ကုန်ထုတ်စွမ်းအား၊ ရင်းနှီးမြုပ်နံမှု၊ ဘဏ္ဍာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ဖြစ်ပေါ်လာစေရန် စီးပွားရေး အသွင်ကူးပြောင်းရေးကို အထောက်အကူ ဖြစ်စေသည့် မူဝါဒများ ပြန်လည်ရေးဆွဲရန် လိုအပ်နေသည်ဟု မြန်မာနိုင်ငံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဆိုင်ရာ စစ်တမ်း ၂၀၁၉ အစီရင်ခံစာတွင် ဖော်ပြထား သည်။
အဆိုပါ အစီရင်ခံစာကို စီမံကိန်း ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ ဗဟို စာရင်းအင်း အဖွဲ့နှင့် ကုလသမဂ္ဂ အပြည်ပြည် ဆိုင်ရာ စီးပွားရေး သုတေသနအဖွဲ့တို့ က ပူးပေါင်း၍ ဒိန်းမတ်သံရုံးက ယနေ့ ဇူလိုင် ၂၇ ရက်နေ့တွင် ထုတ်ပြန်ခြင်း ဖြစ် သည်။
ယခုထုတ်ပြန်သည့် အစီရင်ခံစာသည် ၂၀၁၇ ခုနှစ်နှင့် ၂၀၁၉ ခုနှစ် များတွင် လေ့လာခဲ့သည့် စစ်တမ်း ၂ ခုစလုံးတွင် ပါရှိသော လုပ်ငန်း ၂၂၀၀ ကျော်ကို ကောက်ယူ တွေ့ရှိထားသည့် အချက်အလက်များကို အခြေခံထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ ဆိုင်ရာ ဒိန်းမတ် သံအမတ်ကြီး မစ္စတာဂျွန်နေလ်ဆင်က “မြန်မာ့ရဲ့ စီးပွားရေး စနစ် အသွင် ကူးပြောင်းတဲ့ နေရာမှာ အလားအလာကြီးမားတဲ့ ပုဂ္ဂလိက ထုတ်လုပ်မှု ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးက အဓိက ပါဝင်ပါတယ်။ ဒီလို အနာ ဂတ်မှာ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ အတွက် မူဝါဒတွေနဲ့ စီးပွားရေး ဝန်းကျင်အပေါ်မှာ အများကြီး မူတည် ပါတယ်”ဟု ယင်းအစီရင်ခံစာတွင် ပြောကြားထားသည်။
အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ ထုတ်လုပ်မှု ကဏ္ဍက ၂၀၁၇ ခုနှစ်ထက် ၂၀၁၉ ခုနှစ်တွင် ပိုမို ထုတ်လုပ်နိုင်စွမ်း ရှိခြင်း၊ အကြီးစား လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု တိုးတက်လာခြင်းနှင့် အချိန်ပြည့် အလုပ်သမား ခန့်ထားမှု တိုးတက်လာခြင်းများ တွေ့ရသည်ဟုလည်း ၎င်းက သုံးသပ်သည်။
ယင်းအပြင် အသေးစားလုပ်ငန်းများသည် ကုန်ကြမ်းရယူမှုနှင့် ရောင်းချမှုတို့တွင် ပြည်တွင်း၌သာ ဆောင်ရွက်မှုမြင့်မား သော်လည်း အလတ်စားနှင့် အကြီးစား လုပ်ငန်းများသည် ကူးသန်းရောင်းဝယ်မှုများ ပြုလုပ်ရာတွင် နိုင်ငံနယ်နိမိတ်ကို ကျော်လွန် ဆောင်ရွက်နိုင်ခြင်း တို့ကြောင့် နိုင်ငံတကာနှင့် ဆက်သွယ် ဆောင်ရွက်ရာတွင် အမြင်ကျယ်လာကြောင်း တွေ့ရှိ ရသည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ကြောင့် ထုတ်လုပ်နိုင်စွမ်းရှိသော စက်မှု လုပ်ငန်းသည် အလုပ်အကိုင်များ ဖန်တီးပေးနိုင်ပြီး တကမ္ဘာလုံးနှင့် ချိတ်ဆက် ၍ ကုန်သွယ်မှု အခွင့်အလမ်းများကို တိုးတက်စေခြင်းက ဆင်းရဲနွမ်းပါးမှုကို လျှော့ချ ပေးနိုင်၍ ဖွံ့ဖြိုး တိုးတက်မှုကို ဖြစ်ပေါ် စေနိုင်သောကြောင့် စီးပွားရေး အသွင်ကူးပြောင်းမှုကို အထောက်အကူဖြစ်စေသည့် မူဝါဒများ ပြန်လည် ရေးဆွဲရန် လိုအပ် နေသည်ဟု ထောက်ပြထားသည်။
စစ်တမ်းတွေ့ရှိချက်အရ ကုန်ထုတ်လုပ်မှု ကဏ္ဍရှိ အလုပ်သမားများ၏ အလုပ်အကိုင် မတည်မငြိမ် နှင့် စိတ်ချရမှု မရှိ ခြင်းကို ညွှန်ပြနေသော်လည်း တဖက်တွင် အလုပ်သမား ဈေးကွက်သည် ပြောင်းလွယ် ပြင်လွယ်ရှိပြီး စရိတ်နည်းနည်းနှင့် အလုပ်ရှာဖွေနိုင်သည်ဟု ယူဆနိုင်ကြောင်းလည်း သိရသည်။
စီမံကိန်း ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်က “ကျနော်တို့ အဖွဲ့ အနေနဲ့ မြန်မာနိုင်ငံမှာ အထောက်အထား အခြေပြုတဲ့ မူဝါဒများ ချနိုင်ဖို့နဲ့ စီမံကိန်းတွေ အကောင်အထည်ဖော် ဆောင် ရွက်ဖို့ အတွက် လိုအပ်တဲ့ ကိန်းဂဏန်း အချက်အလက်နဲ့ စာရင်းတွေ ထောက်ပံ့ပေးနိုင်ဖို့ ထုတ်တာ ဖြစ်တယ်”ဟု ပြောကြားသည်။
မြန်မာနိုင်ငံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဆိုင်ရာ စစ်တမ်း ၂၀၁၉ အစီရင်ခံစာသည် မြန်မာနိုင်ငံ၏ စီးပွားရေး မူဝါဒများ ချမှတ်ရာတွင် ကောင်းမွန်သောအရည်အသွေးများ တိုးတက်လာစေရန် အတွက် ထိရောက်သော အထောက်အပံ့ တခု မျှော်လင့်ကြောင်းလည်း ၎င်းက ဆိုသည်။
အစီရင်ခံစာထုတ်ပြန်နိုင်ရန်အတွက် ဒိန်းမတ်နိုင်ငံ အစိုးရက ငွေကြေးထောက်ပံ့ထားပြီး ကိုပင်ဟေဂင် တက္ကသိုလ်မှ စီးပွားရေး ဖွံ့ဖြိုးမှု သုတေသန အဖွဲ့နှင့် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ စီးပွားရေး ဖွံ့ဖြိုးမှု အဖွဲ့တို့မှ နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ပေးကာ စီမံကိန်း ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန၏ ဗဟိုစာရင်းအင်းအဖွဲ့က ဦးစီးဆောင်ရွက်ခြင်း ဖြစ်သည်။
You may also like these stories:
အာရှရဲ့ မီးဖိုချောင်ဖြစ်ဖို့ မြန်မာအတွက် အချိန်ရောက်နေပြီလား
ကာလတွင် ခေတ်မီ စိုက်ပျိုးရေးစနစ်ဖြင့် လုပ်ဆောင်သင့် ဟုဆို
အသေးစား၊ အလတ်စားလုပ်ငန်းများအတွက် ကျပ် ၆၄ ဘီလီယံ ထုတ်ချေးမည်