ဒုတိယအကြိမ် ကိုဗစ်ကုစားရေး ထပ်တိုး ချေးငွေ ကျပ် ဘီလီယံ ၁၀၀ကို စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ကုန်ထုတ် လုပ်ငန်း နှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းကျောင်းများအား ဦးစားပေး ချေးမည်ဟု COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်း ကော်မတီ၏ လုပ်ငန်းအဖွဲ့ ခေါင်းဆောင် ဦးရဲမင်းဦးက ပြောသည်။
ယခင်က ကိုဗစ်ချေးငွေကို ဦးစားပေးကဏ္ဍအဖြစ် အသေးစားနှင့် အလတ်စား (SME)လုပ်ငန်းများ၊ လက်ခစား လုပ်ငန်းများ (CMP)၊ ဟိုတယ်နှင့် ခရီးသွား စသည့်လုပ်ငန်းများအား ထုတ်ချေးခဲ့ပြီး ဖြစ်သည်။
“ဒုတိယအကြိမ် ချေးငွေမှာတော့ ပထမအသုတ် ထုတ်ချေးပေးခဲ့တဲ့ ကဏ္ဍက လုပ်ငန်းတွေတော့ မပါလာနိုင်တော့ ဘူး။ ဘီလီယံ ၅၀၀ အထိ ထုတ်ချေးဖို့ ရှိတဲ့အတိုင်း အသုတ်တိုင်းမှာ မတူညီတဲ့ ဦးစားပေး လုပ်ငန်းတွေကို ရွေးချယ် ပြီး ချေးပေးသွားမယ်။ အဲဒါဆိုရင် ဘီလီယံ ၅၀၀ ပြည့်သွားတဲ့အခါ ကဏ္ဍအသီးသီးက လုပ်ငန်းအများစုက ချေးငွေ ရရှိ သွားကြမှာ ဖြစ်ပါတယ်” ဟု ဦးရဲမင်းဦးက ပြောသည်။
COVID-19 & Myanmar Economy Past, Present & Future ခေါင်းစဉ်ဖြင့် ဇူလိုင် ၁၂ ရက်က မန္တလေးတိုင်း ကုန် သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း၌ ပြုလုပ်ခဲ့သော စကားဝိုင်း ဆွေးနွေးပွဲတွင် ၎င်းက ထိုသို့ ပြော ကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ချေးငွေ စတင် ထုတ်ချေးမည့်ရက်၊ လုပ်ငန်းကဏ္ဍ အလိုက် အမျိုးအစားများနှင့် ငွေချေးခြင်းအတွက် စည်း ကမ်း သတ်မှတ်ချက်များကို မကြာခင် ရက်ပိုင်းအတွင်း ကြေညာရန် ရှိသည်ဟု ဆိုသည်။
ဆက်လက်၍ ဦးရဲမင်းဦးက “စစ်ဆေးတဲ့ ပုဂ္ဂိုလ်တွေကလည်း ပထမအကြိမ်မှာ အတွေ့အကြုံရှိပြီးသား ဖြစ်တဲ့အတွက် အခုတကြိမ်မှာ မြန်မြန်ဆန်ဆန် စစ်ဆေးလာနိုင်လိမ့်မယ်။ ဒီလိုပဲ လျှောက်ထားတဲ့ ပုဂ္ဂိုလ်တွေကလည်း ဘာတွေ လို အပ်တယ်၊ ဘယ်လိုပုံစံ လျှောက်ထားရမယ် ဆိုတာ သိနေတဲ့အတွက် ဒုတိယအကြိမ် ဘီလီယံ ၁၀၀ က လူတွေ လက် ထဲ မြန်မြန်ဆန်ဆန် ရောက်ပါလိမ့်မယ်” ဟု ပြောသည်။
ကိုဗစ်ကြောင့် ထိခိုက်မှု ရှိခဲ့သည့် စီးပွားရေး လုပ်ငန်းများအား အစိုးရမှ အပေါင်ပစ္စည်း မလိုဘဲ အတိုးနှုန်း ၁ ရာခိုင်နှုန်း ဖြင့် ၁ နှစ်ကာလ ချေးငွေများကို လုပ်ငန်းကဏ္ဍအလိုက် ထုတ်ချေးပေးလျက်ရှိရာ ချေးငွေ လျှောက်ထားရာတွင် လို အပ်သည့် အချက် ၁၀ ချက် သတ်မှတ်ထားကြောင်း သိရသည်။
အဆိုပါ သတ်မှတ်ချက်များ အနက် အဓိကအားဖြင့် ချေးငွေ လျှောက်ထားမည့် စီးပွားရေး လုပ်ငန်းသည် COVID-19 ကြောင့် အမှန်တကယ် ထိခိုက်မှု ရှိနေသော နိုင်ငံသားပိုင် စီးပွားရေး လုပ်ငန်း ဖြစ်ရပြီး လက်ရှိ လည်ပတ် ဆောင်ရွက် နေသည့် လုပ်ငန်း သို့မဟုတ် ယာယီ ရပ်စဲထားပါကလည်း ချေးငွေရရှိပါက ချက်ချင်း ပြန်လည်စတင် လည်ပတ်နိုင် သည့် လုပ်ငန်းဖြစ်ရန်၊ ချေးငွေ လျှောက်ထားသည့် လုပ်ငန်းသည်၂၀၁၈ မတ်လ မတိုင်မီကတည်းက သက်ဆိုင်ရာ ဌာနမှ ခွင့်ပြုချက်၊ လုပ်ငန်း လိုင်စင်ရထားပြီးသည့် လုပ်ငန်း ဖြစ်ရမည် ဖြစ်သလို လွန်ခဲ့သည့် ၂ နှစ်တာ ကာလအတွင်း နှစ်စဉ် ဝင်ငွေရရှိနေသော လုပ်ငန်းဖြစ်ရန်၊ ဝင်ငွေခွန်၊ ကုန်သွယ်ခွန်၊ အထူး ကုန်စည်ခွန် ပေးဆောင်ထားသည့် လုပ် ငန်းဖြစ်ရမည် ဖြစ်သလို ရရှိလာသည့် ချေးငွေအား ဝန်ထမ်းနှင့် လုပ်သားများ လစာပေးရန်နှင့် လက်ရှိ လုပ်ငန်းလည် ပတ်ရန် ကိစ္စအတွက်သာ အသုံးပြုမည့် လုပ်ငန်း ဖြစ်ရမည်ဟု သတ်မှတ်ထားသည်။
မန္တလေးရှိ အဏ္ဏဝါ ရေထွက်ကုန် လုပ်ငန်းမှ ဦးတိုင်းကျော်က “လျှောက်တော့ လျှောက်ကြည့်ရမှာပေါ့။ ကျနော်တို့ဆို နေ့စဉ် တရုတ်ကို ပို့နေရတဲ့ ပို့ကုန် ပမာဏက များရင် သိန်းရာဂဏန်းလောက် အထိ ရှိတယ်။ ဒါပေမယ့် သူတို့က အလုပ်သမား အရေအတွက်ပေါ် မူတည်ပြီး ကြည့်ပေးတာမျိုးထက် Working Capital ကိုလည်း ကြည့်ပြီး စဉ်းစားပေး စေလိုပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ဆီမှာကျ လခစား လုပ်တဲ့သူထက် နေ့စားပြတ် လုပ်တဲ့ လုပ်သား အရေ အတွက်က ပိုများတယ်လေ” ဟု ဧရာဝတီကို ပြောသည်။
ပထမအကြိမ် ကိုဗစ် ချေးငွေ ကျပ် ဘီလီယံ ၁၀၀ အား ဧပြီလမှ ဇွန်လအတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ၊ စား သောက်ဆိုင်၊ စားသောက်ကုန်၊ လူသုံးကုန်၊ အထွေထွေ ကုန်ပစ္စည်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်း ဆိုင်ရာ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများနှင့် လက်ခစား စနစ်ဖြင့် ဆောင်ရွက်သည့် အထည်ချုပ် လုပ်ငန်း များ (CMP) စုစုပေါင်း ၃၃၀၀ ကျော်အား ၇ သုတ် ခွဲ၍ ထုတ်ချေးပြီး ဖြစ်ကြောင်း COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင် သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်း ကော်မတီက သတင်း ထုတ်ပြန်ထားသည်။
အဆိုပါ စကားဝိုင်း ဆွေးနွေးပွဲ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ ဒု ဝန်ကြီး ဦးဗရတ်ဆင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးတင်လတ်နှင့် ရန်ကုန်တိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး/ COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများ အပေါ် ကုစားရေး လုပ်ငန်း ကော်မတီ၏ လုပ် ငန်းအဖွဲ့ ခေါင်းဆောင် ဦးရဲမင်းဦးတို့က COVID 19 ကြောင့် မြန်မာ့ စီးပွားရေး ကဏ္ဍအလိုက် ဆောင်ရွက်နေမှုများ၊ အလားအလာများအား ပြောကြားခဲ့ကြသည်။
ယခုသတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်
ဆက်စပ်ဖတ်ရှုရန်
စီးပွားရေး ထိခိုက်မှု ကုစားရန် ကျပ် ၁၀၀ ဘီလီယံ အစိုးရ ထုတ်ချေးမည်
စတုတ္တအကြိမ်မြောက် အစိုးရချေးငွေ တိုင်းနှင့်ပြည်နယ် လုပ်ငန်းရှင်များကို ဦးစားပေးမည်