တရုတ်နိုင်ငံသည် မြောက်ပိုင်းဒေသများတွင် ရေလွှမ်းမိုးမှုများအတွက် ပြင်ဆင်နေသည်။ တလကျော်ကြာ မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် ဖြစ်ပေါ်လာသည့် ရေလွှမ်းမိုးမှုကြောင့် ကောက်ပဲသီးနှံထုတ်လုပ်မှုလျှော့ကျနိုင်ပြီး စီးပွားရေအရ ယွမ် ဘီလျှံပေါင်းများစွာ ဆုံးရှုံးနိုင်ကြောင်း သိရသည်။
ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ၁၄၁ ဦးသေဆုံးပြီး ပြည်နယ်ပေါင်း ၂၇ ပြည်နယ်မှ လူပေါင်း ၃၈ သန်း ထိခိုက်မှုရှိနေကြောင်း အရေးပေါ်စီမံခန့်ခွဲမှု ဒုတိယဝန်ကြီး Zheng Guoguang ဘေ့ဂျင်းမှ သတင်ထောက်များကို တနင်္လာနေ့တွင်ပြောသည်။ မိုးသည်းထန်စွာရွာ သွန်းသောကြောင့် ဇူလိုင်လ ၉ ရက်နေ့ အထိ ယွမ် ၆၁ ဘီလျံ (ဒေါ်လာ ၈.၇ ဘီလျံ) စီးပွားရေအရ ဆုံးရှုံးကြောင်း ထိုဝန်ကြီးဌာနက လွန်ခဲ့သောအပတ်ကပြောသည်။
တရုတ်နိုင်ငံသည် ရေလွှမ်းမိုးမှုများကြောင့် နှစ်စဉ်ဆုံးရှုံးမှုများ ခံစားရပြီး ကြိုတင်ခန့်မှန်းရန် ပိုမိုခက်ခဲလာသော ရာသီဥတုအခြေအနေကြောင့် ၎င်းတို့ကို စီမံခန့်ခွဲရာတွင် ပိုမိုများပြားသော စိန်ခေါ်မှုများကို ရင်ဆိုင်ရပြီး အထူးသဖြင့် ယခုနှစ်ရွာသွန်းသောမိုးရေချိန်သည် စံချိန်တင်အဆိုးဆုံးသို့ ရောက်နေသောကြောင့် ပိုမိုဆိုးရွားနေခြင်းဖြစ်သည်။ ဇွန်လမှ စတင်ပြီး ယန်စီမြစ်အတွင်း ရေစီးဝင်မှု ၁၉၆၁ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအဆင့်သို့ ရောက်နေပြီး မြစ်ပေါင်း ၄၃၃ ခုတို့သည် သတိထားရမည့်အဆင့်ထက် မြင့်မားနေသည်ဟု တရားဝင် ထုတ်ပြန်သော သတင်းအချက်အလက်များအရ သိရသည်။
“တရုတ်နိုင်ငံဟာ ဇူလိုင်လ နှောင်းပိုင်းနဲ့ သြဂုတ် အစောပိုင်းမှာ ရေလွှမ်းမိုးမှု တားဆီးကာကွယ် ထိန်းချုပ်ရေး အရေးကြီတဲ့ကာလတခုကို ရောက်လာနေပြီ” ဟု ရေအရင်းအမြစ် ဒုတိယဝန်ကြီး Ye Jianchun ပြောသည်။ “မိုးရေချိန်မြင့်မားမှုဟာ မြောက်ပိုင်းကို ရွှေ့သွားပြီး Huai မြစ်နဲ့ မြောက်ပိုင်းက အခြားမြစ်တွေက အချို့နေရာတွေမှာ အကြီးစားရေလွှမ်းမိုးမှုတွေဖြစ် မယ်လို့ ကျနော်တို့ မျှော်လင့်တယ်။
ရေလွှမ်းမိုးမှုကို တိုက်ဖျက်ရန် ပိုမိုအင်တိုက်အားတိုက် ကောင်းမွန်သော အစီအစဉ်များ ချမှတ်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က အရာရှိများကို တိုက်တွန်းသဖြင့် အခြေအနေပြင်းထန်ဆိုးရွားမှုကို မီးမောင်းထိုးပြနေသည်။
ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာတဝန်း ကူးစက်ရောဂါကြောင့် ထိခိုက်ပြီးဖြစ်နေသော တရုတ်အာဏာပိုင်များသည် တရုတ်နိုင်ငံ၏ စီးပွားရေးပြန်လည်နာလန်ထစကာလကို မထိခိုက်စေအောင် လုပ်ရန် ဖိအားပေးခံနေရသည်။ ပထမသုံးလပတ်အတွင် သမိုင်းဝင်သည့် စီးပွားရေးတိုးတက်မှုနှုန်း ၆ ရာခိုင်နှုန်း ဆုံးရှုံးမှု ဖြစ်စေပြီးနောက် လော့ဒေါင်း အစီအမံများဖြေလျှော့ခြင်းနှင့် အတန်အသင့် စီးပွားရေး အကူအညီပေးခြင်းသည် ဒုတိယ သုံးလပတ်အတွင်း အပေါင်းလက္ခဏာဆောင်သော တိုးတက်မှုနှုန်းကို ဖြစ်စေနိုင်သည်။
၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း တရုတ်နိုင်ငံသည် စုစုပေါင်း ယွမ် ၁.၂၉ ထရီလျှံ (ဒေါ်လာ ၁၈၂ ဘီလျံ) ခန့်တန်သည့် အဓိက ရေလုပ်ငန်း စီမံကိန်း ၁၅၀ ကို တွန်းအားပေးရန် စီစဉ်နေသည်။ ထိုစီမံကိန်းများသည် တိုက်ရိုက်နှင့် သွယ်ဝိုက်ရင်းနှီးမြှုပ်နှံမှု ၆.၆ ထရီလျံ ရင်းနှီးမြှုပ်နှံမှုကို ဖြစ်ပေါ်စေပြီး အလုပ်အကိုင် တနှစ်လျှင် ၈ သိန်း ဖန်တီးပေးမည်ဖြစ်ကြောင်း ရေအရင်းအမြစ်ဒုတိယ ဝန်ကြီးပြောသည်။
မကြာသေးမီက ဆယ်စုနှစ်များအတွင်း ရေထိန်းချုပ်မှု စီမံကိန်းများ၊ ဇလဗေဒ စောင့်ကြည့်လေ့လာမှုများနှင့် ခန့်မှန်းမှုများအတွက် ပိုမိုအားထုတ်မှုများနှင့် အာဏာပိုင်များအနေဖြင့် ပိုမိုလျှင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်သည့် အထက်မှအောက်သို့လားသော သဘာ၀ဘေးအန္တရယ် စီမံခန့်ခွဲရေးစနစ်ကြောင့် တရုတ်နိုင်ငံတွင် ရေလွှမ်းမိုးမှုကြောင့် သေဆုံရသည့် အရေအတွက်သည် ကျဆင်းလာသည်။
၁၉၅၀ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ရေလွှမ်းမိုးမှုများကြောင့် လူပေါင်း ၂၈၀၀၀၀ သေဆုံးပြီး အိမ်ပေါင်း သန်း ၁၂၀ ပျက်စီးကာ သီးနှံဟက်တာ ၉.၆ သန်း ပျက်စီးစေခဲ့သည်။ တောင်ပိုင်းပြည်နယ်အချို့မှ အစောပိုင်းရာသီ စပါးများသည် ယခုနှစ်အတွင်း သည်းထန်သော မိုးကြောင့် ရိတ်သိမ်းမရဖြစ်နိုင်သည်ဟု တရုတ်အမျိုးသား မိုလေဝသဌာနက တနင်္ဂနွေနေ့က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖေါ်ပြသည်။
တရုတ်နိုင်ငံသည် မိုးသည်းထန်မှုကိုကိုင်တွယ်ရန် ၁၉၉၈ ခုနှစ်ကထက် ပိုမိုပြင်ဆင်ထားကြောင်း အရေးပေါ် စီမံခန့်ခွဲမှု ဝန်ကြီးဌာနမှ Zheng ပြောသည်။ ထိုစဉ်က တရုတ်နိုင်ငံသည် စံချိန်တင် ရေလွှမ်းမိုးမှုကြောင့် အကြီးအကျယ် ပျက်စီးခဲ့သည်။ ရာသီဥတု ခန့်မှန်းချက်များက ထိုစဉ်က လူ ၄၀၀၀ ကျော်သေဆုံးသကဲ့သို့ အခြေအနေဆိုးမည်မဟုတ်ကြောင်း ပြသနေသည်။
တရုတ်နိုင်ငံက လတ်တလောအာရုံစိုက်နေသော လုပ်ငန်းမှာ ယန်စီမြစ်အောက်ပိုင်းရှိ ဆည်များ၊ တိုင် ရေကန်ကြီး Tai Lake နှင့် အခြားအန္တရာယ်ရှိသော ဒေသများကို စောင့်ကြည့်ရေးဖြစ်သည်။ အစိုးရသည် ရေလွှမ်းမိုးမှု ဒဏ်ခံရနိုင်သော နေရာများမှ လူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေသည်။
ကိုးကား။ ။ Bloomberg
You may also like these stories:
မိုးသည်းထန်းစွာ ရွာနိုင်၍ မြစ်ရေကြီးမှုကို မိုး/ဇလ သတိပေး
ဖားကန့်ဒေသက ၅ နှစ်အတွင်း လူသေဆုံးမှုဖြစ်ရပ်များ
ကန္တာရ ကျိုင်းကောင်အန္တရာယ် မြန်မာစိုးရိမ်ရမလား