသော သင်္ဘောပေါ်မှ ဓာတ်ငွေ့ရည်များကို ဓာတ်ငွေ့အဖြစ်သို့ ပြောင်းလဲပြီး တာဘိုင်များမှ တဆင့် လျှပ်စစ်ထုတ်ယူကာ မဟာဓာတ်အားလိုင်းထဲသို့ ထည့်သွင်း သုံးစွဲနိုင်မည့် အနေအထား မည်သည့်အချိန် ဖြစ်လာမည်နည်းဟူသော မေးခွန်းက မေးရန် ကျန်နေသည်။
လက်ရှိအချိန်တွင် ဓာတ်ငွေ့အရည်မှ ဓာတ်ငွေ့သို့ပြောင်းလဲပေးမည့် စက်များ Regasification Unit သည် ရာခိုင်နှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်သည့်အတွက် သာကေတ(၄၀၀) မဂ္ဂါဝပ်စက်ရုံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုသည် “မကြာခင်” တွင် စတင်နိုင်တော့မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် ဆိုသည်။ အချိန်ဇယား အတိအကျကိုမူ ထည့်သွင်းပြောဆိုခြင်း မရှိပါ။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဒုအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ကမ္ဘာ့ကပ်ရောဂါ COVID 19 ကြောင့် LNG မှ လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းများအတွက် တချို့လုပ်ငန်းကိစ္စရပ်များ နှောင့်နှေးကြန့်ကြာမှုများရှိခဲ့သော်လည်း ဝန်ကြီးဌာနအနေဖြင့် သင်္ဘောရောက်ရှိပါက လျှပ်စစ်ဓာတ်အား ပြောင်းလဲထုတ်လုပ်ရန် လိုအပ်သော လုပ်ငန်းဆိုင်ရာများ အချိန်မီအောင် ပြီးစီးလုပ်ဆောင်နိုင်ခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။

၎င်းက “အခုရောက်နေတာက ယာယီသင်္ဘော (CNTIC VPower Global) ပါ။ FFR ဆိုတဲ့ သင်္ဘောကြီး လာအုန်းမယ်။ အဲ့သင်္ဘောကလည်း ထွက်လာပြီ။ မကြာခင်အချိန်မှာ ရောက်တော့မှာဆိုတော့ ပတ်ကား Jetty လုပ်ထားတာရှိတယ်။ အဲ့ဒီသင်္ဘောရောက်လာရင် လက်ရှိသဘောင်္က ကွန်တိန်နာအနေနဲ့ သုံးမှာ” ဟု ပြော သည်။
သို့သော် LNG စွမ်းအင် ထုတ်လုပ်ရေး စီမံကိန်းများတွင် စွမ်းအင်ထုတ် သင်္ဘောများ ကျောက်ချရပ်နားခြင်း၊ LNG တင် သင်္ဘောများ ဝင်ထွက်သွားလာရခြင်းများ ရှိမည် ဖြစ်၍ ရန်ကုန်မြစ်အနက်သည် ထိုသင်္ဘောများအတွက် လုံလောက်မှု ရှိ မရှိကလည်း ပြဿနာတခုအဖြစ် ရှိနေသေးသည်။
သကေတ ၄၀၀ မဂ္ဂါဝပ်စက်ရုံသည် ယခုနှစ်နွေရာသီ ကာလတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အချိန်တိုအတွင်း ဖြည့်ဆည်းနိုင်ရန် လျှပ်စစ်ဓာတ်အား ၁၀၀၀ မဂ္ဂါဝပ်ကျော်ထုတ်လုပ်မည့် စီမံကိန်း ၇ ခု ထဲမှ တရုတ်ကုမ္ပဏီများ တင်ဒါအောင်မြင်ခဲ့သော ပြည်ပမှ ဓာတ်ငွေ့အရည် (Liquefied Natural Gas, LNG) ကို တင်သွင်းပြီး ဓာတ်အားထုတ်ပေးမည့် စက်ရုံ ၃ ရုံ အနက် တခုဖြစ်သည်။
ထိုစီမံကိန်းသည် LNG မှ လျှပ်စစ်ဓာတ်အား စီးပွားဖြစ် ထုတ်လုပ်လာနိုင်မည့် မြန်မာနိုင်ငံ၏ ပထမဆုံး စီမံကိန်းလည်း ဖြစ်လာတော့မည်ဖြစ်ပြီး တရုတ် ကုမ္ပဏီ Consortium China National Import and Export Corporation နှင့် ဟောင်ကောင် အခြေစိုက် V Power Group Holding Ltd and V Power Holding Ltd တို့က ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။
လတ်တလောတွင် သာကေတ ၄၀၀ မဂ္ဂါဝပ်စက်ရုံသည် LNG မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် “မကြာမီ” ပြီးစီးတော့မည်ဆိုသော်လည်း အခြား LNG စီမံကိန်း နှစ်ခုဖြစ်သည့် သန်လျင် ၃၅၀ မဂ္ဂါဝပ် နှင့် ကျောက်ဖြူ ၁၅၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံများ မှာမူ COVID 19 ကြောင့် လိုအပ်သော စက်ပစ္စည်းများ အချိန်မီမရရှိခြင်းအပြင် တည်ဆောက်ရေးလုပ်ငန်းများလည်း အပြည့်အဝ မပြီးစီးသေးခြင်းကြောင့် LNG လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် အချိန်ယူရဦးမည်ဖြစ်သည်။
“ အခုက ကျနော်တို့ သိရသလောက်က သာကေတအတွက် ပိုက်လိုင်းတွေ အကုန်ပြီးသွားပြ်ီ။ စက်ရုံတွေကတော့ အပြည့်အဝလည်ပတ်လို့ မရသေးဘူးပေါ့။ ၄၀၀ မဂ္ဂါဝပ်မှာ ၂၀၀ လောက်တော့ စလုပ်နိုင်မှာပေါ့ ” ဟု အဆိုပါ LNG စီမံကိန်းများကို တင်ဒါဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးသော လုပ်ငန်းရှင်တဦးက ဆိုသည်။
လက်ရှိ ရောက်ရှိနေသော သင်္ဘောအနေအထားအရ စမ်းသပ်ထုတ်လုပ်ရန်အတွက်သာဟု ယူဆရကြောင်းနှင့် နွေရာသီလျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းရန် လုပ်ဆောင်ခဲ့သော အဆိုပါစီမံကိန်းများသည် ယခုနှစ်ကုန်ပိုင်းမှသာ အပြည့်အဝ လည်ပတ်နိုင်လိမ့်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
တရုတ်ကုမ္ပဏီများ ဦးဆောင်သည့် ဓာတ်အားရရှိရေး စီမံကိန်းများ၏ အပြီးသတ် သတ်မှတ်ရက်သည် ၂၀၂၀ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့ ဖြစ်သော်လည်း ကိုဗစ် ရောဂါပိုး အကြောင်းပြချက်ဖြင့် အစိုးရသို့ လုပ်ငန်း အပ်နှံနိုင်ခြင်း မရှိသလို ၂၀၁၉ ခုနှစ်၊ ဇွန်လတွင် တင်ဒါခေါ်စဉ်ကလည်း ၅ နှစ်အတွင်း အမြတ်ရအောင် ဆောင်ရွက်ခိုင်းခြင်း၊ တည်ဆောက်မှုကာလကို ၇ လ သာ ခွင့်ပြုခြင်းနှင့် လျှပ်စစ် ဓာတ်အားကို မြန်မာကျပ်ငွေဖြင့်သာ ဝယ်ယူမည်ဟု ဆိုသဖြင့် ဝေဖန်မှုများ ရှိခဲ့သည်။

လျှပ်စစ်ပညာရှင် ဦးအေးကျော်ကျော်က “ သူတို့က ကိုဗစ်ကြောင့် နောက်ကျတယ်လို့ ပြောပေမဲ့ အစိုးရ တင်ဒါခေါ်ပြီး လုပ်ငန်းဆောင်ရွက်ခိုင်းတဲ့ အချိန်ကိုကအရမ်း အချိန်ကပ်လွန်းတယ်။ ဒီကုမ္ပဏီတွေ ဒီလောက် မြန်မြန်လုပ်နိုင်တာပဲ တော်တော်အံ့သြတယ်” ဟု ဆိုသည်။
တရုတ်ကုမ္ပဏီများဦးဆောင်သည့် LNG စီမံကိန်းများသည် အချိန်မီမပြီးခဲ့သော်လည်း ယခုနှစ်နွေရာသီအတွက် လိုအပ်မည့် လျှပ်စစ်ဓာတ်အားကို ဖြည့်တင်းရန်အတွက် လုပ်ဆောင်ခဲ့သော ရန်ကုန်အလုံ ၁၅၁ ကျော်မဂ္ဂါဝပ်၊ ဧရာဝတီ ကျွန်းချောင်း ၂၀ မဂ္ဂါဝပ် နှင့် မကွေး ၆၆ မဂ္ဂါဝပ် စီမံကိန်းများသည် အချိန်မီပြီးစီးခဲ့ပြီး နိုင်ငံတော်ဓာတ်အား စနစ်သို့ ပို့ဆောင်ထားနိုင်ခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။
ယခုနှစ် နွေရာသီ လျှပ်စစ်လိုအပ်ချက်အတွက် ရေအားလျှပ်စစ်အဓိက ထုတ်လုပ်သော ဆည်များ သတ်မှတ်ရေ ပြည့်မီခဲ့ခြင်းနှင့် ဒီဇယ်ဈေးကျဆင်းခြင်းကြောင့် ဒီဇယ်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စက်များကို မောင်းနှင်းပြီး ယခုနှစ်နွေရာသီ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်တင်းနိုင်ခဲ့ကြောင်း ဒုအမြဲတမ်းအတွင်း ဝန် ဦးစိုးမြင့်က ဆိုသည်။
ယခုနှစ် နွေရာသီတွင် ယခင်နှစ်ကလို အလှည့်ကျမီးပေးရသည့် စနစ်မျိုးအထိ မဖြစ်ခဲ့သော်လည်း လျှပ်စစ်မီး မကြာခဏပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းများက လျှပ်စစ်ဖြန့်ဖြူးရေးအပိုင်းတွင် ပြဿနာဖြစ်ပေါ်ခဲ့ခြင်းများကြောင့် ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။
လက်ရှိ LNG စီမံကိန်းများကို Independent Power Producer (IPP) နှင့် Build Operate Own (BOO) စနစ် ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး စီးပွားဖြစ် ထုတ်လုပ်နိုင်သည့် ရက်မှ အစိုးရက လျှပ်စစ်ဓာတ်အား ဝယ်ယူသွားမည်လည်း ဖြစ်သည်။
LNG မှ လျှပ်စစ်ထုတ်လုပ်ရန် အသင့်အနေအထား ရှိနေပြီဖြစ်သော ၄၀၀ မဂ္ဂါဝပ် သာကေတစီမံကိန်းကို အစိုးရ နှင့် ကုမ္ပဏီတို့ကြား လာမည့် သီတင်းပတ်အတွင်းတွင် PPA စာချုပ် (Power Purchase Agreement) ကို ရေးထိုးသွားဖွယ်လည်း ရှိနေသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ဒုအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က “ပြည်သူ့ကိုယ်စားပိုက်ဆံ ဝယ်ပေးရတာဖြစ်တဲ့အတွက် ဈေးဘယ်လောက်နဲ့ ဝယ်မှ သင့်မယ်ဆိုတာ ကျနော်တို့ ဘာသာ တွက်ချက်ထားပြီးသား ရှိပါတယ်” ဟု ပြောဆိုသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံလျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ပြည့်မီနိုင်ရန်အတွက်လည်း ပြီးခဲ့သည့် မေလအတွင်းက တင်ဒါအောင်မြင်ပြီး ၆ လအတွင်း အကောင်အထည်ဖော်ရမည့် နေရောင်ခြည် စွမ်းအင်သုံး ဆိုလာပါဝါ စီမံကိန်း ၃၀ ကိုလည်း တင်ဒါခေါ်ယူထားသည်။ ထိုစီမံကိန်းများသည် လျှပ်စစ်ဓာတ်အား ၁၀၆၀ မဂ္ဂါဝပ်ထုတ်လုပ်သွားမည်ဖြစ်လည်းဖြစ်သည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ နိုင်ငံ၏ လျှပ်စစ် သုံးစွဲမှုနှုန်း ခန့်မှန်းချက် အရ ၂၀၂၀- ၂၀၂၁ ခုနှစ်တွင် မဂ္ဂါဝပ် ၆၀၀၀ ခန့် လိုအပ်မည် ဖြစ်ကာ ယခင်ကတည်းက ပုံမှန်ထုတ်လုပ်နေသော စီမံကိန်းများသည် ၃၀၀၀ မဂ္ဂါဝပ်သာရှိနေခြင်းကြောင့် ရေတိုအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်သည့် LNG to Power ၅နှစ် စီမံကိန်းများနှင့် နေရောင်ခြည်စွမ်း အင်သုံး ဆိုလာပါဝါ စီမံကိန်းများကို အကောင်အထည်ဖော် လာခြင်းလည်း ဖြစ်သည်။
လက်ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုအရ နိုင်ငံရှိ အိမ်ထောင်စုပေါင်း ၁၀ သန်းကျော် ရှိသည့် အနက် ၄ သန်းကျော်ကို ဓာတ်အား ဖြန့်ဖြူး ပေးနေရသဖြင့် ရာခိုင်နှုန်းအရ တွက်ချက်ပါက နိုင်ငံလူဦရေး၏ ၃၈ ဒသမ ၅ ရာခိုင်နှုန်းသာ လျှပ်စစ်မီး ရလျက်ရှိနေသေးသည်။
You may also like these stories:
မီတာခ တိုးကောက်သော်လည်း ဓါတ်အား ထုတ်လုပ်စရိတ် ကျပ်ဘီလီယံနှင့် ချီ၍ ရှုံးနေဆဲ ဖြစ်
ရန်ကုန်၊ မန္တလေး၊နေပြည်တော်ရှိ မြို့များ အွန်လိုင်းမှ မီတာခ ဆောင်နိုင်တော့မည်
ဆိုလာပါဝါစီမံကိန်း တင်ဒါသတ်မှတ်ချိန် နည်း၍ ရင်းနှီးမြှုပ်နှံလိုသူများ အခက်တွေ့