မန္တလေးမြို့နှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၏ မြို့တော်ကူမင်းကို ဆက်သွယ်မည့် တရုတ်အစိုးရ၏ ရည်မှန်းချက်ကြီးသော ရထားလမ်းစီမံကိန်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံက ကျောထောက် နောက်ခံပေးထားသည့် လေ့လာမှုကို စိစစ်သုံးသပ်ရန် ဆွစ်ဇာလန်ကုမ္ပဏီ တခုထံမှ အကူအညီ ရရှိကြောင်း မြန်မာအစိုးရက ပြောသည်။
ပြီးခဲ့သည့်အပတ် နေပြည်တော်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မြန်မာ့မီးရထား ဦးဆောင် ညွှန်ကြားရေးမှူး ဦးဘမြင့်က ဆွစ်ဇာလန် ကုမ္ပဏီသည် China Railway Eryuan Engineering Group (CREEG) မှ တင်ပြထားသော မူဆယ် – မန္တလေး လျှပ်စစ် ရထားလမ်း အတွက် ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှုအား စိစစ်သုံးသပ်ရန် တတိယ အဖွဲ့အစည်း (third party) တခု အဖြစ် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဦးဆောင် ညွှန်ကြားရေးမှူးက ဆွစ်ဇာလန် ကုမ္ပဏီ၏ အမည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း ကုမ္ပဏီက ပြန်လည် သုံးသပ်ရေး အတွက် သူတို့၏ကိုယ်ပိုင် ကုန်ကျစရိတ်အားလုံးကို ကျခံလိမ့်မည်ဟု ပြောသည်။
အမေရိကန် ဒေါ်လာ ၈.၉ ဘီလီယံ တန်ဖိုးရှိသော မူဆယ် – မန္တလေး ရထားလမ်း စီမံကိန်းသည် တရုတ် အစိုးရ၏ မဟာ အာရှ – ပစိဖိတ် အခြေခံ အဆောက်အဦး အစီအစဉ် ဖြစ်သော ခေတ်သစ်ပိုးလမ်းမ Belt and Road Initiative (BRI) ၏ အစိတ်အပိုင်း ဖြစ်သော တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် China Myanmar Economic Corridor (CMEC) ၏ ကျောရိုး အစိတ်အပိုင်း ဖြစ်သည်။ မူဆယ် – မန္တလေး ရထားလမ်းသည် စီးပွားရေးစင်္ကြန်၏ အဓိကအစိတ်အပိုင်း တခုဖြစ်ပြီး ယူနန်ပြည်နယ်မှ တရုတ်နယ်စပ်မြို့ရွှေလီရှိ တရုတ် ရထားလမ်းကွန်ယက်နှင့် ဆက်သွယ် ပေးလိမ့်မည်ဟု မျှော်လင့်ထားသည်။
အဆိုပါ ရထားလမ်းသည် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူကို ရှမ်းပြည်နယ်ရှိ မူဆယ်မှ တဆင့် ကူမင်းနှင့် ဆက်သွယ်ရန် ရည်ရွယ်ထားသည့် မဟာဗျူဟာကျသော တရုတ် – မြန်မာ နှုန်းမြင့်ရထားလမ်း၏ ကနဦး အစိတ်အပိုင်းဖြစ် သည်။
၂၀၁၁ ခုနှစ်တွင် တရုတ်အစိုးရနှင့် မြန်မာအစိုးရတို့က မူဆယ်မှ တဆင့် ရွှေလီနှင့် ကျောက်ဖြူကို ဆက်သွယ်မည့် ရထားလမ်းတခု ဖောက်လုပ်ရန် နားလည်မှုစာချွန်လွှာ (MOU) ကို ပထမဆုံး လက်မှတ်ရေးထိုးခဲ့သည်။ ရထားလမ်း တခုလုံးက ၈၁၀ ကီလိုမီတာ ရှည်လျားသည်။ သို့ သော်လည်း ထိုစဉ်က သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရက ဒေသတွင်းမှ ပြင်းထန်သော ကန့်ကွက်မှုများနှင့် အတိုးနှုန်း၊ ဝင်ငွေခွဲဝေမှု နှင့် လုံခြုံရေး အပါအ၀ င် မမျှတ သော စည်းကမ်းချက်များ အပေါ် စိုးရိမ်မှုများကြောင့် စီမံကိန်းကို ဆိုင်းငံ့ခဲ့သည်။ ထို သဘောတူညီချက်က ၂၀၁၄ ခုနှစ်တွင် သက်တမ်းကုန်ဆုံးသွားခဲ့သည်။
၂၀၁၈ ခုနှစ်တွင် CREEG (ယခင် China Railway Group Ltd.ဟု သိကြသည် ) နှင့် မြန်မာ့ မီးရထားတို့က ဖြစ်နိုင်ခြေ လေ့လာမှုကို စတင်ရန် နားလည်မှုစာချွန်လွှာ တခုကို လက်မှတ်ရေးထိုးခဲ့သည်။ CREEG က ပြီးခဲ့သည့် နှစ် ဧပြီလက တရုတ်အစိုးရ၏ ဒုတိယမြောက် BRI ဖိုရမ် အတွင်းတွင် မြန်မာအစိုးရသို့ တင်ပြခဲ့သည့် လေ့လာမှု၏ ကုန်ကျစရိတ်ကို ကျခံ ပေးခဲ့သည်။ အဆိုပါ လေ့လာမှုတွင် လမ်းကြောင်းများအတွက် ဦးတည်ရာနှင့် တည်နေရာ အနေအထား (alignment) အတိုင်းအထွာများ၊ ဘူတာအရေအတွက်၊ ရေနမူနာများနှင့် မြေကြီး၊ ကျောက်စရစ်နှင့်မြေဆီလွှာ စမ်းသပ်မှုများ ပါဝင်သည်။
“ဆွစ်ဇာလန်ကုမ္ပဏီက ရထားလမ်းလမ်းကြောင်းတွေ၊ alignment တွေနဲ့ သတ်မှတ်ချက် တွေ အပါအဝင် ဖြစ်နိုင်ခြေ လေ့လာမှုရဲ့ အသေးစိတ်ကို စစ်ဆေးပါလိမ့်မယ်။ သူတို့က (တရုတ်ဘက်က တွက်ချက်ထားတဲ့) ကုန်ကျစရိတ်က ဖြစ်နိုင်ခြေ ရှိ/မရှိ ဆိုတာကိုလည်း ဆန်းစစ်ပါလိမ့်မယ်” ဟု ဦးဘမြင့် က ပြောသည်။ “မြန်မာဘက်မှာ ဆိုးဆိုးဝါးဝါး ဖြစ်နိုင်စရာ ရှိ မရှိ ကိုလည်း သူတို့က သေသေချာချာ စစ်ဆေးသွားမှာ ဖြစ်ပါတယ်”
“တကယ်လို့ ကျနော်တို့ အတွက် အကျိုးဖြစ်မယ်ဆိုတာကို တွေ့ခဲ့ရင် ကုမ္ပဏီက နောက်ဆုံး ဆုံးဖြတ်ချက်ချဖို့ သက်ဆိုင်ရာ ကော်မတီတွေဆီကို လွှဲပြောင်းပေးမယ်။ (မြန်မာအစိုးရဘက်က) သက်ဆိုင်ရာ အားလုံးက သုံးသပ်ပြီးရင် ဒီစီမံကိန်းကို ရှေ့ဆက်သင့်တယ်လို့ ကျနော်တို့ကို အကြံပြုခဲ့တယ်ဆိုရင် ကျနော်တို့က ဒီ စီမံကိန်းကို ရှေ့ဆက် ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ဦးဘမြင့်က ဆက် ပြောသည်။
“တကယ်လို့ စီမံကိန်းက တိုင်းပြည်အတွက် ဆိုးရွား စေမယ်ဆိုရင် ကျနော်တို့က ဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့ လုံးဝ အစီအစဉ် မရှိပါဘူး” ဟုလည်း ပြောသည်။
စီမံကိန်းကြောင့် တရုတ် ရွှေ့ပြောင်းအခြေချသူများ ဝင်ရောက်လာခြင်း၊ မြေယာသိမ်းမှုများ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် အရင်းအမြစ်များ ဆုံးရှုံးခြင်းနှင့် ပတ်သက်၍ ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုများက လတ်တလောတွင် ပိုမို များပြားလာခဲ့သည်။ ထိုစိုးရိမ်မှုများနှင့် ပတ်သက်၍ ဦးဘမြင့်က“ ဒီအချက်ကို သေချာအောင် ကျနော် ပြောပါရစေ။ တိုင်းပြည်အတွက် ထိခိုက်နစ်နာမှု ဖြစ်စေမယ့် အရာမှန်သမျှကို ရှောင်ရှားနိုင်ဖို့ ကျနော်တို့ ဂရုတစိုက် စဉ်းစားဆုံးဖြတ်သွားမှာပါ” ဟု ပြောကြားခဲ့သည်။
မြန်မာ့မီးရထား၏အဆိုအရ မြန်မာပညာရှင်များက ဖြစ်နိုင်ခြေလေ့လာချက်နှင့် ပတ်သက်၍ ၎င်းတို့၏ ထင်မြင်ချက်များကို CREEG သို့ ပြန်လည်ပေးပို့ ထားပြီးဖြစ်သည်။ ယခုနှစ် အစောပိုင်းက တရုတ်သမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ၂ ဖက်လုံးက မူဆယ် – မန္တလေး ရထားလမ်း စီမံကိန်း ဖြစ်နိုင်ခြေ လေ့လာမှုနှင့် ပတ်သက်သော စာချွန်လွှာများ ဖလှယ်ခဲ့ကြသည်။
မူဆယ်မြို့သည် ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံ၏ နယ်စပ်တွင် တည်ရှိပြီး ၂ နိုင်ငံကြားမှ အကြီးဆုံး ကုန်သွယ်ရေး ဝင်ပေါက်နှင့် ထွက်ပေါက် ဖြစ်သည်။ မန္တလေးမြို့သည် မြန်မာနိုင်ငံ အလယ်ပိုင်း၏ ကူးသန်းရောင်းဝယ်ရေး ဗဟိုအချက်အချာ ဖြစ်သောကြောင့် ရထားလမ်းက တရုတ် – မြန်မာ ကုန်သွယ်ရေးအတွက် အသက်သွေးကြောတခု ဖြစ်လာနိုင်သည်။
၄၃၁ ကီလိုမီတာ ရှည်သော ရထားလမ်းသည် တနာရီလျှင် ၁၆၀ ကီလိုမီတာနှုန်းဖြင့် မောင်းနှင်နိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ မန္တလေးမှ မူဆယ်သို့ ရောက်ရှိရန် ၃ နာရီသာ သွားရမည် ဖြစ်သည်။ လက်ရှိတွင် မန္တလေး မှ မူဆယ်သို့ လားရှိုးမှ တဆင့်နှင့် ပြည်ထောင်စု လမ်းမကြီးနှင့် ဆက်သွယ်ထားသည်။ ပုံမှန်အားဖြင့် ၈ နာရီ ကျော်ကြာ မောင်းနှင်ရသည်။
ဝေဖန်သူများက စီမံကိန်းသည် မြန်မာနိုင်ငံကို ပြန်ဆပ်ရန် မလွယ်ကူသော ကြွေးမြီများ ကြောင့် ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်ပြီး ရထားလမ်းသည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေသော ဇုန်များမှ ဖြတ်သန်းသွားသောကြောင့် စီမံကိန်း ဧရိယာအတွင်း လက်နက်ကိုင် ပဋိပက္ခများ ပိုမိုဖြစ်ပေါ်စေနိုင်သည့် အပေါ် စိုးရိမ်ပူပန်မှုများကို ထုတ်ဖော် ပြောဆိုခဲ့သည်။
ရထားလမ်း တလျှောက်မှ ဒေသခံပြည်သူအများစုက စီမံကိန်း၏ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှု လေ့လာဆန်းစစ်မှုနှင့် ပတ်သက်၍ သူတို့ကို အပြည့်အ၀ တိုင်ပင်ဆွေးနွေးခြင်း မပြုခဲ့ ကြောင်း ပြောကြသည်။ သူတို့ အနေဖြင့် အတင်းအဓမ္မ နေရာ ရွှေ့ပြောင်းခံရခြင်း၊ လယ်ယာမြေသိမ်းဆည်းမှုများ၊ ရေအရင်းအမြစ်များ ဆုံးရှုံးခြင်းနှင့် စီမံကိန်း၏ လူမှုရေးဆိုင်ရာသက်ရောက်မှုများ အပေါ် ပိုမိုစိုးရိမ် လာကြသည့်တိုင် စီမံကိန်းနှင့် ပတ်သက်၍ တိကျသော သတင်း အချက်အလက်များ သူတို့ မရရှိခဲ့ကြကြောင်း ဒေသခံများကပြောသည်။
(Nan Lwin ၏ Myanmar Pulls Swiss Firm to Scrutinize China’s BRI Project ကို ဘာသာပြန်သည်။)
You may also like these stories:
စီးပွားရေးစင်္ကြံစီမံကိန်း အရှိန်အဟုန်မပြတ် ဆောင်ရွက်ရန် တရုတ် တွန်းအားပေး
ရန်ကုန်မြို့သစ်စီမံကိန်း ရှေ့ဆက်မည်ဟု NYDC CEO ပြော
ပို၍ ကောင်းမွန်နိုင်သည့် Covid-19 အရေးပေါ်စီးပွားရေးကုစားမှု အစီအစဉ်အတွက် စဉ်းစားချက်များ