အငြင်းပွားဖွယ်ဖြစ်နေသည့် ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းမှာ တရုတ်အစိုးရ၏ ခေတ်သစ်ပိုးလမ်းမ OBOR စီမံကိန်းများနှင့် လုံးဝသက်ဆိုင်မှုမရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် H.E. Mr.Chen Hai က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် ဇူလိုင် ၁၆ ရက်နေ့က တွေ့ဆုံစဉ်ပြောသည်။
ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းသည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ကရင်နယ်ခြားစောင့်တပ်(BGF) ထိန်းချုပ်ရာ ဒေသတွင်တည်ရှိပြီး တရုတ်လုပ်ငန်းစုYatai ကုမ္ပဏီနှင့် BGF ၏ ချစ်လင်းမြိုင်ကုမ္ပဏီတို့ ပူးပေါင်းကာ Myanmar Yatai International Holding Group Co.,ltd အမည်ဖြင့် မှတ်ပုံတင်ကာ ဆောင်ရွက်နေခြင်းဖြစ်ပြီး တရားမဝင်ကျော်လွန်ဆောက်လုပ်မှု၊ လောင်းကစားမှုများဖြင့် ဝေဖန်ခံနေရသည့် စီမံကိန်းတခုဖြစ်သည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ တရုတ်သံအမတ်ကြီးက ပြောသွားပါတယ်၊ သူတို့စီမံကိန်းမှာလည်း မပါဘူး။ လုပ်နေတဲ့သူသည် ကမ္ဘောဒီးယားနိုင်ငံသား တယောက်ဖြစ်တယ်၊ တရုတ်နဲ့လုပ်နေတဲ့ OBOR စီမံကိန်းတွေနဲ့ မဆက်စပ်ပါဘူး။ တပ်မတော် အနေနဲ့ကလည်း ဥပဒေ၊ စည်းမျဉ်းစည်းကမ်း တွေအညီ၊ ကျနော်တို့ဆီကလည်း BGF ဘက်ကလည်းတချို့ ပါဝင်ပတ်သက်နေတယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်လို့ကျ လုပ်ထုံးလုပ်နည်းနဲ့အညီပဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် စီမံကိန်းအနေဖြင့် အရှေ့တောင်အာရှနှင့် ကမ္ဘာအနှံ့အပြားရှိ စီးပွားရေးလ်ုပငန်းများအား ဆွဲဆောင်ရန် ကြိုးပမ်းလျှက်ရှိပြီး စီမံကိန်းအခြေခံအဆောက်အအုံပိုင်းသည် တရုတ်အစိုးရ၏ OBOR ရည်မှန်းချက်နှင့် ကိုက်ညီနေသည့်အတွက် ဆက်စပ်မှုရှိရန် ကြိုးစားခဲ့ခြင်းသာဖြစ်ကြောင်း စီမံကိန်းဖော်ဆောင်နေသည့် Myanmar Yatai International Holding Group ၏ ဒုဥက္ကဌ Mr. Harry Wang က ပြောသည်။
Mr. Harry Wang က “ မူလအစမှာတော့ ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းရဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့ အခြေခံအဆောက်အအုံပိုင်းဟာ BRI ရဲ့ရည်မှန်းချက်တွေနဲ့ ကိုက်ညီနေတဲ့အတွက် BRI နဲ့ဆက်စပ်မှုရှိစေရှိဖို့ ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။ ဒီနေရာမှာရှင်းပြချင်တာကတော့ ကျနော်တို့ရဲ့ ရွှေကုက္ကိုလ်စီမံကိန်းဟာ BRI နဲ့အခုဆိုရင် လုံးဝဆက်စပ်မှုမရှိတဲ့အပြင် တရုတ်အစိုးရရဲ့ထောက်ပံ့ပေးမှုလုံးဝမရှိပါဘူး” ဟု ဧရာဝတီသို့ပြောသည်။
ယင်းအပြင် တရုတ်မာဖီယားများနှင့် ဆက်စပ်မှုရှိကြောင်း စွပ်စွဲချက်များနှင့် ပတ်သက်၍လည်း ၎င်းက ငြင်းဆိုခဲ့ပြီး မည့်သည့်တရားမဝင်အသင်းအဖွဲ့သော်လည်းကောင်း၊ တဦးတယောက်နှင့်သော်လည်းကောင်း ပတ်သက်ခြင်းမရှိဘဲ မြန်မာအစိုးရချမှတ်ထားသည့် တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကရင်ပြည်နယ်အတွင်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် စီးပွားရေးလုပ်ငန်းတခုအဖြစ် ရပ်တည်သွားမည်ဖြစ်ကြောင်း ပြောသည်။
မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်(MIC) တွင် ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းသည် မြေ ၂၅.၅ ဧကပေါ်တွင် ရင်းနှီး မြ်ုပနှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၂.၅ သန်းဖြင့် အဆင့်မြင့်လုံးချင်းအိမ်ယာများ တည်ဆောက်ရန်အတွက်သာ တရားဝင်ခွင့်ပြုချက် ပေးထားသည့် စီမံကိန်းဖြစ်သည်။
ယင်းစီမံကိန်းတွင် အစုရှယ်ယာအဖြစ် ချစ်လင်းမြိုင်ကုမ္ပဏီမှ ဦးစောမင်းမင်းဦး ၂၀ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယား နိုင်ငံမှ Mr.Tang Kriang Kai က ၆၇.၈၈ ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံမှ Mr.Lim Jun Jie က ၈.၀၈ ရာခိုင်နှုန်းနှင့် Mr. Chow Tiam Yu က ၄.၀၄ ရာခိုင်းနှုန်း အသီးသီးထည့်ဝင်ထားကြောင်း ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗရက်ဆင်းက ဇူလိုင် ၁၅ ရက်နေ့က ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် ပြောခဲ့သည်။

လက်တွေ့မြေပြင်တွင်မူ စီမံကိန်းတည်ဆောက်မှုများသည် တရားဝင် ခွင့်ပြုပမာဏထက် ကျော်လွန်ဆောက်လုပ်မှုများ ရှိခဲ့ပြီး ယင်းသို့ကျော်လွန်ဆောက်လုပ်မှုများအား တရားဝင်ဖြစ်စေရေးအတွက် ဌာနဆိုင်ရာများနှင့် ပူးပေါင်း ဆောင်ရွက်ကာ ကြိုးပမ်းနေကြောင်း ချစ်လင်းမြိုင်ကုမ္ပဏီ ဒါရိုက်တာတဦးဖြစ်သည့် ဦးစောမင်းမင်းဦးက ဧရာဝတီသို့ပြောသည်။
ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ရွှေကုက္ကိုလ်စီမံကိန်းကဲ့သို့ပင် အခြားသောအဖွဲ့များက လုပ်ကိုင်ရန် စိုင်းပြင်နေသည်ကို သိရှိပြီး လက်နက်ကိုင်တပ်ဖွဲ့များဖြစ်နေသည့်အတွက် ထိန်းချုပ်ရခက်ခဲကြောင်း၊ စီမံကိန်းများနှင့်ပတ်သက်ပြီး လက်နက်ကိုင်အဖွဲ့အစည်းများမှလည်း နိုင်ငံ၏ တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများလိုက်နာရန် လိုအပ်ပြီး အစိုးရမှလည်း လမ်းဖွင့်ထားကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ယမန်နေ့ သတင်းရှင်းလင်းပွဲတွင်ပြောသည်။
ဦးဇော်ဌေးက “တရားမဝင် ဝင်ရောက်မှုနဲ့ပတ်သက်လို့ တရုတ်ဘက်ကလည်း ကျနော်တို့အစိုးရကို ပြောတာရှိပါတယ်၊ Criminal case တွေက သူတို့ကလည်း ဥပဒေနဲ့အညီပဲဆောင်ရွက်ဖို့ပေါ့နော်။ သူတို့မှာလည်း ဒီဟာတွေကို ကာဗာပေးဖို့ မရှိဘူး။ ဥပမာအားဖြင့် သူတို့နယ်မြေမှာ သူတို့လုပ်ချင်တိုင်းလုပ်လို့ရတယ် ဆိုသော်ငြားလည်း ဒီလိုမျိုးလုပ်ဟာတွေက စီးပွားရေးက responsible လည်း မဖြစ်ဘူး။ ပြောရရင် သဘာဝပတ်ဝန်းကျင်အရရော၊ လူမှု ရေးအရရော၊ ဒေသခံပြည်သူတွေ အရရော ဒါမျိုးတွေကျတော့ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာ နည်းတယ်။ အဲ့ဒီအ တွက်ခံစားရတာက အဲ့ဒီဒေသမှာ ရှိတဲ့ တိုင်းရင်းသားတွေပဲဖြစ်တယ်။ ဒါကိုတော့ နားလည်ဖို့လိုတယ်”ဟု ပြော သည်။

ရွှေကုက္ကိုလ်စီမံကိန်းနှင့် ပတ်သက်၍လည်း အစိုးရက စုံးစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းကာ ကွင်းဆင်းလေ့လာတွေ့ ရှိချက် အစီအရင်ခံစာအား သမ္မတထံသို့ ပေးပို့ထားပြီဖြစ်ပြီးကြောင်းနှင့် လက်နက်ကိုင်နယ်မြေများရှိ စီမံကိန်းများအား သတိကြီးကြီးထားကာ ဆောင်ရွက်နေရသည့် အနေအထားရှိကြောင်းလည်း ၎င်းကပြောခဲ့သည်။
မြန်မာ-ထိုင်းနယ်စပ်ဖြစ်သည့် မြဝတီမြို့နယ်တွင် နယ်ခြားစောင့်တပ်(BGF) ကဲ့သို့ပင် တရုတ်လုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ စီမံကိန်းလုပ်ဆောင်ရန် အခြားသော ဒေသအခြေစိုက် လက်နက်ကိုင်အဖွဲ့များကလည်း ကြိုးပမ်းမှုများရှိနေပြီး နိုင်ငံတော်အဆင့်စီမံကိန်းများနှင့် ဆက်စပ်မှုရှိသကဲ့သို့ ပြောဆိုများကြောင့် နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်ကြောင်းလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ NCA ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တချို့လည်း တရုတ်လုပ်ငန်းရှင်တွေနဲ့ ပေါင်းပြီး စီမံကိန်းလုပ်ဖို့ လက်မှတ်ထိုးတာတွေအပေါ်မှာ ဒါတွေနဲ့ ပတ်သက်လို့တော့ ကျနော်တို့ သဘောထား တော့ ထုတ်မပြောနိုင်သေးပါဘူး၊ ဘယ်လိုပဲပြောပြော ဒါတွေက OBOR စီမံကိန်းတွေနဲ့ ပတ်သက်တယ်လို့ အသံ တွေထွက်လာပြီးတော့ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေတယ်ဗျ။ နှစ်နိုင်ငံ နိုင်ငံတော်အဆင့် စီမံကိန်းတွေနဲ့ ပတ်သက်ပြီးတော့ ထင်ယောင်ထင်မှားဖြစ်စေနိုင်တယ်။ ဒါကြောင့်မလို့ တရုတ်သံအမတ်ကြီးကလည်း ပြောခဲ့တာ ဖြစ်ပါတယ်”ဟု ရှင်းပြသည်။
You may also like these stories:
တရုတ်ရာဇဝတ်ဂိုဏ်းများနှင့် မြန်မာလက်နက်ကိုင်များ လုပ်ဖော်ကိုင်ဘက်တွေ ဖြစ်လာနေသည်
ရွှေကုက္ကိုလ် မြို့သစ်စီမံကိန်း ဒုဝန်ကြီးအဖြေ မြေပြင်အခြေအနေနှင့် လွဲနေဟုဆို
တရုတ်ပစ်မှတ် ဖြစ်လာသည့် ကရင်လက်နက်ကိုင် လှုပ်ရှားနယ်မြေများ
နယ်ခြားစောင့်တပ်ဆိုတာ တရုတ် ကုမ္ပဏီတွေကို ကူဖို့ ဖွဲ့ထားတာ မဟုတ်ဘူး