ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားမှုကြောင့် မြန်မာ- ဂျပန် ၂ နိုင်ငံကြား ရပ်တန့်နေသော အလုပ်သမား စေလွှတ်မှုသည် လာမည့် စက်တင်ဘာလတွင် ပြန်လည် စတင်ရန် မျှော်လင့်နေကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီလုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။
ဂျပန်နိုင်ငံသို့ သွားရောက် အလုပ်လုပ်လိုသူများအတွက် အဓိက လိုအပ်သည့် အချက်အလက် ဖြစ်သော ဂျပန်နိုင်ငံသို့ လာရောက်ရန် အရည်အချင်းမှီကြောင်း ထောက်ခံချက်လက်မှတ် COE (certificate of eligibility) ရရှိထားပြီး ကိုဗစ် ကြောင့် စောင့်ဆိုင်းနေရသည့် အလုပ်သမားဦးရေသည် ၁၀၀၀ ကျော် ရှိသည့်အနက် COE အပြင် အလုပ်သမား စမတ်က တ် နှင့် ဗီဇာ အစရှိသော အချက်အလက်များ ပြည့်စုံပြီး သွားရန် အဆင်သင့် ဖြစ်နေသည့် မြန်မာလုပ်သား ၃၂၀ ခန့် ရှိ ကြောင်း မြန်မာနိုင်ငံပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင် အဖွဲ့ချုပ် MOEAF မှ သိရသည်။
MOEAF ဂျပန်နိုင်ငံဆိုင်ရာအဖွဲ့ခေါင်းဆောင် ဒေါ်အေးအေးညွှန့် (ခ) ဧပရယ် က “ဂျပန်ဘက်က ပါမစ်ကျတိုင်း ကျမတို့က ထွက်လို့မရဘူးလေ။ ကိုဗစ်ကြောင့် မြန်မာဘက်မှ လုပ်ရမယ့် လုပ်ငန်းစဉ်တွေက အကုန်ရပ်တာတွေ ဖြစ်သွားတော့ အဲဒါ တွေကို ပြန်စဖို့အတွက် အခု ကျမတို့ ပြန်ကြိုးစားနေကြတယ်” ဟု ရှင်းပြသည်။
ဆက်လက်ပြီး ၎င်းက လတ်တလော အခြေအနေများအရ လာမည့် စက်တင်ဘာတွင် ဂျပန်နိုင်ငံ နှင့် မြန်မာနိုင်ငံ အကြား ပျံသန်း ပြေးဆွဲမယ့် ကူညီကယ်ဆယ်ရေး လေယာဉ်ခရီးစဉ် (Relief Flight) နှစ်ခုတွင် ဂျပန်နိုင်ငံသို့ သွားရောက်အလုပ် လုပ်ကိုင်ရန် အချက်အလက်ပြည့်စုံနေပြီဖြစ်သော အလုပ်သမား ၃၀၀ ကျော်ထဲမှ တချို့ကို စေလွှတ်နိုင်ရန် မျှော်လင့် ကြောင်း ပြောသည်။
ထိုသူများထဲမှ အများစုသည် အလုပ်သင်အလုပ်သမားအဖြစ် သွားရောက်လုပ်ကိုင်ကြမည့်သူများဖြစ်သည်။
မြန်မာနိုင်ငံ နှင့် ဂျပန်နိုင်ငံတို့ အကြား အလုပ်သမားများ စေလွှတ်နိုင်ရေး အတွက် ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနတို့ကြား တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။
ဂျပန်နိုင်ငံသည် မြန်မာအလုပ်သမားများကို လက်ခံပေးရန် ဆန္ဒရှိသလို မြန်မာနိုင်ငံဘက်ကလည်း အလုပ်သမား စေလွှတ် မှုကို အမြန်ဆုံးလုပ်ဆောင်နိုင်ရန် ဆန္ဒရှိသော်လည်း ကမ္ဘာ့ကပ်ရောဂါ COVID-19 အခြေအနေကြောင့် တဆင့်ချင်း ဆွေးနွေး ညှိနှိုင်းနေရခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ လုပ်ငန်း လုပ်ကိုင်နေသော Mono Horizon ကုမ္ပဏီပိုင်ရှင် ဦးမျိုးသန့်က ဂျပန် နိုင်ငံ အလုပ်ရှင်များဘက်မှ မြန်မာလုပ်သားများအတွက် အလုပ်အာမခံချက် တခုခု ပေးနိုင်ပါက လုပ်သားစေလွှတ်မှုကို စတင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ဧရာဝတီ သို့ ပြောသည်။
ဦးမျိုးသန့်က “ အခုလောလောဆယ်က ဘာမှ သေချာပြောလို့ မရသေးတဲ့ အနေအထားပေါ့၊ အေဂျင်စီ တွေအားလုံး ကလည်း လုပ်နေကြတယ်။ အမြန်ဆုံးသွားနိုင်ရင်တော့ အကောင်းဆုံးပေါ့။ COE ကျထားတဲ့ ကလေးတွေကလည်း ဘယ်တော့ သွားရမှာလဲ၊ သွားရော သွားရပါ့မလားဆိုပြီး စိုးရိမ်နေကြတယ် ” ဟု ရှင်းပြသည်။
လတ်တလောတွင် မြန်မာနိုင်ငံ၏ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက ကိုဗစ် ကာလအတွင်း ကူညီကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါ၍ ပြည်ပထွက်ခွာလိုသူများအနက် အစိုးရ နှင့် စာချုပ်ချုပ် ဆိုပြီး ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်မည့် MoU အလုပ်သမားများကို ဒုတိယဦးစားပေးအဖြစ် ခွင့်ပြုပေးထားသည်။
ဂျပန်နိုင်ငံသည် ဒေသတွင်း နိုင်ငံတချို့ဖြစ်သော တရုတ်၊ ကိုရီးယား၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှား နိုင်ငံများ အပါအဝင် နိုင်ငံ နှင့် ဒေသပေါင်း ၁၂၉ ခုကို ပြည်ဝင်ခွင့်ပိတ်ထားသော်လည်း မြန်မာနိုင်ငံသားများကိုမူ အကန့်အသတ်တချို့ဖြင့် ပြည်ဝင် ခွင့်ပြုပေးထားသည်။
ဆက်စပ်လင့်
ကိုဗစ်-၁၉ ကြောင့် ဂျော်ဒန်တွင်သောင်တင်နေသော မြန်မာနိုင်ငံသားများကို ခေါ်ယူမည်
COVID-19 ဖြစ်လာတဲ့အခါ ကျန်းမာရေးအာမခံကို တော်တော်များများ စိတ်ဝင်စားလာတယ်
အာရှနိုင်ငံများနှင့် ကိုဗစ် ဒုတိယလှိုင်း အန္တရာယ်