ကမ္ဘာ့ကပ်ရောဂါ COVID 19 ကြောင့် မြန်မာ့စီးပွားရေးအပေါ် ပြင်းထန်သည့် သက်ရောက်မှု ရှိမည်ဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စီးပွားရေး တိုးတက်မှုနှုန်းသည် ၀ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်ကြောင်း ကမ္ဘာ့ဘဏ်က သတိပေးလိုက်သည်။
ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာခြင်း အစီရင်ခံစာ၏ ယေဘုယျ ခန့်မှန်းအခြေအနေ (Baseline Scenario) အရ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်းက ရှိခဲ့သော မြန်မာ့စီးပွားရေး တိုးတက်နှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်းသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ၀ ဒသမ ၅ ရာခိုင်နှုန်းသို့ ကျဆင်းသွားနိုင်သည်ဟု ဆိုထားသည်။
Covid 19 ကြောင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ တိုးတက်မှုများကို ထိခိုက်စေမည် ဖြစ်ကာ ဆင်းရဲသော အိမ်ထောင်စုများကို ပိုမို ဆင်းရဲတွင်းနက်စေမှု ရေတိုကာလတွင် မြင့်တက်လာနိုင်ပြီး၂၀၂၁-၂၂ ဘဏ္ဍာနှစ်အထိ ကိုဗစ် မတိုင်ခင် ကာ လက အခြေအနေသို့ ပြန်လည် ရောက်ရှိနိုင်မည် မဟုတ်ကြောင်း ကမ္ဘာ့ဘဏ်၏ အစီအရင်ခံစာအရ သိရသည်။
ထို့ပြင် ကပ်ရောဂါ အကျပ်အတည်းသည် ကဏ္ဍအားလုံးကို တပြေးညီ သက်ရောက်ခဲ့ခြင်း မဟုတ်ဘဲ၊ ကန့်သတ်တားဆီးချက်များကြောင့် လုပ်သားများ အသုံးပြုနိုင်မှုကို အကန့်အသတ် ဖြစ်စေခြင်း၊ တရုတ်နယ်စပ်ကုန်သွယ်ရေး ဂိတ်များ ပိတ်ခြင်းကြောင့် စက်မှုထုတ်ကုန် ကုန်ကြမ်းထောက်ပံ့မှု ပြတ်တောက်ခဲ့ခြင်းကြောင့် စက်မှုကုန်ထုတ်လုပ်ရေးသည်၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် ၀ ဒသမ ၂ ရာခိုင်နှုန်းအထိ ကျုံ့သွားနိုင်ကြောင်း ကမာ္ဘ့ဘဏ်က ဆိုသည်။
ပြည်တွင်း ပြည်ပ ဝယ်လိုအား ကျဆင်းမှုသည်လည်း ဆက်လက် တည်ရှိနေမည် ဖြစ်ပြီး အစိုးရ၏၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွက် အခွန်ရငွေသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၆ ရာခိုင်နှုန်းအထိ ကျသွားနိုင်ကြောင်းလည်း ခန့်မှန်းထားသည်။
ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံ ဆိုင်ရာ ဌာနေ ညွှန်ကြားရေးမှူး Ms. Mariam Sherman က “အစိုးရအနေနဲ့ ရည်မှန်းထားတဲ့ အသုံးစရိတ် မျှော်မှန်းချက်တွေကို လိုအပ်သလို ပြောင်းလဲ အသုံးပြုခြင်း၊ စီးပွားရေး လုပ်ငန်းငယ် အများအပြားသို့ တိုးချဲ့ အထောက်အပံ့ပေးခြင်းနဲ့ နွမ်းပါးတဲ့ အိမ်ထောင်စုတွေကို ထောက်ပံ့ပေးခြင်းအားဖြင့် COVID-19 ကြောင့် စီးပွားရေးနှင့် လူမှုရေး ထိခိုက်မှုများကို ကုစားနိုင်ရေး စီမံချက် (CERP) ကို ပိုမို ထိရောက် အောင်မြင် စေနိုင်ပါလိမ့်မယ်” ဟု ပြောသည်။
Covid 19 ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ထားနိုင်သည် ဟူသော ယေဘုယျ ခန့်မှန်းအခြေအနေအရ ကမ္ဘာ့စီးပွားရေး ပြန်လည် ဦးမော့လာမည် ဆိုပါက မြန်မာနိုင်ငံ၏ GDP တိုးတက်နှုန်းသည် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ၇ ဒသမ ၂ ရာခိုင်နှုန်းအထိ ပြန်လည် တိုးတက်လာနိုင်ကြောင်း၊ မြန်မာ့ စိုက်ပျိုးရေးကဏ္ဍသည် အခြားကဏ္ဍများနှင့် နှိုင်းယှဉ်လျှင် ကိုဗစ် ရိုက်ခတ်မှုကို ခံနိုင်ရည်ရှိခဲ့ပြီး သတင်းအချက်အလက် ဆက်သွယ်ရေး နည်းပညာ (ICT) ဖွံ့ဖြိုးလာမှုကြောင့် အီလက်ထရောနစ် ကုန်သွယ်ရေး E-commerce ကို ဖွံ့ဖြိုးလာစေရန် များစွာ အထောက်အကူပြုခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။
စီးပွားရေး လေ့လာသုံးသပ်သူ ဦးခင်မောင်ညို (ဘောဂဗေဒ) က “အခုက စက်ရုံအလုပ်ရုံတွေ ဆောက်လုပ်ရေးလုပ်ငန်း တွေက ပုံမှန် ပြန်မဖြစ်သေးတော့ စားဝတ်နေရေးတွေကတော့ အချိန်ကြာလာတဲ့အမျှ ကြပ်တည်းလာနေပြီ။ ဒါတွေက တော့ ကိန်းဂဏန်းတွေမှာ ရုတ်တရက် ပြမှာမဟုတ်ဘူး လူတွေက ခံစားနေရပြီ” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် အစိုးရ အနေဖြင့် စီးပွားရေး ထိခိုက်မှုအပေါ် ပြန်လည် ကုစားရေးအတွက် စီးပွားရေး လုပ်ငန်းများကို ချေးငွေ ထုတ်ချေးပေးခြင်းနှင့် အခြေခံ လူတန်းစားများကို ထောက်ပံ့ငွေများ ပေးအပ်ခြင်းများ ရှိသော်လည်း ကိုဗစ်ကြောင့် ရိုက် ခတ်မှုဒဏ် ခံစားနေရသော အခြေခံ လူတန်းစားများ၏ စီးပွားရေး လုပ်ငန်းများကို လုပ်သာကိုင်သာရှိအောင် အစိုးရအနေ ဖြင့် ဆောင်ရွက်ပေးသင့်ကြောင်း ၎င်းက ပြောဆိုသည်။
ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာခြင်း အစီရင်ခံစာသည် မြန်မာနိုင်ငံ အစိုးရ၏ တုံ့ပြန်ဆောင်ရွက်မှုများ ဖြစ်သော Covid 19 ရန်ပုံငွေ ထူထောင်ခြင်းနှင့် CERP များကို လေ့လာသုံးသပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
You may also like these stories:
ပို၍ ကောင်းမွန်နိုင်သည့် Covid-19 အရေးပေါ်စီးပွားရေးကုစားမှု အစီအစဉ်အတွက် စဉ်းစားချက်များ
ကိုဗစ်ချေးငွေ ပြန်ဆပ်ကာလ ၁ နှစ် သတ်မှတ်ချက် အစိုးရ ပြန်သုံးသပ်ပေးမည်