မြန်မာနိုင်ငံက ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းပြည်ပကုမ္ပဏီများကို တင်ဒါခေါ်ယူသော နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းတင်ဒါများကို ကုမ္ပဏီပေါင်း ၅၂ ခုက ဝင်ရောက်ယှဉ်ပြိုင်ထားသည့်အနက် တရုတ်ကုမ္ပဏီ Sungrow က စီမံကိန်း ၂၀ ကျော်အထိ ဝင်ရောက်ယှဉ်ပြိုင်ထားကြောင်း သိရသည်။
လျှပ်စစ်ဓာတ်အား ၁၀၆၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည့် ဆိုလာပါဝါ စက်ရုံပေါင်း ၃၀ တည်ဆောက်ရန်အတွက် အစိုးရ၏ တင်ဒါ ခေါ်ယူမှုကို ကုမ္ပဏီပေါင်း ၅၂ ခုက စီမံကိန်း အဆိုပြုလျှောက်လွှာပေါင်း ၁၅၅ ခု အထိရှိရာ တရုတ် ကုမ္ပဏီများက အများစု ပါဝင်ပြီး ဂျပန်၊ စင်ကာပူ၊ ကိုရီးယား၊ ထိုင်း အိန္ဒိယ ကုမ္ပဏီများ နှင့် အနောက်နိုင်ငံများနှင့် ပြည်တွင်းကုမ္ပဏီများ ဖက်စပ် ပူးပေါင်း လုပ်ဆောင်ကြမည့် ကုမ္ပဏီများလည်း ပါဝင်ကြောင်း လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီး ဌာန၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း (EPGE) ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးက ဧရာဝတီ သို့ ပြောသည်။
၎င်းက “ တင်ဒါရွေးချယ်ရေး အစီအစဉ်ကတော့ ရှေ့လလယ်(သြဂုတ်) လောက်ဆိုရင် တင်ဒါအောင်မြင်မယ့် ကုမ္ပဏီတွေကို ကြေညာနိုင်လိမ့်မယ် ” ဟု ပြောပြသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် ထိုစီမံကိန်းများအတွက် ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့တွင် တင်ဒါစခေါ်ခဲ့ပြီး ဇူလိုင်လ ၁၇ ရက်နေ့အထိ နောက်ဆုံးထားခေါ်ယူခဲ့သည်။
ယခု တင်ဒါ ခေါ်ယူထားသော ဆိုလာပါဝါစက်ရုံတခုသည် အနည်းဆုံး လျှပ်စစ်မဂ္ဂါဝပ် ၃၀ မှ ၅၀ အထိ ထုတ်လုပ်မည် ဖြစ်ပြီး ဧရာဝတီတိုင်း တွင် ၄ ခု၊ ပဲခူးတိုင်းတွင် ၇ ခု၊ မကွေးတိုင်းတွင် ၆ခု၊ မန္တလေးတွင် ၅ ခု၊ စစ်ကိုင်းတိုင်းတွင် ၄ ခု၊ နေပြည်တော် တွင် ၃ ခု နှင့် ရန်ကုန်တိုင်းတွင် ၁ ခု တည်ဆောက်သွားမည် ဖြစ်သည်။
အဆိုပါ စီမံကိန်း ၁ ခုစီ အတွက် အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း ၂၀ မှ သန်း ၃၀ အထိ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရ မည်ဖြစ်သည်။ တင်ဒါအောင်မြင်ပြီးပါက ၆ လအတွင်း လုပ်ငန်းအကောင်အထည်ဖော်ရမည် ဖြစ်ပြီး ထိုစီမံကိန်း များကို ဝန်ကြီးဌာနက လာမည့် ၂၀၂၀-၂၁ နွေရာသီတွင် လိုအပ်လာနိုင်မည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်း နိုင်ရန် ရည်ရွယ်ထားသည်။
မကွေးတိုင်းဒေသကြီးတွင် အကောင်အထည်ဖော်မည့် စီမံကိန်း တချို့ကို တင်ဒါဝင်ရောက်ယှဉ်ပြိုင်ထားသော ကုမ္ပဏီမှ ဒါရိုက်တာ ၁ ဦးက
“ ဒါကတော့ လျှပ်စစ်ကဏ္ဍမှာ EPGE ရဲ့ အောင်မြင်မှု တခုလို့ ပဲ ဆိုရမယ်။ အခုလို ကိုဗစ်ကာလထဲမှာ ဒီစီမံကိန်းတွေက အလုပ်အကိုင် အခွင့်အလမ်းရော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာမှာဖြစ်တဲ့အတွက် တိုင်းပြည်အတွက် အများကြီး အကျိုးရှိမယ့် ကိစ္စပါ ”
ဟု ပြောသည်။
သို့သော်လည်း တရုတ်ကုမ္ပဏီတချို့က နေရာအများအပြားကို ကုမ္ပဏီတခုတည်းက ဝင်ရောက်ယှဉ်ပြိုင်မှုများကို ဝန်ကြီး ဌာန အနေဖြင့် သတိထားသင့်ပြီး ထိုကုမ္ပဏီများကသာ စီမံကိန်း များစွာ ရရှိသွားပါက အမှန်တကယ် လုပ်ကိုင်နိုင်သည့် ကုမ္ပဏီများအတွက် အခွင့်အရေးဆုံးရှုံးသွားမည် ဖြစ်ပြီး နိုင်ငံအတွက်လည်း အရည်အသွေးပြည့်မီသည့် စီမံကိန်းများ မဖြစ်မည်ကို စိုးရိမ်စရာရှိကြောင်း ၎င်းက မှတ်ချက်ပြုသည်။
မြန်မာနိုင်ငံ၏ လက်ရှိ စွမ်းအင် ထုတ်လုပ်မှုတွင် ရေအားလျှပ်စစ်မှ ၃၈ ရာခိုင်နှုန်း၊ ဓာတ်ငွေ့သုံးလျှပ်စစ်မှ ၂၀ ရာခိုင်နှုန်း၊ ကျန်သည့် ၉ ရာခိုင်နှုန်းမှာ နေရောင်ခြည်နှင့် ကျောက်မီးသွေးမှ ၁ ရာခိုင်နှုန်း ထုတ်လုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ နိုင်ငံ၏ လျှပ်စစ် သုံးစွဲမှုနှုန်း ခန့်မှန်းချက် အရ ၂၀၂၀- ၂၀၂၁ ခုနှစ်တွင် မဂ္ဂါဝပ် ၆၀၀၀ ခန့် လိုအပ်မည် ဖြစ်ကာ ယခင်ကတည်းက ပုံမှန်ထုတ်လုပ်နေသော စီမံကိန်းများသည် ၃၀၀၀ မဂ္ဂါဝပ်သာရှိနေခြင်းကြောင့် ရေတိုအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်သည့် LNG to Power ၅နှစ် စီမံကိန်းများနှင့် နေရောင်ခြည်စွမ်း အင်သုံး ဆိုလာပါဝါ စီမံကိန်းများကို အကောင်အထည်ဖော်လာခြင်းလည်း ဖြစ်သည်။
လတ်တလော၌ နိုင်ငံရှိ အိမ်ထောင်စုပေါင်း ၁၀ သန်းကျော် ရှိသည့် အနက် ၄ သန်းကျော်ကို ဓာတ်အား ဖြန့်ဖြူး ပေးနေရသဖြင့် ရာခိုင်နှုန်းအရ တွက်ချက်ပါက ၃၈ ဒသမ ၅ ရာခိုင်နှုန်းသာ လျှပ်စစ်မီး ရရှိနေခြင်း ဖြစ်ပြီး နှစ်စဉ် လျှပ်စစ် လိုအပ်ချက်မှာ ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လျက် ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
ဆိုလာပါဝါစီမံကိန်း တင်ဒါသတ်မှတ်ချိန် နည်း၍ ရင်းနှီးမြှုပ်နှံလိုသူများ အခက်တွေ့