Embraer 190 အမျိုးအစား ဂျက်လေယာဉ် ရှေ့ဘီးမချဘဲ မန္တလေးတွင် ဆင်းရခြင်းမှာ ပြုပြင်ထိန်းသိမ်းမှု ညံ့သောကြောင့်ဟု မြန်မာနိုင်ငံမှ စုံစမ်းစစ်ဆေးသူများက ယုံကြည်ကြကြောင်း လေကြောင်းဆိုင်ရာ သတင်းဝက်ဘ်ဆိုက် flightglobal.com က ရေးသားလိုက်သည်။
ပြီးခဲ့သည့်နှစ် မေလ ၁၂ ရက်နေ့ တွင် ရန်ကုန်မှ ထွက်ခွာလာသည့် မြန်မာအမျိုးသား လေကြောင်းလိုင်း (Myanmar National Airline-MNA) မှ ဂျက်လေယာဉ် (XY-AGQ) သည် မန္တလေးလေဆိပ် လေယာဉ်ပြေးလမ်း ၁၇ တွင် ဆင်းသက်စဉ် ၎င်း၏ ရှေ့ ပိုင်း လေယာဉ် ကိုယ်ထည် အောက်ပိုင်း၊ ရှေ့ဘီး တံခါး၊ လေယာဉ် ခေါင်းခန်းအောက်ပိုင်းမှ ဝင်ပေါက်နှင့် အခြားစနစ်များ အကြီးအကျယ် ပျက်စီးခဲ့သည်။
လေယာဉ်ပေါ်တွင် လိုက်ပါလာသူ ၈၉ ဦး အနက် မည်သူမျှ ထိခိုက်ဒဏ်ရာ မရရှိခဲ့ပါ။
မှတ်တမ်းတင်ထားသည့် လေယာဉ် ပျံသန်းရေး အချက်အလက်များကို လေ့လာဆန်းစစ်မှု အရ ရန်ကုန်မှ ပျံတက်သည့်အချိန်တွင် ရှေ့ဘီးနှင့် အဓိက ဆင်းသက်သည့် နောက်ဘီးများ၏ အာရုံခံကိရိယာများက အလုပ်လုပ်ပုံ မှန်ကန်ကြောင်း true ဟု မှတ်ပုံတင်ထားကြောင်း ဖော်ပြခဲ့ကြောင်း သိရသည်။

သို့သော်လည်း ဘီးများကို ပြန်လည်ရုပ်သိမ်းရန် ညွှန်ကြားချက် ပေးအပြီးတွင် ရှေ့ဘီးခလုတ်မှ သင်္ကေတက ‘မှားယွင်းသည်’ (false) ဟု ပြန်ပြောင်းသွားခဲ့ကြောင်း ဆိုသည်။
အထုတ်အသွင်း ပြုလုပ်စဉ်အတွင်း ရှေ့ဘီး ဂီယာရှိ ရှော့အိတ်ဇောဘားက ကျုံ့ဝင်သွားခဲ့သည် ဆိုသည်ကို ဤအချက်က ပြသနေပြီး၊ ရှေ့ဘီးက သူ၏ လွှဲထွက်နေကျ လမ်းကြောင်းမှ လည်ထွက်မသွားအောင် ထိန်းထားပေးသည့် cam နှင့် လုံလုံလောက်လောက်ပင် ကင်းလွတ်သွားစေခဲ့သည်။
မြန်မာနိုင်ငံ၏ လေယာဉ် မတော်တဆမှု ဆိုင်ရာ စုံစမ်းစစ်ဆေးရေးဗျူရိုက ရှေ့ဘီးသည် ၎င်း၏ ဗဟိုနေရာမှ ချော်ထွက်သွားခဲ့ပြီး ၂၀ ဒီဂရီ ခန့် စောင်းနေခဲ့သည်ဟု ပြောကြားခဲ့သည်။
၎င်းသည် ခရီးစဉ် တလျှောက်လုံးတွင် ထိုနည်းအတိုင်း တည်ရှိနေခဲ့သည်။ အကယ်၍ ရှေ့ဘီးသည် ၎င်း၏ လွှဲလမ်းကြောင်းအတွင်း ၈ ဒီဂရီထက်ကျော်၍ လည်သွားခဲ့ပါက ကွင်းဆင်းရန် ဘီးချသည့်အချိန်တွင် ၎င်း၏ လွှဲလမ်းကြောင်း အတွင်းမှ ထွက်လာရန် လုံလောက်သော လမ်းကြောင်း ရှင်းလင်းမှု မရှိတော့ကြောင်း စုံစမ်းစစ်ဆေးမှုက ထောက်ပြခဲ့သည်။
ရလဒ်အနေဖြင့် မန္တလေး လေဆိပ်သို့ ချဉ်းကပ်လာချိန်တွင် လေယာဉ်ဝန်ထမ်းများက ဘီးချရန် ကြိုးစားသောအခါ ရှေ့ဘီးက ကပ်နေသည့် အနေအထား ဖြစ်လာသည်။
လေယာဉ်ပျံသန်းမှု မှတ်တမ်း အချက်အလက်များကို လေ့လာချက်အရ ယခင် လေယာဉ်ခရီးစဉ် ၂၃ ခုတွင် ရှေ့ဘီးကို ပြန်လည်ရုပ်သိမ်းလိုက်သောအချိန် ဘီးအတင်အချ ခလုတ်မှ သင်္ကေတက ‘true’ မှ ‘false’ သို့ အလားတူ ဖော်ပြ ခဲ့ကြောင်း သိရသည်။
“ဒီခရီးစဉ် အားလုံးမှာ ဘာမှ မဖြစ်ဘဲ မောင်းနှင်ခဲ့နိုင်ပေမယ့် ရှေ့ဘီးက ကန့်သတ်ချက်ထက် ကျော်လွန် လည်ထွက်သွားပြီး ဘီးချတဲ့အချိန် ကပ်နေနိုင်တဲ့ အန္တ ရာယ် ရှိနိုင်ခဲ့ပါတယ်” ဟုအဆိုပါ စုံစမ်းရေးကော်မရှင်က ဆို ကြောင်း သတင်းတွင် ဖော်ပြသည်။

လေယာဉ်သည် ယခင်ကလည်း ဘီးချသည့် စနစ်နှင့် ပတ်သက်၍ အမှားအယွင်းရှိကြောင်း သတင်းပေးပို့မှုကြောင့် ပြင်ဆင်ရန် ကြိုးပမ်းသည့် အနေဖြင့် ရှေ့ဘီး ပြင်ဆင်ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့ကြောင်းလည်း ဖော်ပြသည်။
အမှားအယွင်း ရှိကြောင်း အချက်ပြမှုက အဆိုပါလေယာဉ်သည် မတော်တဆမှု မဖြစ်မီ ၄ ရက်အလို မေလ ၈ ရက်နေ့ကလည်း အလားတူပင် ရန်ကုန်-မန္တလေး ခရီးစဉ် ပြေးဆွဲစဉ် ပေါ်ပေါက်ခဲ့သည်။ ရန်ကုန်သို့ ပြန်လှည့်လာ၍ ရှေ့ဘီး အာရုံခံ ကိရိယာများ ပြုပြင်ထိန်းသိမ်းမှု ပြုလုပ်ပြီးနောက် ၎င်းကို ပြန်လည် ပျံသန်းစေခဲ့သည်။
သို့သော်လည်း မေလ ၁၁ ရက်နေ့တွင် ရန်ကုန်မှ စစ်တွေသို့ ပျံသန်းသည့် အခြား လေယာဉ်ခရီးစဉ်တခုတွင် ပျံမတက်မီအချိန်နှင့် ဘီးပြန်ရုပ်သိမ်းသည့် အချိန်တွင် ရှေ့ဘီးက တုန်ခါနေသည်ဟု လေယာဉ်အမှုထမ်းများက ခံစားခဲ့ရပြီး ညပိုင်းတွင် ထပ်မံပြုပြင်မှုများ ပြုလုပ်ခဲ့သည်။
ပြုပြင်ထိန်းသိမ်းမှု ပြုလုပ်ချိန်တွင် အမှားအယွင်း ရှာဖွေခြင်းကို “စနစ်တကျ လုပ်ဆောင်ခြင်း မရှိ”ဘဲ ရှေ့ဘီး ပြုပြင်ထိန်းသိမ်းမှု ပြုလုပ်ရာတွင် ဆောင်ရွက်မှု ညံ့ဖျင်းခဲ့သည်ဟု စုံစမ်းစစ်ဆေးသူများက ယုံကြည်ကြသည်။
“လေယာဉ်ထုတ်လုပ်သူတွေရဲ့ ပြုပြင်ထိန်းသိမ်းခြင်းနဲ့ ပြဿနာဖြေရှင်းခြင်းဆိုင်ရာ လမ်းညွှန်ချက်တွေကို လိုက်နာရေးက ပြုပြင်ထိန်းသိမ်းရေးအဖွဲ့တွေအတွက် အရေးကြီးကြောင်း ဒီဖြစ်ရပ်က မီးမောင်းထိုးပြနေပါတယ်။ ဒီလို လိုက်နာဆောင်ရွက်ခြင်းက ချို့ယွင်းချက်တွေကို ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်ပြင်ပေးနိုင်ပြီး လေယာဉ်ရဲ့ ဘေးကင်းလုံခြုံမှုဆိုင်ရာ နောက်ဆက်တွဲ အန္တရာယ် တွေကို ဖယ်ရှားပေးပါလိမ့်မယ်” ဟု စုံစမ်းစစ်ဆေးရေး အဖွဲ့က ပြောကြောင်း သတင်းက ဖော်ပြသည်။
ကိုးကား။ ။ flightglobal.com ပါ သတင်းထောက် David Kaminski-Morrow ၏ Myanmar E190 nose-gear jammed after poor maintenance
You may also like these stories:
ကိုရိုနာဂယက် လေကြောင်းလိုင်းတွေ အကျပ်
လေယာဉ် မတော်တဆမှု အတွက် MNA တောင်းပန်
မြန်မာလေကြောင်းလိုင်းများကို အနီးကပ် ကြည့်ရှုခြင်း အပိုင်း – ၁
မြန်မာလေကြောင်းလိုင်းများကို အနီးကပ် ကြည့်ရှုခြင်း အပိုင်း – ၂