စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်အတွင်းရှိ အသေးစား၊ လက်လုပ်လက်စား တရားဝင်ရွှေတူးခွင့် လုပ်ကွက်များ တွင် လုပ်ကိုင်ခွင့်ရရန် ဒေသခံရွှေတူးဖော်သူများက လျှောက်ထားကြသော်လည်း ၂ နှစ်နီးပါး ကြာမြင့်သည်အထိ လုပ်ကိုင် ခွင့် မချထားပေးသဖြင့် အခက်တွေ့နေကြကြောင်း ကာယကံရှင်များထံက သိရသည်။
လက်လုပ်လက်စား ရွှေလုပ်ကွက်လျှောက်ထားသည့် အမည်မဖော်လိုသူ ဒေသခံ ၁ ဦးက “ကိုယ့်မြေပေါ် ကိုယ် လုပ်မယ် ဆိုပြီး အတင်းတောင်း နေတာမှ မဟုတ်တာ။ သူများတရားဝင်ရရင် ကျနော်တို့လည်း ရဖို့လိုတယ်။ လုပ်ကွက်ကြီးတွေ ကိုတော့ ချပေးထားပေးပြီး ကျနော်တို့ လျှောက်တဲ့ အသေးစားတွေက ဘာကြောင့်ကြာနေမှန်း မသိဘူး။ အဲဒီတော့ ခိုးတူးတာတွေ လုပ်လာကြတယ်လေ” ဟု ဧရာဝတီသို့ ပြောသည်။
လူဦးရေ ၁၃၀၀၀၀ ဝန်းကျင်ရှိသည့် ဗန်းမောက်မြို့နယ်တွင် ကတူး၊ ကနန်းနှင့် ရှမ်းနီလူမျိုးအများစု နေထိုင်ပြီး ယခင်က တည်းက ရွှေတူးဖော်ရေးလုပ်ငန်းဖြင့်သာ အသက်မွေးဝမ်းကြောင်း ပြုခဲ့ကြကြောင်း၊ အသေးစားနှင့် လက်လုပ်လက်စား ရွှေတူးဖော်ခွင့် တရားဝင် ရရှိရန် သက်ဆိုင်ရာ အာဏာပိုင်များထံသို့ တင်ပြ လျှောက်ထားခဲ့သည်မှာ ၂၀၁၈ ခုနှစ် ကတည်း က ဖြစ်သော်လည်း လုပ်ကွက်အနည်းငယ်မှ လွဲ၍ ထပ်မံချထားပေးခြင်း ယနေ့အထိ မရှိကြောင်း ဒေသခံ ရွှေတူးဖော်သူများထံက သိရသည်။
လက်ရှိ ဗန်းမောက်မြို့နယ်တွင် အသေးစား ရွှေတူးဖော်ခွင့် လုပ်ကွက် ၂၇ ကွက်ချထားပေးပြီး ကျန်သည့် လုပ်ကွက် ၁၀ဝ ကျော်ကိုလည်း အမြန်ဆုံးချထားပေးနိုင်ရန် စိစစ်ဆောင်ရွက်နေဆဲဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးမင်းက ဆိုသည်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သစ်တော၊ သယံဇာတနှင့် သတ္ထုတွင်းဝန်ကြီး ဦးလာလ်ထောင်ထန်းကလည်း “ကြန့်ကြာတယ် ဆိုတာက သူတို့လျှောက်လာရင် ဌာန ဆိုင်ရာ က အဲဒီလုပ်ကွက်တွေကို ပြန်တိုင်းရတယ်။ ပြန်တိုင်းတဲ့ ကိစ္စမှာ ဒေသခံတွေ ကန့်ကွက်လား၊ မကန့်ကွက်လား။ နောက်ပြီး စိုက်ပျိုးမြေတို့၊ သုဿန်မြေတို့၊ သစ်တောမြေလား ဘာလားဆိုတာ ဌာနပေါင်းစုံနဲ့ ပြန်ပြီး စိစစ်ရတယ်။ သူတို့တင်မှ ကျနော်တို့က ချပေးလု့ိရတာ ကြိုက်သလို ချထားပေးလို့ မရဘူး။ အဲဒါတွေ အားလုံးပြည့်စုံရင်တောင် နောက်ဆုံး ပြန်တိုက်ပြီးမှ ကက်ဘိနက် ကို တင်ရတယ်။ ကန့်ကွက်တာ တွေလည်းရှိတယ်။ အဲဒီလို အခက်အခဲပေါင်းစုံ ရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။
တိုင်းဒေသကြီး တခုလုံးအနေဖြင့် အသေးစား ရွှေတူးဖော်ခွင့် လျှောက်ထားသူ ဦးရေမှာ ထောင်ဂဏန်းရှိသဖြင့် အချိန်ယူစိစစ်နေရကြောင်း၊ ရွှေခိုးတူး ခြင်းကြောင့် နိုင်ငံဝင်ငွေလည်း ဆုံးရှုံးနိုင်သည့်အတွက် အမြန်ဆုံးချပေးနိုင်ရန် ကြိုးစားနေကြောင်း ၎င်းက ရှင်းပြသည်။
ဗန်းမောက်မြို့နယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေကမူ အသေးစား ရွှေတူးခွင့်ရရေး အတွက် ၂၀၁၈ ခုနှစ်ကတည်းက လွှတ်တော်သို့ တင်ပြတောင်းဆိုခဲ့သော်လည်း ဆောင်ရွက်နေပါသည်ဆိုသည့် အဖြေမှလွဲ၍ တိကျသည့်အဖြေမရခဲ့သဖြင့် လာမည့် တတိယအကြိမ် လွှတ်တော်ခေါ်မည့်အချိန်တွင် ထပ်မံမေးခွန်းထုတ်တင်ပြရန် စီစဉ်ထားသည်ဟု သိရသည်။
လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေက “ကျနော်တို့ဒေသအတွင်းကျတော့ ဒီလိုလုပ်ကွက်ရဖို့က လိုအပ်တယ်။ ဘာလို့ လည်းဆိုတော့ ဒီရွှေတူးတဲ့ လုပ်ငန်းက ရိုးရာလိုဖြစ်နေတယ်။ အခုလို ချမပေးဘူးဆိုရင် တရားမဝင်လုပ်ငန်းတွေက ရှိနေဦးမှာပဲ။ ဒါကို ဖမ်းမယ် ဆိုရင်လည်း ၄၊ ၅ ရက်ဆို ပြန်လွှတ်ကြမှာပဲ။ အဲဒီတော့ ကျနော်တို့ဆီမှာ ရွှေတူးဖော်ခွင့်ကို တရားမဝင် မလုပ်ပါနဲ့ ဆိုတာ ဘယ်လောက်ပဲ ပညာပေးတားမြစ်တာတွေ လုပ်ပေမယ့် မလိုက်နာကြဘူး”ဟု ပြောသည်။
အသေးစား ရွှေတူးခွင့်ရရေးအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗန်းမောက်မြို့သို့ ရောက်ရှိ စဉ်ကလည်း စာဖြင့် တင်ပြခဲ့သော်လည်း အကြောင်းပြန်စာ မရခဲ့ကြောင်း၊ လက်ရှိတွင် ရွှေတူးဖော်ရေး ကုမ္ပဏီကြီးများက လုပ်ကွက်ကြီးများဖြင့် လုပ်ကိုင်နေကြပြီဖြစ်ရာ ဒေသခံ ရွှေတူးဖော်သူများကလည်း အသေးစား တူးဖော်ခွင့် အမြန်ဆုံး ရရှိလိုခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းတွင် ရွှေတူးဖော်ခြင်းလုပ်ငန်းကို ဝန်းသို၊ ကောလင်း၊ ပင်လည်ဘူး၊ ဟုမ္မလင်းမြို့နယ်တို့တွင် အများ ဆုံးလုပ်ကိုင်ကြပြီး တရားဝင် ရွှေတူးဖော်ခွင့်ရရှိရန် လက်လုပ်လက်စား၊ အသေးစား၊ အလတ်စားများ အပါအဝင် လုပ်ကွက် လျှောက်ထားသူ ၂၀၀၀ ခန့် ရှိသည်ဟု စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။
ယခုနှစ် အစပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ကော်မတီနှင့် မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ် အဖွဲ့ အစည်း (MATA) တို့ရဲ့ စစ်ကိုင်းတိုင်း တာဝန်ခံအဖွဲ့တို့၏ ကွင်းဆင်း ပူးပေါင်းလေ့လာတွေ့ရှိချက် အစီရင်ခံစာတွင် တိုင်းဒေသကြီး ရွှေလုပ်ကွက် စိစစ်ချထားပေးရေးအဖွဲ့သည် သတ်မှတ်ချိန်အတွင်း လိုင်စင်ချထားပေးနိုင်ခြင်း မရှိ၊ ကြီးကြပ် အုပ်ချုပ်နိုင်ခြင်း မရှိခြင်းများကြောင့် တရားမဝင်လုပ်ကွက် ထောင်နှင့် ချီ၍ မြေပြင်တွင် လုပ်ကိုင်နေကြသည်ဟု ဖော်ပြထားသည်။
ထို့အပြင် လိုင်စင်လျှောက်ထားမှု လုပ်ငန်းအဆင့်ဆင့်တွင် အဂတိ လိုက်စားမှု အကြီးမားဆုံး တွေ့ရှိနေရကာ ရွှေတူးဖော်မှု တွင် အသုံးပြုတဲ့ ပြဒါးသုံးစွဲမှု ဗဟုသုတ မရှိ၊ အသေးစားလုပ်ငန်းများတွင် သုံးသည့် စက်ယန္တရားများက သတ်မှတ် မြင်း ကောင်ရေထက် ပိုသုံးခြင်း၊ တရားဝင် စီမံကိန်းဖြစ်စေ၊ တရားမဝင် စီမံကိန်းဖြစ်စေ တဆင့်ခံ လုပ်ကွက် ချထားပေးရာတွင် မျော ၁ ခုအတွက် အနည်းဆုံး ကျပ်သိန်း ၁ဝဝ မှ ၁၅ဝ အထိ ပေးသွင်းလုပ်ကိုင်နေရပြီး လစဉ် ရွှေကျနှုန်းပေါ် မူတည်ကာ ကျပ် ၅ သိန်းမှ သိန်း ၂ဝ အထိ ကောက်ခံနေခြင်းများ တွေ့ရှိရကြောင်း အဆိုပါ အချက် ၅၃ ချက်ပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဆက်စပ်လင့်-
ဦးစိုးထွန်းရှိန်နှင့်အတူ အမှုဖွင့်ခံထားရသူများ လာရောက်အဖမ်းခံ
စစ်ကိုင်းတိုင်းမှာ တရားမဝင် ရွှေလုပ်ကွက်တွေ ဘာကြောင့် များနေတာလဲ