စီးပွားရေး

စီးပွားရေးလုပ်ငန်း ၃ ပုံ ၂ ပုံနီးပါး ကပ်ရောဂါကြား ဆက်လက်ရှင်သန်ရန် ရုန်းကန်နေရ

Want create site? Find Free WordPress Themes and plugins.

COVID-19 ၏ မြန်မာ့စီးပွားရေးလုပ်ငန်းများ အပေါ် သက်ရောက်မှုများနှင့် ပတ်သက်၍ တနိုင်ငံလုံး အတိုင်း အတာဖြင့် နောက်ဆုံး ပြုလုပ်ခဲ့သည့် စစ်တမ်းတခုတွင် စီးပွားရေးလုပ်ငန်း ၃ ပုံ ၂ ပုံနီးပါးသည် ငွေကြေးစီးဆင်းမှု (ငွေကြေးလည်ပတ်မှု ဝင်ငွေထွက်ငွေ မညီမျှသော) ပြ ဿနာများ နှင့် ရင်ဆိုင်ရလိမ့်မည်ဟု ခန့်မှန်းထားပြီး အစိုးရ၏ အရေးပေါ်ချေးငွေအစီအစဉ်က စီးပွားရေးလုပ်ငန်း အနည်းငယ်မျှ ဆီသို့သာ ရောက်ရှိခဲ့သောကြောင့် ပြဿနာနှင့် ရင်ဆိုင်နေရသော လုပ်ငန်းများ၏ ရှင်သန်မှုကို အန္တရာယ်ရှိစေကြောင်း ဖော်ပြထားသည်။

DaNa Facility က ကျောထောက်နောက်ခံပေးပြီး အင်္ဂလန်၏ အကူအညီ ဖြင့် Asia Foundation က ပြုလုပ်ခဲ့သည့် စစ်တမ်းက ယေဘုယျအားဖြင့် စစ်တမ်းတွင် ပါဝင်သည့် စီးပွားရေးလုပ်ငန်းတခုချင်းစီသည် ၂၀၂၀ ခုနှစ် စက်တင်ဘာလ အထိ ဆက်လက်ရပ်တည်နိုင်ရန် လည်ပတ်ငွေကျပ် ၁၈ သန်း (အမေရိကန်ဒေါ်လာ ၁၂,၈၅၁) ထပ်မံလိုအပ်သည်ဟု ခန့်မှန်းကြောင်း ဇွန်လ ၈ရက်နေ့က ထုတ်ပြန်ထားသည်။

တနိုင်ငံလုံး အတိုင်းအတာအရ ဆိုလျှင် စီးပွားရေးလုပ်ငန်းများအနေဖြင့် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရံပုံငွေ အဖွဲ့ (IMF) က ခန့်မှန်းထားသည့်၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွက် မြန်မာနိုင်ငံ ဂျီဒီပီ ၏ ၀.၇ ရာခိုင်နှုန်းမှ ၁.၇ ရာခိုင်နှုန်း အတွင်း နှင့် ညီမျှ သော ကျပ်ဘီလီယံ ၉၀၀ မှ ၂.၁ ထရီလီယံကျပ် (အမေရိကန်ဒေါ်လာ ၆၄၂.၅ သန်းမှ ၁.၅ ဘီလီယံ) အတွင်း ထပ်မံ လိုအပ်သည်ဟု စစ်တမ်းက ခန့်မှန်းခဲ့သည်။

စစ်တမ်းသည် နိုင်ငံအတွင်း COVID-19 ထပ်မံပြန့်ပွားမှုကို တားဆီးရန် အစိုးရက တင်းကျပ်သော စည်းမျဉ်းများ ချမှတ်ထားသည့် ဧပြီလ ၂၈ ရက်မှမေလ ၁၀ ရက်ကြား ကာလအတွင်း နိုင်ငံတဝန်းရှိ စီးပွားရေးလုပ်ငန်း ၇၅၀ ထံမှ တုံ့ပြန်မှု များကို တောင်းခံ စုစည်းထားခြင်းဖြစ်သည်။

မြန်မာအစိုးရက ပြည်သူများ ဗိုင်းရပ်စ်ပိုးကူးစက်ခံရမည့် အန္တရာယ်ကို လျှော့ချနိုင်ရန် social distancing ၊ လူထုစုဝေးမှုများကို ဖျက်သိမ်းခြင်းနှင့် အလုပ်ချိန် ကန့်သတ်များ အပါအဝင် ဆောင်ရွက်မှုများကို စတင် ပြုလုပ်ခဲ့သည်။ အဆိုပါ အစီအမံများသည် ရောဂါ ကူးစက်မှု နှေးကွေးသွားရေးတွင် ထိရောက်မှု ရှိ သော်လည်း စီးပွားရေးလုပ်ငန်းများအပေါ် ဆိုးကျိုးသက်ရောက်စေသည်ဟု စစ်တမ်းက ဆိုသည်။

စစ်တမ်းအရ စီးပွားရေးလုပ်ငန်းများ၏ ထက်ဝက်ခန့်က COVID-19 ကြောင့် စီးပွားဖြစ် ရှင်သန်ရပ်တည်ရေးတွင် အလယ်အလတ် သို့မဟုတ် မြင့်မားသောအန္တရာယ်ရှိနေကြောင်း ဖော်ပြခဲ့သည်ဟု သိရသည်။ အန္တရာယ်အမြင့်ဆုံးနှင့် ရင်ဆိုင်နေ ရသော လုပ်ငန်းများထဲတွင် ကုန်ပစ္စည်း ထုတ်လုပ်ရေး ကဏ္ဍမှ အထည်အလိပ်၊ အဝတ်အထည်နှင့် သားရေ လုပ်ငန်းများ ပါဝင်သလို ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍလည်း ပါဝင်သည်။

ထို့ပြင် ဟိုတယ်လုပ်ငန်း၊ အစားအစာ နှင့်အဖျော်ယမကာ ဝန်ဆောင်မှု လုပ်ငန်းများသည်လည်း ပြည်တွင်းနှင့် နိုင်ငံတကာ ဖောက်သည်များ ခရီးသွားနိုင်ခြင်း မရှိသောကြောင့် ထိခိုက်နစ်နာနေရသည်။ ပြည်သူများကို အိမ်တွင်နေရန်နှင့် ၅ ဦးထက် ပို၍ စုရုံးခြင်းကို ရှောင်ကြဉ်ရန် အစိုးရ၏ ညွှန်ကြားချက်များက အစားအစာနှင့်အဖျော်ယမကာ ကဏ္ဍအပေါ် များစွာ သက်ရောက်ခဲ့သည်ဟု စစ်တမ်းက ဆိုသည်။

လက်လီ နှင့်လက်ကား အရောင်း လုပ်ငန်းက ဆက်လက်ရပ်တည်ရေးအတွက် အခြား ကဏ္ဍများနှင့်စာလျှင် အန္တရာယ် ပိုမို နည်းပါးကြောင်း သိရသည်။ ကွဲပြားခြားနားသည့် နေရာအသီးသီးမှ စစ်တမ်းကောက်ယူခဲ့ ရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (CDC) နှင့် သက်ဆိုင်သည့် နေရာများ၊ မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်း ဇုန်နှင့် ဧရာဝတီ မြစ်ဝှမ်း အောက်ပိုင်း ရှိမြို့နယ်များမှ စီးပွားရေးလုပ်ငန်းများက ၎င်းတို့ ရှင်သန်ရပ်တည်ရေးအတွက် အမြင့်ဆုံးပမာဏ ရှိသော အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့ကြသည်။

တိုင်းပြည်၏ စီးပွားရေးအပေါ်သက်ရောက်မှုကို သက်သာစေရန် အစိုးရက အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်း (SME) များ နှင့် အထည်အလိပ်နှင့် ခရီးသွားလုပ်ငန်းများ အတွက် COVID-19 ရန်ပုံငွေ အပါအဝင် နှိုးဆွမှု အစီအစဉ်များကို မတ်လနောင်းပိုင်းတွင် ကြေငြာခဲ့သည်။ အစိုးရက ကုန်သွယ်ခွန်များနှင့် သုံးလတကြိမ် ကောက်ခံသည့် ဝင် ငွေခွန်များကို ဆိုင်းငံ့ခြင်း အပြင် ပို့ကုန်အပေါ် ၂ ရာခိုင်နှုန်း ကြိုတင် ဝင်ငွေခွန်မှကင်းလွတ်ခွင့်ကိုလည်း ကြေငြာခဲ့သည်။

သို့သော်လည်း စီးပွားရေးလုပ်ငန်းများ၏ ၆၇ ရာခိုင်နှုန်းက ချေးငွေအစီအစဉ်ကို မသိရှိသေးကြောင်းနှင့် လူသိ အနည်းဆုံး မူဝါဒမှာ စီးပွားရေးလုပ်ငန်း ၉၂ ရာခိုင်နှုန်း က မသိသော ပို့ကုန်အပေါ် ဝင်ငွေခွန် ကင်းလွတ်ခွင့် ဖြစ်သည်ဟု စစ်တမ်းက တွေ့ရှိခဲ့ရသည်။

စီးပွားရေး လုပ်ငန်းများ သည် မူဝါဒ ၄ ခုအနက်မှ မည်သည့် မူဝါဒမှ ဖြစ်စေ အကျိုး ကျေးဇူး ရရှိနိုင်ရန် ခက်ခဲနေကြောင်း စစ်တမ်းရလဒ်များက ဖော်ပြနေသည်။  အစီအစဉ်များမှငြင်းပယ်ခံရ သော သို့မဟုတ် လျှောက်လွှာလုပ်ငန်းစဉ်များက အလွန်ခက်ခဲကြောင်း တွေ့ရှိခဲ့ရသော စီးပွားရေးလုပ်ငန်း အရေအတွက် က နောက်ဆုံးတွင် မူဝါဒများမှ အကျိုး ကျေးဇူး ခံစားခဲ့ရသော အရေအတွက်ထက် များပြားနေသည် သို့မဟုတ် တူညီနေသည်။

မူဝါဒ ၄ ခုထဲတွင် အရေးပေါ်ချေးငွေသည် စီးပွားရေးလုပ်ငန်း အနည်းငယ် (မေးမြန်းခဲ့သည့် စီးပွားရေးလုပ်ငန်း များ ထဲတွင် ၂ ခု သို့သာ) သို့သာ ရောက်ရှိခဲ့သည်။ စီးပွားရေးလုပ်ငန်း အများအပြားက သူတို့၏လျှောက်လွှာများ ၏ ရလဒ်များ ကို စောင့်ဆိုင်းနေကြဆဲ ဖြစ်သည်။

စီးပွားရေးလုပ်ငန်းများသည် သူတို့၏ ချေးငွေများ ပြန်လည်ပေးဆပ် ရေး စည်းကမ်းများနှင့် အတိုးနှုန်းနှင့် ပတ်သက်၍ စိတ်ပူ နေကြ သော်လည်း ထိုကိစ္စနှင့် ပတ်သက်၍ သူတို့၏ မြီရှင်နှင့် ဆွေးနွေးမှု မပြုလုပ်ရသေးကြောင်းကိုလည်း စစ်တမ်း ကောက်ယူမှုတွင် တွေ့ရှိခဲ့သည်။

အစိုးရအနေဖြင့် စီးပွားရေးလုပ်ငန်းများနှင့် ဘဏ်များကို ချေးငွေ၏ အတိုးနှင့် အရစ်ကျပြန်လည်ပေးဆပ်ရေးနှင့် ပတ်သက်၍ ပြန်လည်ဖွဲ့စည်းရန် သဘောတူညီမှု တခုရရှိရေး အတွက် တက်ကြွစွာ ဆောင်ရွက်သင့်ကြောင်း စစ်တမ်းက တိုက်တွန်းထားသည်။ ထိုသို့ပြုလုပ်ခြင်းက ဒေဝါလီခံရမည့် အရေအတွက်နှင့် အကျပ်အတည်းအတွင်း ဖြစ်သည့် ပျက်ကွက်မှု အရေအတွက်ကို လျော့နည်းစေသည့်အတွက် ဘဏ်လုပ်ငန်းများရော စီးပွားရေးလုပ်ငန်းများပါ အကျိုးဖြစ်ထွန်းနိုင်သည်ဟု စစ်တမ်းက ပြောသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန (MIFER) ၏ အဆိုအရ အစိုးရက COVID-19 ဒဏ်ခံခဲ့ရသော စီးပွားရေးလုပ်ငန်းများအတွက် ဇွန်လ ၁ ရက် အထိ စုစုပေါင်း ကျပ် ၂၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၀.၂ သန်း) ထုတ် ချေးခဲ့ပြီး ဖြစ်သည်။

ထို့ပြင် COVID-19 ကြောင့် စီးပွားရေးလုပ်ငန်းများ၏ ၉၂ ရာခိုင်နှုန်းခန့်က ရောင်းအား ကျဆင်းသွားခဲ့ရကြောင်း စစ်တမ်းက တွေ့ရှိခဲ့သည်။ စီးပွားရေးလုပ်ငန်း ၄ ခု တွင် ၃ ခု က ဝင်ငွေ တဝက် သို့မဟုတ် ထိုထက်ပို၍ ကျဆင်းသွားခဲ့သည်။ စီးပွားရေး လုပ်ငန်း၏ ၅ ပုံ ၁ ပုံကျော်သည် COVID-19 ကြောင့်ရောင်းအား လုံးဝ ရပ်တန့် သွားခဲ့ရသည်ဟု စစ်တမ်းက ဆိုသည်။

စစ်တမ်းကောက်ယူခဲ့သော စီးပွားရေးလုပ်ငန်းများသည် COVID-19 ကြောင့် သူတို့၏ လုပ်သားအင်အား ၁၆ ရာခိုင်နှုန်းကို အလုပ်မှ ထုတ်ပယ်ခဲ့ ရသည်။ ထို့ကြောင့် အစိုးရအနေဖြင့် အလုပ်အကိုင် ဆုံးရှုံးခဲ့ရသော ဝန်ထမ်းများအား ပံ့ပိုးရန် COVID-19 စီးပွားရေး ကုစားရေး အစီအစဉ် (CERP) တွင် ဖော်ပြထားသော အရေးယူ ဆောင်ရွက်မှုများသည် လုံ လောက် ခြင်း ရှိ မရှိ သို့မဟုတ် ထပ်မံ လိုအပ်ခြင်း ရှိ မရှိ သို့မဟုတ် ထို ဝန်ထမ်းများကို ပစ်မှတ်ထားရန် ပိုမို ကောင်းမွန် သော နည်းလမ်းများကို ပြန်လည် စဉ်းစားရန် လိုအပ်သည် ဟု စစ်တမ်းက ပြောသည်။

ဧပြီလ နှောင်းပိုင်းတွင် စတင်ခဲ့သော CERP သည် ငွေကြေးဆိုင်ရာ လှုံ့ဆော်မှုများမှ တဆင့် မက်ခရိုစီးပွားရေး ပတ်ဝန်းကျင် တိုးတက်စေရေးကို အဓိက ထားသည်။ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍများ တိုးတက် စေ ခြင်းမှတဆင့် ပုဂ္ဂလိကကဏ္ဍ အပေါ် သက်ရောက်မှုကို လျော့ပါးစေခြင်း၊ အလုပ်သမားများနှင့် အိမ်ထောင်စုများကို ကူညီခြင်း၊ တီထွင် ဆန်းသစ်သော ထုတ်ကုန်များနှင့် ပလက်ဖောင်းများကိုမြှင့်တင်ခြင်း၊ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အားဖြည့် ပေးခြင်းနှင့် အရေးပေါ် ရန်ပုံငွေများ အပါအဝင် COVID-19 တုန့်ပြန်မှုဆိုင်ရာ ငွေကြေးထောက်ပံ့မှု ရရှိနိုင်ခွင့်ကို တိုးမြှင့်ခြင်းတို့ပါဝင်သည်။

CERP တွင် ပြည်တွင်း  စီးပွားရေးလုပ်ငန်းများအတွက် ရန်ပုံငွေကို ကျပ် ၁၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇၁.၄ သန်း) မှ ကျပ် ၂၀၀ ဘီလီယံမှ ၅၀၀ဘီလီယံ အတွင်း အထိ တိုးမြှင့်ရန် ကတိကဝတ်များလည်း ပါဝင်သည်။ ထို အစီအစဉ် အရ အစိုးရက  ကုန်သွယ်ရေးဆိုင်ရာ ငွေကြေး ထောက်ပံ့မှုမြှင့်တင်ရန် အတွက်  ၂၀၂၀ မကုန်မီတွင် သတ်မှတ်ထားသော ကူးသန်းရောင်းဝယ်ရေး ဘဏ်များအတွက် သီးခြားရန်ပုံငွေ ကျပ် ဘီလီယံ ၁၀၀ တည်ထောင်ရန် စီစဉ်ထားသည်။

ကူးစက်ရောဂါမှ စီးပွားရေး ပြန်လည် နာလန်ထူရန် အတွက် GDP ၏ ၅ ရာခိုင်နှုန်း သုံးစွဲရန် အစိုးရက ပြင်ဆင်နေကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန (MOPFI) ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက မေလ အတွင်းတွင် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏ GDP က  အမေရိကန်ဒေါ်လာ၇၀ ဘီလီယံကျော်ရှိ သည့်အတွက် လှုံ့ဆော်ရေး အားထုတ်မှု အ နေဖြင့် တိုင်းပြည်က ဒေါ်လာ ၃-၃.၅ ဘီလီယံ သုံးစွဲရန် ဒုတိယ ဝန်ကြီးက မျှော်လင့်ထားသည်။

စီးပွားရေး ကုစားရေး အစီအစဉ်အတွက် အစိုးရအနေဖြင့် ကျပ်ငွေ ဘီလီယံ ရာနှင့် ချီ၍ လိုအပ်မည်ဟု ခန့်မှန်းထားပြီး လက်ရှိတွင် အသေးစိတ် အချက်အလက်များကို အစိုးရဌာနများ ကြားတွင် ဆောင်ရွက် နေသည် MOPFI က ပြောသည်။

စီးပွားရေးလုပ်ငန်း အများအပြားက အစိုးရ၏မူဝါဒများနှင့် ၎င်းတို့အား ထောက်ပံ့ရန် အစီအစဉ်များကို သတိမထားမိကြဟု တွေ့ရှိချက်များအပေါ်အခြေခံ၍ စစ်တမ်းက ဆိုသည်။ အစိုးရအနေဖြင့် ရရှိသင့်သော စီးပွားရေး လုပ်ငန်းများအားလုံး သတိပြုမိစေရေး သေချာစေရန် အဆိုပါမူဝါဒများကို အများပြည်သူသိရှိအောင် ပြုလုပ်ရေးအတွက် ပိုမို အားထုတ်သင့်ကြောင်းလည်း ပြောသည်။

ထို့ပြင် အစိုးရအနေဖြင့် ထောက်ပံ့ရေး အစီအစဉ်များ သို့မဟုတ် မူဝါဒများ ရရှိ သိရှိ ရေး ဆိုင်ရာ လုပ်ထုံးလုပ်နည်းများက အလွန်အမင်း ရှုပ်ထွေးခြင်း မရှိစေရေး သေချာစေသင့်ကြောင်းလည်း စစ်တမ်းတွင် အကြံပြု ထားသည်။

စီးပွားရေးလုပ်ငန်းများနှင့် တိုက်ရိုက်ဆက်ဆံသော အစိုးရတာဝန်ရှိသူများက မူဝါဒများနှင့် အစီအစဉ်များ နှင့် ပတ်သက်၍ သူတို့ ကိုယ်တိုင် လုံလောက်သော နားလည် သဘောပေါက်မှု မရှိပါက စီးပွားရေးလုပ်ငန်းများ အနေဖြင့် အဆိုပါ စီးပွားရေး မူဝါဒများ ထံမှ အကျိုးအမြတ် မရရှိနိုင်သည့် အန္တရာယ်ရှိသည်ဟု စစ်တမ်းက ဆိုသည်။ ရှေ့ တန်းတွင် ရှိနေသော အစိုးရ အရာရှိများ အနေဖြင့် မူဝါဒများနှင့် အစီအစဉ်များကို ပွင့်လင်းမြင်သာမှုရှိစွာ အသုံးချနိုင်ရေး သေချာစေရန် အတွက် သင့် လျော် လုံလောက်ပြီး ရှင်းလင်းသော ဆုံးဖြတ်ချက် ချမှတ်နိုင်သည့် အခွင့်အာဏာရှိခြင်းနှင့် အတူ မူဝါဒများနှင့် အစီအစဉ်များနှင့် ပတ်သက်၍ ကောင်းစွာ နားလည် သဘောပေါက်မှု ရှိထားသင့်ကြောင်း စစ်တမ်းက အကြံပြုခဲ့သည်။

သွားလာ လှုပ်ရှားမှု ကန့်သတ်ချက်များ ဖြေလျှော့ခြင်းနှင့် COVID-19 နှင့် သက်ဆိုင်သည့် အခြား ဆောင်ရွက်မှုများက စီးပွားရေးလုပ်ငန်းများ၏ အခြေအနေကို ပိုမိုကောင်းမွန် စေလိမ့်မည် ဖြစ် သော်လည်း စီးပွားရေးလုပ်ငန်းများ အတွက် ထိခိုက် ပျက်စီးမှုမှ အပြည့်အဝပြန်လည် နာလံထူရေး အချိန်ကြာမြင့်လိမ့်မည် ဖြစ်ပြီး ပြန်လည်ဖွင့်လှစ်ပြီး နောက်ပိုင်းမှာပင် သူတို့၏ ရှင်သန်ရပ်တည်ရေးက အန္တရာယ်ရှိနေဆဲဖြစ်သည်ဟု စစ်တမ်းက ပြောသည်။

တိုင်းပြည်မှ စီးပွားရေး လုပ်ငန်းများ၏ အခြေအနေကို အနီးကပ် စောင့်ကြည့်ရန်လည်း အစိုးရကို စစ်တမ်းက တိုက်တွန်းထားသည်။

(Nan Lwin ၏ Two-Thirds of Myanmar Businesses Struggle to Survive Pandemic: Survey ကို ဘာသာပြန်သည်။)

You may also like these stories:

အသေးစား၊ အလတ်စားလုပ်ငန်းများအတွက် ကျပ် ၆၄ ဘီလီယံ ထုတ်ချေးမည်

မြန်မာ့ခရီးသွားလုပ်ငန်း New Normal ဖြင့် ပြန်လည် စတင်မည်

LNG သင်္ဘော ရောက်လာခဲ့သော်လည်း

Did you find apk for android? You can find new Free Android Games and apps.
Loading